CH:5

1.1K 44 0
                                    

မောင့် နွယ်သာကီ
အပိုင်း(၅)

အို..ချုပ်နှောင်မှုကင်းလွတ်တဲ့အချိန် ရှုရှိုက်ရတဲ့လေတွေက လတ်ဆက်လိုက်တာ..။
အို..ဒီမုဒ်ဝကို သူလှည့်မကြည့်ဘဲ ရှေ့တည့်တည့်ကိုသာလျှောက်လာခဲ့ပြီး အိမ်ပြန်လမ်းဆီသို့..။ သူပုံစံက ညစ်နွမ်းမနေပါ။ နဂိုထဲက ဥပ‌ဓိရုပ်ကောင်းသူမို့ အသားအရေပိုညိုလာမှုအပေါ် သူက ငိုမပြောနဲ့ ညိုချောဆိုသည့် ပြယုဂ်ကို ထင်သာမြင်သာရှိအောင် ပြနေပါသလို..။

ကချင်ပုဆိုးအစိမ်းကွက်ကျဲကျဲကို တီရှပ်စိမ်းဖန့်ဖန့်နှင့် တွဲဝတ်ကာ လည်သာအိတ်တစ်လုံးကိုလွယ်ထားသည့် သူ့ကို ထောင်‌ထွက်လို့ပြောလျှင် မည်သူ့မျှယုံမည်မထင်..။

သူ့ရဲ့ပြည့်စုံမှုအပေါင်းကတော့ ‌ဗိုလ်ချုပ်ကေခပ်တိုတိုမှစ ကတ္တီပါဖိနပ်စိမ်းစိမ်းဆင်မြန်းထားသည့် သွေးကြောအလိမ်လိမ်ယှက်သွယ်နေသည့် ခြေဖမိုး ဝင်းညိုညိုအဆုံး ပြောစရာမရှိလောက်အောင်ကို ခညောင်းနေပါ၏။
သူသိသည့် သူတို့မိသားစုလေး ပျော်စံရာအိမ်ဆီသို့ တန်းလာခဲ့ပါသည်။ အိမ်လေးတော့ ရှိကောင်းပါသေးရဲ့..။

ကလင်~~ကလင်

သူတို့အိမ်ရဲ့ခြံဝမှာ မေမေကိုယ်တိုင်ပျိုးထားသည့် နွယ်သာကီပန်းပင်အစား ရွက်လှပန်းပင်တွေက အစားထိုးဝင်ရောက်လာသည်။

“ ဟေ့ ကောင်လေး ဘာကိစ္စရှိလို့တုန်းကွ”

“ဦးကြီး ကျွန်တော် ဒီအိမ်မှာ လေပြေသွေးရှိလားဗျ..”

ခြံစောင့် ဦးလေးကြီးက အသက်အားဖြင့်သိပ်ကြီးသေးပုံမရပေမဲ့ သူ့ထက်‌‌တော့  အတော်ကြီးလောက်သည်။ အရင်ကအိမ်မှာ ဒီလူကိုတစ်ခါမှမမြင်ဖူးချေမို့ အသစ်ခန့်ထားတယ်ပဲတွေးလိုက်ပါသည်။ သို့ပေမယ့် သူ့အထင်ကအတော်ကိုလွဲနေခဲ့သည်။

“ လေပြေသွေး..လေပြေးသွေး..ကြာဖူးသလိုပဲ”

ခြံစောင့်က သူ့နှုတ်ခမ်းမွှေးတွေကို ဆွဲကာ စဉ်းစားနေဟန်..။ အငယ်သာ ရှိနေခဲ့ရင် အငယ့်နာမည်ကို သိရမှာပေါ့..။

“ ဟေ သိပြီကွ..ပန်းအိုးတွေလာယူသွားတဲ့ကောင်မလေး..နေအုံး နေအုံး သူလိပ်စာကဒ်ပေးခဲ့သေးတယ် ခဏစောင့် ငါသွားယူပေးမယ် “

