မောင့်နွယ်သာကီ
အပိုင်း(၃၀)
အချိန်တွေတရိပ်ရိပ်ကျော်လွန်လာလိုက်တာ..သမီးတောင် ခြောက်လဟူသော အချိန်တစ်ခုကိုရောက်လာပြီ..။ ခြောက်လမှာ သွားငုတ်တုတ် လူငုတ်တုတ်ဆိုတော့ သမီးကလည်း ထိုသို့ ငုတ်တုတ်ထိုင်နိုင်သည့် အရွယ်ကိုရောက်လာသည်။
ဒီနေ့ ဒီလှိုင်းတို့တစ်မိသားစုလုံး မြန်မာကိုပြန်ပြီး အခြေချမည်ဖြစ်သည်မို့ လွန်ခဲ့တဲ့တစ်ပတ်လောက်ကထဲက ရန်ကုန်ကအိမ်ကို မိသားစုနွေးနွေးထွေးထွေးဖြစ်စေမည့် အပ်ြုအဆင်မျိုးပြင်ဆင်ထား၏။
သမီး(၅)လထဲက ဒီလှိုင်းက မိုးကုတ်ဘက်ကအလုပ်တွေကိုပြန်စပြီး နယ်တချို့မှာ အခမဲ့ဆေးကုခန်းတွေဖွင့်လှစ်ကာ ဝမ်းစာနဲ့အလှူအတန်းကို တန်းတူလုပ်၏။ ရစ်ကြိုးနွယ်မှာလဲ တစ်လတွင် တစ်ခါ ဒီလှိုင်းခက်ထန်ကိုယ်တိုင် ဒီဇိုင်းရေးဆွဲသည့် ပစ္စည်းများကိုရောင်းချပေးတတ်၏။ သမီးနဲ့သားရဲ့ကံနှင့် သူတို့နှစ်ယောက်၏ကံက ဆက်စပ်နေသည်ထင်ရဲ့ ဘာလုပ်လုပ်အောင်မြင်ကာ အမြတ်ငွေတော်တော်ကျန်၍ အလှူဒါနပိုပြုလို့ရ၏။
သူတို့မိသားစုတွင် လေးယောက်ပေါင်းမှ ဗုဒ္ဓဟူးနှင့်စနေနေ့နံနှစ်ခုထဲရှိ၏။ သားနဲ့ဒီလှိုင်းက ဗုဒ္ဓဟူးဖြစ်ပြီး သမီးနဲ့နွယ်က စနေတွေဖြစ်၏။
ဪ..သမီးလေးရဲ့ နာမည်က နှောင်းတိမ်ပြေရောင်..။
သမီးက ဒီလှိုင်းတို့အိပ်မက်ထဲကနဲ့တစ်ပုံစံထဲ..။ နွယ့်ပုံတူလေးလို့ပြောရမယ်..။ အပြုံးချိုချိုလေးတွေပါပါရဲ့နဲ့ ပြုံးခဲတာကတော့ ဒီလှိုင်းနဲ့အကျင့်စရိုက်တူနေ၏။ စနေသမီးပီပီ ဒေါသအကြီးအကျယ်ထွက်တတ်တာက ဘယ်သူနဲ့ကို တူမှန်းမသိ..။
သူအလိုမကျရင် သားလို အာပြဲကြီးနဲ့မငိုဘဲ အံကိုကြိတ် လက်သီးတွေဆုပ်ကာ ဒေါသထွက်တတ်တာမျိုး..။
အခုလည်း ဒီလှိုင်းတို့ ပြင်ဆင်နေသမျှကို သူ့အစ်ကို ဘေးနားကနေထိုင်ကြည့်နေတာများ မျက်တောင်မခတ်..။
“ ငယ်ငယ် ကိုကို့ကိုကြည့် ဘေဘီရှက် ဒူ ဒူ ဘေဘီရှက်ဒူ ဒူ ဘေဘီ့ရှက်…မာမီ…”
အရှေ့ကနေ အစ်ကိုလုပ်သူ ကပြတာကို မပြုံးမရယ်နဲ့ စိုက်ကြည့်နေပြီး မျက်နှာလွှဲသွား၏။
“ အူးဝါး ဒယ်ဒီ ငယ်ငယ်က သားကိုမကြည့်ဘူး အူးဝါး “
ညီမလုပ်သူ မျက်နှာလွှဲသွားတာနဲ့ (၂)နှစ်နဲ့ (၇)လသားက အော်ငိုပါလေရော..။
သားနဲ့သမီးရဲ့ စစ်စတင်တော့မည်ဖြစ်၍ ဒီလှိုင်းနှင့် နွယ် လုပ်လက်စများချပြီး မောင်နှမနှစ်ယောက်ထိုင်နေသည့် အခင်းဆီ ချက်ချင်းသွားရသည်။
