CH:14

990 37 0
                                    

မောင့်နွယ်သာကီ
အပိုင်း(၁၄)

ဆောင်းရာသီ၏ညနေခင်းသည် အေးစက်ထိုင်းမှိုင်းသောလေထုကို ဦးစွာလွှမ်းခြုံပေးပြီး ချမ်းအေးလှသောအရသာကို တဖြည်းဖြည်းခံစားရစေ၏။ တဖြည်းဖြည်းမှောင်သွားသော ကောင်းကင်းယံမှာ ငွေနှင်းဖြူဖြူတို့လွှမ်းခြုံနေသကဲ့သို့ ကြည်ပြာရီဝေနေလေ၏။

လပြည့်ရက်ပေမို့ ငွေပုလဲကဲ့သို့ ရွှန်းရွှန်းစာ လင်းလက်နေသော လပြည့်ဝန်းကြီးသည် မှောင်ရီပျိုးသည်နှင့်တစ်ပြိုင်နက် အလျဉ်လိုစွာထွက်ပေါ်လာလေ၏။ ကြည်ပြာရောင်ကောင်းကင်းယံမှာ ငွေမှုံများဖျန်းပက်ထားသကဲ့သို့ တလက်လက်တောက်ပနေသော ကြယ်များသည် သူ့နေရာနှင့်သူ၊ သူ့ရာဇဝင်နှင့်သူ တိတိကျကျ တည်ရှိနေ၏။

“မောင် ဒီနေ့အေးတယ်မလား..”

“ပုံမှန်ပါပဲ”

မောင်ကသာ ရိုးရိုးတီရှပ်နဲ့ အေးဆေးကော်ဖီထိုင်သောက်နိုင်နေတာ နွယ်က ယုန်တစ်ကောင်သဖွယ် ဖြူစွတ်နေသည့် မွှေးပွအင်္ကျီထူထူကို ခေါင်းပါစွပ်ထားပြီး ခုံပေါ်မှာ ဒူးနှစ်ဖက်‌လုံးထောင်လျက် ထိုင်နေရသည်။

“ ဒီလိုပုံနဲ့ မီးပုံပွဲက သွားချင်သေးတယ်..”

“ မောင်ကလဲ အေးလို့အေးတယ်ပြောတာကို လူကိုဆူဖို့ပဲ..”

“ ခင်ဗျားကို ကျုပ်မဆူရသေးဘူးနော် နွယ်သာကီ..မီးပုံပွဲမသွားချင်ရင် စိတ်ဆိုး‌ကြည့်လိုက်..”

နွယ် ကော်ဖီ‌ခွက်ကိုကိုင်ကာ နှုတ်ခမ်းလေးမဲ့ပြလိုက်၏။ နွယ်သွားချင်နေမှန်းသိလို့ကို တမင်ပြောနေတာများ မချစ်သာမချစ်ခဲ့ပါက ဒီလှိုင်းခက်ထန်တို့က ရိုက်ချင်စဖွယ်ပင်။

“ သွားမယ် နွယ်သာကီ..”

ဒီလှိုင်းအပေါ်ထပ်တစ်ထည်ဝတ်၍ တံခါးကိုဖွင့်ပြီးရှေ့မှ ဦးဆောင်ကာဆင်းလိုက်ပြီးနောက် အောက်ခြေလှေကားရင်းမှာရပ်၍စောင့်နေလိုက်သည်။ တစ်ကိုယ်လုံးဖြူစွတ်စွတ် မွှေးပွအင်္ကျီ၊ဘောင်းဘီ၊ဖိနပ်ကိုဝတ်ထားပြီး ချမ်းအေးလို့ထင်သည် ခုန်ဆွခုန်ဆွနဲ့ ဆင်းလာပုံများ လူအသွင်ဆောင်ထားသည့် ယုန်တစ်ကောင်ကဲ့သို့ပင် အူယားဖွယ်ကောင်းလှ၏။

“ ယုန်ဖက်ရှင်နဲ့ ခင်ဗျားကို ခင်ဗျား (၁၆)နှစ်ထင်နေလား ဟမ်..”

“ ဒါ မောင်ပဲဝယ်လာပေးတာလေ..အခုမှ လူကိုလာရယ်နေတယ် မောင်တော်တော်ဆိုးလာတာပဲ..”

မွှေးပွကွင်းထိုးဖိနပ်မှာပါသည့် ယုန်နားရွက်လေးတွေကို မြင်သာအောင် မောင့်ဘက်ကိုခြေထောက်ဆန့်ကာ လှုပ်စိလှုပ်စိလေးလုပ်ပြလိုက်သေး၏။ နှုတ်မှ ‘မင်းအသည်းယားစမ်းပါ‌ မောင်ရယ်’ဟု မပြောရုံတမယ် လူယုတ်မာကဲ့သို့ ရိုက်ချင်စဖွယ်ပြုံးပြနေသေး၏။

“ ကဲ..မသွားတော့ဘူးလား အဲ့တာဆို အပေါ်ပြန်တက်..”

လူကြီးရှက်တော့ရယ်သည် ဆိုသကဲ့သို့ ဒီလှိုင်းရှက်တော့ မာန်မဲကာ အခွင့်အရေးကိုပိတ်ပင်လေသည်။

“ အာ..မရဘူးနော် မောင်..သွားမှာလို့..”

ဒီလှိုင်း၏လက်ကိုကိုင်ကာ ကိုယ်လုံးကို ခန္ဓာကိုယ်ဖြင့် တွန်းကာ၊ တွန်းကာနှင့် မီးပုံပွဲနားအထိအရောက်ခေါ်သွား၏။

“ ဟီး..ကိုကိုလာပြီလား..”

အမေကျော်ဒွေးတော်လွမ်းဆိုသည့် စကားသိပ်မှန်၏။ အရှေ့မှ ဖွံ့ဖွံ့ထွားထွား ခန္ဓာကိုယ်တစ်ခုလုံးပိတ်ရပ်နေတာတောင် အရှေ့ကလူကိုကျော်ပြီး အနောက်ကလူကို ဦးစွာနှုတ်ဆက်နေလေ၏။ အသက်(၃၀)အရွယ်နွယ်သာကီသည် (၅)နှစ်သမီးက ‘ကိုကို’ဟုခေါ်ရလောက်အောင်အထိ နုပျိုနေသေးသည်မှာ မနာလိုချင်စရာကောင်းလှ၏။

“ သမီး ဦးဦးကိုအရင်နှုတ်ဆက်လေ..”

ဖခင်လုပ်သူဝင်ပြောမှ ဒီလှိုင်းကို ပိုးစားနေသည့် သွားများဖြီးနေအောင်ရယ်ပြပြီး လက်ထဲကပြောင်းဖူးဖုတ်ကိုထိုးပေးကာ လောကွတ်ချော်နေ၏။

“ ဟီး..ဦးဦး စားပါအုံး..”

“ ကျေးဇူး..”

ဒီလှိုင်း (၅)စက္ကန့်လောက်ပြုံးပြပြီး ရုပ်ပြန်တည်ကာ နွယ်သာကီ့လက်ကိုကိုင်ပြီး ထိုကလေးမလေးနှင့်ဝေးရာ မီးပုံ၏တစ်ဖက်ဘေးသို့လျှောက်လာလိုက်၏။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now