ခြံစောင့်က အိမ်ထဲဝင်ပြီးမကြာ ပြန်ထွက်လာကာ သူ့ကိုလိပ်စာကဒ်လှမ်းပေး၏။  နားလည်လွယ်သူမို့ ဒီအိမ်နဲ့ဒီခြံကို ဒီဘဝနဲ့ဒီမျှရေစက်ချလိုက်ရ‌တော့မည်ဆိုတာ သူသဘောပေါက်လိုက်သည်။ သို့သော် မိခင်နဲ့အတူတူရှာထားခဲ့ရတဲ့ စည်းစိမ်ဥစ္စာတွေမို့ ဖခင်၏သွေးသားကို ပြီးစလွယ်မပေးနိုင်သလို မယားငယ်ကိုလည်းပဲ ကြည်ကြည်ဖြူဖြူမပေးနိုင်ချေ။

“ ဦးလေး ဒီအိမ်ပိုင်ရှင်က ဒေါ်သစ္စာလွှမ်းလားဗျ..”

“အေး ဟုတ်တယ် ကောင်လေးရ..”

“သူနဲ့ ခဏလောက်တွေ့လို့ရမလား..”

“ ခဏလေးနော် ကောင်လေး ငါသူဌေးမကိုသွားမေးပေးမယ်..”

ထိုလူကြီးသည် နောက်ထပ်တစ်ခေါက် ခြံထဲကိုဝင်သွားခဲ့၏။ ပြီးနောက် ထွက်လာကာ ခြံတံခါးကိုဖွင့်ပေးပြီး ခြံထဲရှိခုံလေးမှာ ထိုင်စောင့်စေ၏။

“ ခဏလေးနော် ကောင်လေး သူဌေးမက အစ်ကိုလေးကျောင်းသွားဖို့ပြင်ပေးနေလို့..”

သူဌေးမဆိုသောအသံတွေ၊ အစ်ကိုလေးဆိုသောအသံတွေကို သူ့ဘဝမှာအထပ်ထပ်အခါခါကြားဖူးနေပေမယ့် ဒီတစ်ခါတော့ အနည်းငယ်ခါးသက်နေ၏။ နားဝင်လဲ ဆိုးစေ၏။

ခဏအကြာတော့ နှုတ်ခမ်းနီကိုရဲနေအောင်ဆိုးကာ နီညိုရောင်ဝမ်းဆက်နှင့် အတော်လေးကိုလှသော်လည်း မာန်တက်နေသဖွယ်ရှိသည့် အမျိုးသမီးတစ်ဦးထွက်လာ၏။ ထိုင်နေသည့်သူ့ကို အပေါ်အောက်သေချာကြီးကာ နှုတ်ခမ်းနီနီတို့မဲ့ရွဲ့သွား၏။

“ဆိုစမ်းပါအုံး..”

“ ကျုပ်..ဒီလှိုင်းခက်ထန်..”

“ ဪ ဟိုထောင်ထွက်ကိုး..နင်က ဘာကိစ္စလဲ..”

“ကျုပ်မိဘတွေပိုင်တဲ့အိမ်မှာ ကျုပ်ညီမကိုဘာလို့မခေါ်ထားရတာလဲ.."

“ နင့်အဖေမဆုံးခင်ထဲက နင့်ညီမက ဒီအိမ်မှာမနေတော့တာ..ဆုံးတော့လဲ ငါကမိထွေးပဲ နင့်ညီမကိုလိုက်ပင့်နေရမှာလား..”

ထိုအမျိုးသမီး၏ နီရဲနေသည့်နှုတ်ခမ်းလွှာကို ရွံရှာလာရပြီး ဟိတ်ဟန်ကြီးသည့် ပုံပန်းသဏ္ဌာန်ကို စက်ဆုပ်လာရ၏။

“ ဟုတ်ပြီ..ကျုပ်မိဘတွေချန်ခဲ့တဲ့ အမွေတွေပေး..”