“ သားသား မငိုရဘူးလေကွာ တိတ် တိတ်..ငယ်ငယ်က အိပ်ချင်နေလို့နေမှာပါကွာ “
ဒီလှိုင်း သားကိုပေါင်ပေါ်တင်ကာ ဝင်ထိုင်လိုက်သလို နွယ်ကလည်း သမီးကို ပေါင်ပေါ်တင်ကာ ဝင်ထိုင်လိုက်၏။ သားက ငိုထားရလို့ မျက်နှာကြီးနီနေပြီး သမီးကတော့ သူ့အစ်ကိုငိုတာကိုကြည့်ကာ စူပုတ်ပုတ်နှင့်..။
“ ဟင့်..သားက..အင့် သားက ငယ်ငယ်ပျော်အောင်လို့ ကပြနေတာကို..ငယ်ငယ်က တမင်မျက်နှာလွှဲသွားတာ..အင့်”
ဒီလှိုင်းရဲ့လည်ပင်းကို အတင်းဖက်ကာ တော်တော်ဝမ်းနည်းသွားပုံရသည့် သားက တရှုံ့ရှုံ့နှင့်ငိုနေလေသည်။ နွယ် သားငိုနေတော့ ရင်ထဲမှာမကောင်းသော်လည်း စူပုတ်ပုတ်ဖြစ်နေသည့် သမီးကိုလည်းမဆူရက်..။
နွယ် သားကိုကြည့်လိုက် မောင့်ကိုကြည့်လိုက် သမီးကိုကြည့်လိုက်နှင့် အလည်မှာဗြာများနေ၏။ ဤမိသားစုမှာ နွယ်ကလွဲလို့ အကုန်လုံးစိတ်ကလက်တစ်ဆစ်တွေ..။
ခဏအကြာတော့ နွယ့်ဘောင်းဘီတွေစိုလာသည်။ နွယ် သမီးကိုငုံ့ကြည့်လိုက်တော့ သမီးက ငိုချင်နေသည့် မျက်နှာနှင့် ရှုံ့မဲ့လို့..။
သေချာပြီ သမီး သေးတွေပေါက်ချလိုက်ပြီ..။
ပေါက်ပြီးသွားမှတော့ ပြီးတဲ့အထိစောင့်လိုက်သည်။ မကြာလိုက် သမီးရဲ့ ငိုသံကြားရလေသည်။ သမီးက ဘောင်းဘီတွေရေစိုသွားရင်မနေတတ်ဘဲ အော်ငိုလေ့ရှိ၏။ ခဏနေ လေဆိပ်သွားရတော့မှာမို့ သမီးကို နွယ်တို့သိမ်းပြီးမှ ဒိုက်ဘာဝတ်ပေးမယ်ဆိုပြီး ဒီအတိုင်း ဘောင်းဘီတစ်ထပ်ထဲနှင့် ထားထားတာဖြစ်သည်။
“ မောင်ရေ မောင့်သမီးတော့ ရှူရှူးတွေပေါက်ချလိုက်ပြီ နွယ့်ကို ဒိုက်ဘာအိပ်လေးယူပေးပါအုံး”
နွယ် သမီးဘောင်းဘီကိုချွတ်ကာ ဂွမ်းစကိုရေစွတ်ပြီး ရေဆေးပေးပြီးနောက် ဒိုက်ဘာတစ်ထပ် ဘောင်းဘီတစ်ထပ်ကိုဝတ်ပေးလိုက်သည်။ သမီးက ထိုအထိ အငိုမတိတ်သေး ပါးစပ်ထဲကို နို့ဘူးထည့်ပေးလိုက်မှ အငိုတိတ်သွား၏။
“ သားသားတွေ့လား ငယ်ငယ်က ရှူရှူးပေါက်ချင်နေလို့ မရယ်တာပါ..။ ဟော ရယ်လိုက်တော့ အခုလိုရှူရှူးတွေထွက်ကျကုန်မှာပေါ့ “
ဒီလှိုင်း သားကို အခင်းပေါ်ချကာ ကလိထိုးပြီး စိတ်ပြန်ကြည်အောင် စ တော့ သားက တခိခိနဲ့ သဘောတကျ..။ ထို့နောက် သားသားက သမီးနားကို လာထိုင်ကာ စ နောက်လာ၏။
“ ကိုကို့ငယ်ငယ်လေးက ရှူရှူးပေါက်ချင်နေမှန်း ကိုကိုမှမသိတာ..ကိုကိုက ကိုကို့ကိုမချစ်တော့ဘူးထင်နေတာ..”