“ ဟက်..ယောင်္ကျားကြီးတန်မဲ့ မိန်းမတစ်ယောက်ဆီကနေ လာတောင်းရဲတယ် အောက်တန်းကျပါပေ့..”

“တောက်..ခင်ဗျား..”

ဒီလှိုင်းတို့က ခက်ထန်လာပါပေ၏။ အသွေးအသားများက ဆူပွက်လာပါပေ၏။

“ ဒီမှာကောင်လေး..နင့်အဖေပိုင်ဆိုင်တဲ့  ဒီအိမ်နဲ့ဒီခြံပြီးရင် လိမ္မော်စိုက်ခင်းနှစ်ခင်းက သူ့သားဖြစ်တဲ့ ပြေလွှမ်းခန့်ကို သူမသေခင်ထဲက ပေးခဲ့ပြီးပြီ..”

ထိုအမျိုးသမီး၏ မျက်နှာသည် အောင်နိုင်သူပမာ။ ‘သူ့သား’ဆိုသောနေရာကိုဖိ၍ ခပ်ရွဲ့ရွဲ့ပြောလာ၏။ သူပြောသည့် စိုက်ခင်းတွေသည် ကလောဘက်မှာရှိမှန်း ဒီလှိုင်းသိပါ၏။

“ ဪ..ကျုပ်တို့မိသားစုရဲ့ပိုင်ဆိုင်မှုက အဲ့ထက်ကျော်တာကျုပ်သိတယ်..ပြောရရင် ခင်ဗျားဆွဲထားတဲ့နီလာဆွဲကြိုးက ‌(၁၆)နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်မှာ ကျုပ်‌အမေကို ဖေဖေပေးခဲ့တဲ့ဟာဆိုတာပါ သိသေးတယ်.."

ထိုအမျိုးသမီး၏မျက်နှာသည်ပျက်ကျသွားပြီး သူ(မ)လည်ပင်း၌ဆွဲထားသော လည်ဆွဲကိုလှမ်းကိုင်လိုက်ကာ ခပ်ဖွဖွရွတ်ဆို၏။

“ဒါ ကိုကြီးပေးတဲ့ နောက်ဆုံးချစ်သက်လက်ဆောင်လေ..”

“ ဒုတိယလူက ဘယ်လောက်ကောင်းကောင်း ပထမလူရဲ့အကျကိုပဲရတာ သဘာဝပဲ..ဒါပေမဲ့..ခင်ဗျားကပိုသနားဖို့ကောင်းတယ် ပုန်းလျှိုပေါက်ဖွားရတဲ့အချစ်၊ သူများအကျချစ်သက်လက်ဆောင် သနားဖို့ကောင်းလိုက်ပါဘိ ဒေါ်သစ္စာလွှမ်းရယ်..”

“နင်..”

“ အင်း..ကျုပ်..”

“ ထွက်သွားစမ်း..”

“မှန်တာပြောတော့ နာတယ်ပေါ့..ကျုပ်ကို ကုမ္ပဏီရဲ့စာချုပ်စာတမ်းတွေပေး..”

“ ဘာကုမ္ပဏီမှမရှိတော့ဘူး..ကိုကြီးဆုံးပြီးထဲက နားမလည်တဲ့အလုပ်မို့ သူများပေးသလောက်ဝေစုကိုပဲယူခဲ့တာ အဲ့ရှယ်ယာလဲတဖြည်းဖြည်းနည်းလာပြီး အခုကုန်ပြီ..”

“ဪ..ဒီဘဝတော့ ဒီမျှပေါ့..ခင်ဗျားတို့သားအမိကို ကျုပ်တို့က ဘယ်တော့မှ ပတ်သက်လာမှာမဟုတ်တဲ့အတွက် ဖေ‌ဖေပေးတဲ့ စည်းစိမ်အကြွင်းအကျန်လေးနဲ့ ပျော်မွေ့နေလိုက်..ဪ..ကျုပ်တို့တုန်းကဆို ဘာမှပူပန်ခဲ့ရတာမဟုတ်ဘူး ခင်ဗျားနဲ့ခင်ဗျားသားကတော့ ပူပန်ရမယ်ထင်တယ်..”

ဒီလှိုင်းခက်ထန်သည် သူတစ်ပါး‌အပေါ်အနိုင်ယူလိုစိတ်အလျဉ်းကင်းခဲ့ပေမယ့် ထိုအမျိုးသမီးကိုတော့ အနိုင်လိုချင်သည်။ ဖေဖေ့အပေါ်ချစ်ခဲ့တယ်၊ချစ်နေ‌ဆဆိုတာသိတဲ့အတွက် ဒီလောက်နဲ့ပဲအလျှော့ပေးပြီး ဘာအမွေမှကိုမတောင်းခဲ့။ အမွေကင်းမဲ့ပေမယ့် ယောင်္ကျားသားပေမို့ ညီမလေးရှေ့မှာ မားမားမတ်မတ်ရပ်တည်ကာ ရှာဖွေကျွေးမွေးနိုင်လိမ့်မည်ဟု သူယုံကြည်ထား၏။ ပြီးနောက် ကြာရှည်ခံမှာမဟုတ်တော့သည့် သူတို့၏ပိုင်ဆိုင်မှုတွေကို ဆွေးနစ်နေအောင်ကြည့်ကာ လှည့်ထွက်ခဲ့ပါ၏။
အလုပ်သမားအများစုက အုပ်ချုပ်မယ့်သူရှိမှ အလုပ်တွင်တာဖြစ်ပြီး သူတို့ပို့သလောက် ပိုက်ဆံနှင့်ကျေနပ်နေခဲ့ရင် ကိုယ့်အပိုင်မှ သူတို့အပိုင်ဖြစ်သွားပေလိမ့်မည်။ သစ္စာလွှမ်းက စာရင်းဇယားအတိအကျစစ်ပေးနိုင်မယ့်သူမျိုးမဟုတ်တာကို သူသိရဲ့နဲ့ စိတ်ကောင်းဝင်ကာ သတိပေးဖို့ကို သူမေ့ထား၏။

လူဆိုတာ ကိုယ့်ဘဝရဲ့လမ်းခရီးကို ကိုယ်ပဲဖောက်ရတာဖြစ်ပေမဲ့ သစ္စာလွှမ်းက သူ့ဘဝရဲ့လမ်းခရီးကိုဆယ်စုနှစ်ကျော်ကျော်တိုင် သူများမိသားစု၊သူများအိမ်ထောင်ကိုဖျက်ကာ သူများဖောက်ထားတဲ့လမ်းကိုကခပ်တည်တည်နဲ့ လျှောက်ခဲ့ပြီးပြီဖြစ်သည်။ ဘယ်လောက်ပဲ လူ‌တစ်ယောက်ကိုချစ်နေပါစေ ပိုင်ရှင်ရှိရင် ရှောင်ပေးရမှာ မည်သူ့မှမချမှတ်ထားသည့် လောကဝတ်ပင်ဖြစ်၏။
လိပ်စာကဒ်ကိုကိုင်ကာ ရောက်လောက်မည့်လိုင်းကားကို တက်စီးလိုက်သည်။ (၆)နှစ်ကျော်ကျော် အကျဉ်းကျခဲ့ရသူမို့ အလုံးစုံမမှတ်မိသော်လည်း ပါးစပ်ပါရွာရောက်ပါ၏။ သူ (၇)နှစ်ကျခံရမှာဖြစ်သော်လည်း ကံတရားအရ (၆)နှစ်နဲ့(၂)လမှာတင် လွတ်ငြိမ်းထဲပါလာ၏။