“ ပလွတ် အင့်..”
သမီးက နို့ဘူးကို ပါးစပ်ထဲကထုတ်ကာ သားဘက်ကိုကမ်းပေးလာ၏။ သဘောကတော့ တစ်ယောက်တစ်လှည့်ပေါ့။ သားသားက ဆိတ်နို့နဲ့ကြီးပြင်းခဲ့ရသူမို့ ယခုတိုင် ဆိတ်နို့ကြိုက်တုန်းဖြစ်၍ သမီးအတွက်ကြိုရင် ပိုကြိုရ၏။ သားသားကိုတော့ နို့ဖျက်ပြီး၍ အချိန်တိုင်းမတိုက်ဘဲ ညဘက်တွေပဲတိုက်၏။
ဒါကိုသမီးက သိသည့်အလား စစ်ပွဲကို ဆိတ်နို့နှင့် ပြေလည်ရာပြေလည်ကြောင်းယူ၏။
“ ကိုကိုက ကလေးလေးမှမဟုတ်တော့တာ သောက်တော့ဘူး ငယ်ငယ်ပဲ အားရှိအောင် သောက်..ပြီးရင် ကိုကိုနဲ့အတူ ရန်လိုက်ဖြစ်ပေးနော် ဟီးဟီး “
သမီးကလည်း နားလည်သည့်အလားပြုံးပြကာ နို့ဘူးကိုဆက်သောက်၏။ နွယ်တို့သားအဖသုံးယောက် ပြေလည်ရာပြေလည်ကြောင်းယူနေစဉ် မောင်က အပေါ်ကနေ luggageတွေချလာ၏။
မောင်နဲ့အတူ မောင့်လူယုံလေးယောက်လည်း ပါ၏။
အားလုံးအဆင်သင့်ဖြစ်တော့ မောင်က သားသားကို စွေ့ခနဲ မ ချီကာ သမီးကို နွယ်က ချီလျက် လေဆိပ်သို့ထွက်ခဲ့ကြ၏။ ကိုယ်ပိုင်လေယာဉ်ရှိသော်လည်း သားသားနဲ့ သမီးရဲ့ ပထမဆုံး လေကြောင်းခရီးစဉ်ကို အများနည်းတူဖြတ်သန်းမည်ဖြစ်၏။
ကိုယ်ပိုင်လေယာဉ်က ကိုလွမ်စေးပိုင်တာဖြစ်ပြီး ဒီလှိုင်းတို့ပိုင်တာမဟုတ် ကိုယ်မပိုင်တဲ့အရာကြီးကို ကလေးတွေစွဲလမ်းသွားမှာ မကြိုက်..။ ကလေးတွေ အများနဲ့ လိုက်လျောညီစွာ နေတတ်ဖို့ကိုလည်း ပထမဆုံး ခရီးစဉ်ကနေ သင်ယူခိုင်းမည်ဖြစ်၏။
လေယာဉ်ပေါ်မှာကျ VIP classက ခုံတွေကိုယူ၏။ လူတွေသိပ်များရင် ကလေးတွေအသက်ရှူကြပ်ပြီး အနေအစားမချောင်မှာရယ်..ကိုယ့်ကြောင့်သူတစ်ပါး အနှောက်အယှက်အကြီးအကျယ်ရမှာ ဆိုတာရယ်ကြောင့်ဖြစ်၏။
ခုံကို ဘေးခုံမယူဘဲ အလည်ခုံမှာ ထိုင်ကြ၏။ ဘေးခုံယူလိုက်လို့ သားသားနဲ့ မီးမီး အပြင်ကိုကြည့်မိရင် မူးတာတို့ အမြင့်ကြောက်တာတို့ ဖြစ်သွားနိုင်၏။
ဤသို့နှင့် သမီးရတနာနှင့် သားဘုရင်ငယ်ကို ပွေ့ပိုက်ကာ အချစ်တို့ ပေါက်ဖွားရာ နယ်မြေ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အခြေချခဲ့လေသည်။
“ Head and shoulder, knees and toes…knees and toes..eyes,ears,nose and mouth “
(၄)နှစ်ကျော်နေပြီဖြစ်တဲ့ သားက မူကြိုက သင်ပေးသမျှ သီချင်းသံစဉ်နှင့် ကဗျာလေးကို အမူအရာလေးဖြင့် အိမ်ပြန်ကားပေါ်၌ ရေရွတ်နေ၏။ ဒီကဗျာလေးက သားအကြိုက်ဆုံးဖြစ်ပြီး ကျောင်းသွားပို့လည်း လမ်းတစ်လျှောက် ရေရွတ်သလို ကျောင်းပြန်ရင်လည်း ရေရွတ်တတ်၏။