တက္ကစီစီးဖို့လောက်အထိ သူ့မှာပိုက်ဆံမပါသော်လည်း လိုင်းကားတိုးစီးဖို့လောက်တော့ သူ့မှာ ပါပါသည်။

ညီမလေးရဲ့လိပ်စာကဒ်အရ သူရောက်သွားသည့်နေရာက လိုင်းခန်းလေးတွေဖြစ်၏။ ဆယ်ပေတောင်မရှိဘဲ ကျဉ်းပလုတ်နေရာလေးဖြစ်၏။ ထိုနေရာကိုကြည့်လျက် သူရင်နာရသလို နောင်တတွေရပါ၏။
သို့သော် နောက်မှရတတ်တဲ့ နောင်တ၏ သဘောကို ရှေ့တန်းမတင်ဘဲ ပစ္စုပ္ပန်အခြေအနေကိုရှေ့တန်းတင်ရမယ်ဆို သူသန်မာမှရမည်။ ညီမလေးရဲ့အရှေ့မှာ မားမားမတ်မတ်ရပ်တည်ကာကွယ်နိုင်သော တံတိုင်းကြီးသဖွယ်ဖြစ်မှရမည်။
သူလည်း ခြံထောင့်မှာ အဝတ်ထိုင်လျှော်နေသည့် မိန်းမကြီးတစ်ယောက်ကို ခပ်သွက်သွက်မေးလိုက်၏။

“ အန်တီဗျ..ဒီလိုင်းခန်းမှာ လေပြေသွေးနာမည်နဲ့ ကောင်မလေးရှိလားဗျ “

“ ရှိတယ် ရှိတယ်ကောင်လေးရေ မင်းကသူနဲ့ ဘာတော်စပ်တုန်း “

ရေစိုနေသည့်လက်ကို လုံချည်နဲ့သုတ်ကာ ထိုအန်တီကြီးက ထ လာပြီး ဒီလှိုင်းကို စတင်အကဲခတ်၏။

“ ကျွန်တော် သူ့အစ်ကိုအရင်းပါ..”

“ အရင်ကတော့ရှိတယ် ကောင်လေးရဲ့ မင်း လာတာနောက်ကျသွားတယ်။ ငါတို့ သူ့ကို စိတ်ကျန်းမာရေးကို မနေ့ကပဲပို့လိုက်တယ်ကွယ့်.ကလေးမလေးက သနားစရာလေးပေမဲ့ ညဘက်တွေကျ အနီးအနားအိပ်မရလို့ ပို့လိုက်ရတာကွယ့်”

စိတ်ကျန်းမာရေး..စိတ်ကျန်းမာရေး..စိတ်ကျန်းမာရေး..

ဒီစကားလုံးက သူ့နားထဲတွင် ပဲ့တင်ထပ်ကာ သူ့အမြင်အာရုံကိုပါ ဖုံးတော့မည့်အသွင်..။ နေအရမ်းပူတာကြောင့်လားမသိ သူမူးနောက်နောက်ဖြစ်လာကာ ချွေးစေးတွေပျံလာ၏။

“ ကောင်လေး ကောင်လေး..မင်းကြည့်ရတာ ထိတ်လန့်သွားတယ်နဲ့တူတယ် ခုံမှာထိုင်အုံး ငါရေခပ်ပေးမယ် “

ထိုအန်တီကြီးက ဒီလှိုင်းကို ရေတစ်ခွက်ခပ်တိုက်ကာ အမောဖြေစေသည်။

“ ကျွန်တော့်ညီမလေးက အဲ့လို..အဲ့အထိ..အဲ့ကိုရောက်ဖို့အထိ ဘာကိစ္စများဖြစ်ခဲ့လို့လဲ..”

Mg'd Nwel Thar Kii (Book version)Where stories live. Discover now