ကြာလာတော့ (၂)နှစ်ကျော်အရွယ် သမီးကပါ ကဗျာကိုနားယဥ်လာသည်။ နွယ် သမီးရဲ့ လက်တွေကို ကိုင်ကာ အနောက်ခန်းက သားကိုလှည့်ကြည့်ပြီး လက်ခုပ်တီးလျက်အားပေးနေလေသည်။ သမီးက အရယ်အပြုံးနည်းသလို ကြားပြီးသားကဗျာတွေ ဆက်တိုက်ကြားလာရရင် မပြုံးကိုမပြုံးတော့ချေ။
“ မမ ကိုကိုဆိုပြတာကို ဘာလို့စိတ်ဝင်တစားနားမထောင်တာလဲ “
“ တိုတိုကလည်း မမ နားထောင်နေယယ်ယေ “
“ မမနားထောင်နေရင် ကိုကိုဘာဆိုသွားသလဲ လိုက်ဆိုပြ “
ဟုတ်ပါတယ်။ သမီးစ စကားပြောထဲက သူ့ကိုယ်သူ နှောင်းတိမ်ပြေရောင်ဆိုတဲ့ နာမည်ထဲက တစ်လုံးမှကိုအဖျားစွတ်မပြောဘဲ ‘မမ’ဟူ၍ ပြောတတ်၏။ မိဘတွေကိုတောင်မှ မမဆိုပြီး နှုတ်ကျိုးနေတာဖြစ်၏။
“ Head and shoulder knees and toes..
Eyes,ears,nose and mouth…”
သားက သံစဉ်လိုဆိုသွားသလောက် သမီးက စာဖတ်သလို တစ်လုံးချင်းပြော၏။ သမီးက (၂)နှစ်ကျော်ကျော်လေးရှိပေမယ့် အသက်သိပ်မကွာလှတဲ့ အစ်ကိုနဲ့ နေရ၍ အင်္ဂလိပ်စာလုံးအကုန်ရသလို အိမ်မှာနွယ်နဲ့ မောင်ရဲ့သင်ပြပေးမှုကြောင့် တော်တော်များများ စာလုံးတွေကို စာလုံးပေါင်းမရသေးရင်တောင် အသံထွက်နဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းကြီးသိ၏။
“ ဟာ..မမကကွာ ညစ်ပြီ..ကိုကိုဆိုပြတာ ကဗျာကိုမှ သံစဉ်နဲ့လေ…”
“ မမကမှ တိုတို့ရို အတံမကောင်းတာ..မချိုချင်ပါဝူး..ပြီးကျော့ တီချင်းတေက မမကို နားညီးစေယယ် “
ဤအချက်က မောင်နဲ့သိပ်တူလွန်းတာဖြစ်၏။ သီချင်းဆိုလျှင် နားညီးလို့ အာရုံစိုက်ပြီးဘယ်တော့မှ နားမထောင်..။ အဲ့တာကြောင့်လဲ စာသားဆို တစ်ပုဒ်တစ်ကြောင်းတောင်မသိ…။
ပြောသေးတာ နွယ်ဆိုပြရင်တော့ အကုန်လုံးရတဲ့အထိကို သေချာနားထောင်ပေးပါ့မယ်တဲ့..။
အလကား ပြီးရင် သူအိပ်ပျော်တာ..။
နွယ်သီချင်းဆိုသိပ်ရင် သားအဖသုံးယောက်လုံး တခေါခေါနှင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်တတ်၏။
“ တော်ပြီ တော်ပြီ သားသားရော ငယ်ငယ်ရောတော်တော့ အိမ်ရောက်ခါနီးပြီ အိမ်ကျရင် ဖေဖေ စတော်ဘယ်ရီဖျော်တိုက်မယ် “
“ ဖေ့ ငယ်ငယ်ဟုတ်ဝူးချို မမယို့ မမ “
“ ဟုတ်ပါပြီ မမရယ် ကျွန်တော်မှားပါတယ်”
နွယ် ရင်ခွင်ထဲက သမီးရဲ မေးစေ့ကလေးကို လှုပ်ကာ သဘောတကျပြုံးနေ၏။
“ ချစ်ဖို့ ကောင်းလိုက်တာ နွယ်ရယ်..မောင်ဖြင့် မင်းအဲ့လိုလေးပြုံးလိုက်ရင် သဘောကျနေရော..”
ကားမောင်းနေသည့် မောင်က ထ ဖောက်၍ နွယ် မျက်စောင်းလေးထိုးလိုက်ရသေး၏။
“ မောင်က ပိုကိုပိုတယ် “
“ မပိုပါဘူးဗျာ အတည်ပြောတာ မင်းအပြုံးတွေကိုလေ မောင်သာပန်းချီဆွဲတတ်ရင် မောင့်ပန်းချီကား ချပ်တိုင်းမှာ ထည့်ဆွဲဖြစ်မှာ..အဲ့ကျ မောင့်ပန်းချီကို ဝယ်ချင်တဲ့သူတွေများခဲ့ရင်တောင် မောင်ရောင်းမှာမဟုတ်ဘူး။မင်းရဲ့ အပြုံးတွေက သိပ်ကို ဂန္တဝင်ဆန်လွန်းလို့…ခက်တာက မောင်က ဆယ်တန်းတုန်းက ယုန်ပုံကိုတောင် ကြွက်ဖြစ်အောင်ဆွဲခဲ့တာကွ ဟား..ဟား”
နွယ်လည်း ထပ်တူ လိုက်ရယ်မိပါ၏။ နွယ့်အမျိုးသားက အနုပညာဆို ဘာမှဝါသနာမပါသလို တတ်လည်း မတတ်..။
မောင်တတ်တဲ့ အနုပညာက ချစ်တတ်ခြင်းအနုပညာပဲရှိလိမ့်မယ် ထင်တယ်။ မောင်တတ်မြောက်တဲ့ အနုပညာကိုလည်း လူတိုင်း မတတ်မြောက်နိုင်..။
သိပ်ကို ဂုဏ်ယူရတဲ့ မောင်..
သမီးနဲ့သားရဲ့ အားအကိုးရဆုံး ဒယ်ဒီ..
နွယ့်ရဲ့ မှီခိုလို့အရဆုံးသော ခင်ပွန်း..
လူယုံတွေရဲ့ ဖြောင့်မတ်တဲ့ ဆရာ..
ဦးသူစားရေးဆိုသည့် စီးပွားရေးစနစ်မှာ ရှင်သန်လိုစိတ်မရှိသူသာ မောင့်ကိုထိပါးရဲမည်။ ထိုလောက်အထိ မောင့်ဂုဏ်သတင်းက ကျောက်လောကမှာ BBrownအမည်နဲ့ ကျော်ကြားသလို.. အဆင့်မြင့် အထူးကုဆေးရုံများစွာပိုင်ကာ ဆေးရုံတွေကရတဲ့ အမြတ်အစွန်းတွေကို မိဘမဲ့ဂေဟာ၊ဘိုးဘွားရိပ်သာတွေမှာ လှူဒါန်းသည့် သူဌေးကြီး ဦးဒီလှိုင်းခက်ထန်အဖြစ်လည်း ထင်ရှား ကျော်ကြား၏။
မောင်က အလုပ်မှန်သမျှ အိမ်မှာပဲလုပ်ပြီး မိသားစုအနားမှာ အမြဲရှိတတ်၏။ မိသားစုကို အမြဲနွေးထွေးအောင်ထားတတ်သည့် လူတစ်ဦးဖြစ်ပြီး မိသားစုအတွက်ဆို အပြုံးတွေ ပေါပေါသီသီပေးတတ်သလို အနစ်နာလည်းခံတတ်၏။
သားနဲ့သမီးရဲ့ လက်ဦးဆရာတစ်ဆူလည်းဖြစ်၏။
“ မီးမီး ဒယ်ဒီပြောစရာရှိလို့ ဒယ်ဒီ့ဆီလာပါအုံး”
ဒီလှိုင်း အလုပ်လုပ်ပြီးတော့ ဆိုဖာပေါ်ကနေ မထသေးဘဲ မလှမ်းမကမ်းအှာရှိနေသည့် သမီးကိုလှမ်းခေါ်လိုက်၏။ သမီးက မီးမီးလို့ခေါ်လျှင်လည်း မကြိုက်ချေ။ လှုပ်စိ လှုပ်စိနဲ့ ဆိုဖာနားကိုရောက်လာတော့ ဒီလှိုင်း ကောက် မ လိုက်ကာ သမီးရဲ့ ပါးပြင်နှစ်ဖက်ကို မွှေးကြူ၏။
“ အာ ဒယ်ဒီ့အားဆေးလေးကွာ ရွှတ် ရွှတ် “
သမီးက တခိခိရယ်ကာ ဒီလှိုင်းကိုယ်ပေါ်မှာရုန်းလေ၏။
“ မီးမီးကို ဒယ်ဒီကပြောစရာရှိလို့..”
သမီးက ငြိမ်သွားကာ ဒီလှိုင်းကိုကြည့်လာ၏။ သဘောက ပြောလို့ရပါပြီပေါ့..။
“ မီးမီးက ဒယ်ဒီနဲ့ ဖေဖေရဲ့ ကလေးလေးကွာ အစ်မမှာမဟုတ်တာ ဒယ်ဒီက မမလို့ခေါ်ရမှာလား ကဲပြော..”
သမီးက မျက်လုံးလေး ကလယ်ကလယ်နှင့် နားထောင်ကာ စဉ်းစားနေဟန်ရှိသည်။
“ မမကို ဒယ်ဒီတို့ မမယို့ မခေါ်ယဲရယယ် မမကပဲ မမယို့ပြောမယ်ယေ..ဒယ်ဒီတို့ ကြိုက်တယိုခေါ်ပါ မမ ချိတ်ချိုးတော့ဝူး “
ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမြင့်မားသည့် သမီးက ချက်ချင်းကို သူလိုချင်တဲ့ အဖြေကိုပြောလာ၏။ စကားပြောတတ်ထဲကဆိုတော့ သူလည်း နှုတ်ကျိုးနေပုံရသည်။ သားကိုတော့ သူပြောချင်သလိုပြောပါစေ သားကလည်း ‘မမ’လို့ခေါ်နေတော့ အဆင်ပြေပါ၏။ သမီးက အရင်တုန်းကသာ မွေးဖွားမယ်ဆို သားရဲ့ အစ်မပဲမဟုတ်လား..။
“ ဒယ်ဒီ့သမီးလေးက လူကြီးလေးလို စဉ်းစားတတ်လာပြီပဲ..ချစ်စရာလေးကွာ ရွှတ် ရွှတ် “
ဒီလှိုင်း ဝမ်းနဲ့လွယ်မွေးခဲ့ရသော သမီးကိုချစ်သလို နှလုံးသားတစ်ခုလုံးရင်းခဲ့ရသော သားကိုလည်း တန်းတူညီမျှချစ်ပါ၏။ အရွယ်မတိမ်းမယိမ်း သမီးနဲ့သားကို ပြုစုပျိုးထောင်ရတဲ့အခါ စိတ်ဒဏ်ရာသေးသေးလေးတောင် ဒီလှိုင်းအဖြစ်မခံနိုင်ချေ။ ထို့ကြောင့် ဒီလှိုင်း သမီးနဲ့သားအပြင် နွယ့်အပေါ်ပါ အချိန်ပေး၏။
“ သားသား ဖေဖေ့ကို ဟိုအပေါ်က ဘူးလေး ယူပေးပါ “
နွယ် အားပါသည်။ သို့ပေမယ့် သားကို သစ်ခွပန်းအိုးထဲထည့်သည့် ဆေးဘူးယူခိုင်း၏။ သားနဲ့ နွယ်က အပင်စိုက်တာဝါသနာပါသလောက် မောင်နဲ့သမီးက ပန်းပွင့်ခူးရတာပဲ ဝါသနာပါ၏။ အခုပဲကြည့် သမီးကို ပန်းဘီးကုတ်လုပ်ပေးမယ်ဆိုပြီး စက်ဘီးတစ်စီးနဲ့ နွယ့်နားက သစ်ခွပန်း လာခူးလိုက် ခြံရှေ့မှာစိုက်ထားတဲ့ နွယ်သာကီပန်း အဖြူလေးတွေကို သွားခူးလိုက်နဲ့ သားအဖနှစ်ယောက် အလုပ်ရှုတ်နေ၏။
ဒီနေ့ညနေ နေအရမ်းမပူဘဲ မိုးရိပ်လေးတက်နေလို့ မောင်က ဒီလောက်ထိ အေးအေးဆေးဆေးလုပ်နေတာ..။ နို့မို့ဆို သူ့သားနဲ့သမီးကို UVထိမှာဆိုးလို့ အပြင်မထွက်ခိုင်း..။
“ ရပြီ ဖေဖေ ဒီမှာပါဂျ..”
“ ကျေးဇူးပါဗျ”
နွယ် သားသားလက်ထဲက ဆေးဘူးကို ယူလိုက်ပြီး ထိုသို့ပြောကာ သစ်ခွပင်တွေကို ဆေးထည့်နေ၏။ သစ်ခွပင်တွေက တကယ့်အကောင်းကြိုက်တွေ။ ဘီယာတိုက်ရသလို ကြက်ဥအကာလည်းတိုက်ရ၏။
“ အာ တောင်းပန်ပါတယ်ဂျ..”
သားသားရဲ့ ပလက်စတစ် မြေဆွဂေါ်ပြားလေးရဲ့ အရိုးလေးက နွယ့်ခြေထောက်ကို လာထိမိတော့ သားသားက ချက်ချင်းတောင်းပန်ကာ လာယူပြီး ဥုံဖွလုပ်ပေးလေသည်။
နွယ်တို့ ကလေးကိုသွန်သင်တဲ့ပုံက ဒီလိုမျိုးဖြစ်၏။ အမှားကိုရဲရဲဝံ့ဝံ့တောင်းပန်တတ်သလို..ဘယ်အသက်အရွယ်ကိုမဆို အကူအညီရရှိဖူးရင် ကျေးဇူးတင်တတ်စေရန်ဖြစ်၏။
ဥပမာ..ကလေးက မစင်ကို တက်နင်းမိသွားလို့ ထိုင်ငိုပြီး မိဘဆေးပေးတဲ့အချိန်ကို စောင့်မယ့်အစား ဒါမစင်ဘဲ ချက်ချင်းဆေးရမယ်ဆိုတဲ့ အလျင်အမြန်ဆုံးဖြတ်နိုင်စွမ်းနှင့် လိမ္မာပါးနပ်စွမ်းကိုပါ ထည့်သင်ပေး၏။
အမှန်ဆို ဤသွန်သင်နည်းတွေက နွယ်တို့နှစ်ယောက်လုံးကို ဘယ်သူမှမသွန်သင်ခဲ့ဖူးပေမယ့် နွယ်တို့က အဆိုးကြီးမဟုတ်ပေမယ့် ချက်ချင်းဆုံးဖြတ်နိုင်စွမ်း အားနည်း၏။ နွယ်တို့ ကလေးတွေကိုတော့ နွယ်တို့ သွန်သင်မည်ဖြစ်၍ ချက်ချင်းဆုံးဖြတ်နိုင်စွမ်း မြင့်မားစေချင်သည်။
“ ပန်းတွေခူးတဲ့ ဟိုသားအဖ လာပါအုံး “
“ ဟီး ဖေ့ နွယ်သာကီပန်း ဖြူဖြူယေးတွေက ခူးဘူး ကောက်ရာတာ..ဒယ်ဒီက နွယ်သာကီချိုတာ အပင်ပေါ်မှာပဲ သိပ်လှတာမို့ ခူးရက်ဝူးတဲ့..အဲ့ယိုပဲ ဖေ့ကိုယဲ အထိခိုက်မခံနိုင်ယောက်အောင် သိပ်ချစ်တာယဲ့ “
သမီးက စကားတတ်၏။ လူကြီးပြောသမျှကို မှတ်ထားပြီး အကုန်လိုက်ပြောနိုင်သည်အထိ သွက်၏။ အခုလည်း ပန်းသွားခူးတုန်းက သူ့ဒယ်ဒီပြောတာတွေကို နွယ့်ကိုပြန်ပြောပြနေ၏။
ပြောပြီး သားရော သမီးရော တခိခိနှင့် ဘာတွေ သဘောကျနေမှန်းမသိ..။ မောင်ကတော့ ရှက်နေသည့် နွယ့်ကိုသေချာစိုက်ကြည့်ပြီး လက်ထဲမှာ အပိုပါလာတဲ့ ပန်းဘီးကုတ်လေးကို နွယ့်ခေါင်းအပေါ်ကျကျ နနတင်ပေး၏။
နွယ့်ခေါင်းပေါ်က ပန်းဘီးကုတ်လေးသည် အဖြူရောင်နွယ်သာကီတွေကိုပဲ သီကုံးထားသည့် ဘီးကုတ်ဖြစ်၏။ သမီးခေါင်းမှာတော့ နွယ်သာကီတွေပါသလို သစ်ခွတွေလည်းပါ၏။
“ သိပ်လှတယ် မောင့်နွယ်သာကီ..မောင်လေ မင်းကို သိပ်မြတ်နိုးတယ်..မောင့်နွယ်နှောင်းသာကီက သိပ်ဖြူစင်တယ်..အဲ့တာကြောင့် မောင့်ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ချစ်ရသလို ဘဝကြီးတစ်ခုလုံးနဲ့ရင်းပြီး အနစ်အနာခံနိုင်ပါတယ် မောင့်နွယ်သာကီ…”
“ နွယ်လည်း သိပ်ကိုခက်ထန်လွန်းတဲ့ ဒီလှိုင်းတွေကို သိပ်ကိုချစ်မြတ်နိုးရပါတယ်..”
“ မောင်တို့ သားနဲ့သမီးကို အရွယ်ရောက်တဲ့အထိ အတူတူပြုစုပျိုးထောင်ရင်း အိုမင်းသွားကြမယ်..ဆံတွေဖြူ၊သွားတွေကျိုးတဲ့အချိန် မောင့်တောင်ဝှေးက နွယ်ဖြစ်သလို နွယ့် တောင်ဝှေးက မောင်ပဲဖြစ်ပါရစေ..ဒီဘဝရဲ့ သုခ၊ဒုက္ခတွေရဲ့ မောင့်နွယ်သာကီနဲ့ ဖြတ်သန်းရလို့ မောင်တော့ သိပ်ကျေနပ်တာပဲ..လှိုင်းထန်တဲ့ ဘဝပဲဖြစ်ဖြစ် ချိုသာတဲ့ ဘဝပဲဖြစ်ဖြစ် နောက်ဆုံး နိဗ္ဗာန်ရောက်ပြီး အကျွတ်တရားဝင်မယ်ဆိုရင်တောင် မောင့်နွယ်သာကီနဲ့ပဲ ဖြတ်သန်းချင်ပါတယ် “
“ ချစ်တယ် မောင်”
“ ချစ်တယ် မောင့်နွယ်သာကီ”
နွယ်သာကီပန်းကဦးဆောင်လို့ ပန်းတွေလှိုင်လှိုင်ပေါများသည့် ဤခြံဝန်းကျယ်ကျယ်ကြီးတွေ စက်ဘီးလေးတစ်စီးမှာ ချိတ်ထားတဲ့ အဖြူရောင်ပူဖောင်းလေးတွေဟာ လွင့်ဝဲလို့..။ ပန်းရနံ့တွေဟာ သင်းကြိုင်လို့..။ ချစ်ရသူတွေရဲ့ အငွေ့အသက်တွေဟာ နွေးထွေးလို့..။
မောင်ရယ်၊နွယ်ရယ် မမျှော်လင့်ထားမိတဲ့ သံယောဇဉ်ကြိုး နှစ်ချောင်းရယ် ဤခြံဝန်းကျယ်ကြီးထဲမှာ နွေးထွေးတဲ့အသိုက်အမြုံကိုတည်ဆောက်လို့ တစ်ဦးကို တစ်ဦးဖေးမရင်း၊ ထွေးပွေ့ရင်း ဆယ်နှစ်၊နှစ်နှစ်ဆယ်..အတောင်စုံလို့ အသိုက်အမြုံကို မခွဲခွာခင်အထိ တူစုံတွဲကာ ပျော်ရွှင်စရာ မိသားစုရဲ့အနှစ်သာရကို ထာဝစဉ်ခံစားနေလျက်…။
~~ပြီးပါပြီ~~
_______________
BẠN ĐANG ĐỌC
Mg'd Nwel Thar Kii (Book version)
Lãng mạnခေတ်ကာလ အရ Wp versionနဲ့ Book versionဆိုပြီး versionနှစ်မျိုးရှိပါတယ်။ ခပ်ကြမ်းကြမ်းကြိုက်ရင် Wp versionကိုဖတ်သင့်ပါတယ်။