CH:18

964 34 0
                                    

မောင့်နွယ်သာကီ
အပိုင်း(၁၈)

ရင်ခွင်ကျယ်ကြီးကင်းမဲ့နေသည့် မ‌နက်ခင်းသည် နွေးထွေးမှုကင်းမဲ့သော ဆောင်းရာသီတွင် ခိုကိုးရာမဲ့နေသကဲ့သို့ အထီးကျန်စေသည်။

နွယ် ဆံပင်ကိုဖြစ်သလိုချည်နှောင်ကာ ထထိုင်လိုက်ပြီး မျက်နှာသစ်ရန်ပြင်ရသည်။ တခြားကိုယ်ဝန်သည်တွေလို နွယ်က အမြဲတမ်းဗိုက်ကြီးနာဆွဲနေတာမျိုးမဟုတ်ဘဲ ရံဖန်ရံခါမှာပျို့အန်ချင်တာမျိုးဖြစ်၏။ ကျန်သည့်အချိန်တွေ နွယ်စားပဲစားနေခဲ့၍ အခုဆို ပါးစုံတွေမှစ၍ လက်ချောင်း၊ခြေချောင်းလေးတွေအထိ ‌ပြည့်ပြည့်ဖောင်းဖောင်းဖြစ်နေသည်။

လိုလေးသေးမရှိဖြည့်ဆည်းပေးတဲ့ မောင့်ကြောင့် နွယ် မောင့်ဆီမှာနေရတာ အရမ်းစိတ်ချမ်းသာသည်။ ဖေဖေ့အိမ်မှာတုန်းကလို တစ်ခုခုဆို သူများမျက်နှာလိုက်ကြည့်ပြီး သေးသိမ်နေရတာမျိုးမရှိ‌။ စိတ်မလုံခြုံပြီး မအိပ်ရသည့် ညတွေမရှိ။ ဆေးခါးကြီးတွေမသောက်ရ..။ ကိုယ်ဝန်သည်အားဆေးတောင် မောင်ကအတင်းမတိုက်ဘဲ ချော့မော့ပြီးသောက်ခိုင်းတတ်တာ။

အရာရာအဆင်ပြေနေတဲ့ နွယ်တို့နှစ်ယောက်ရဲ့ ဘဝလေးကို အဲ့မီးပုံထဲထပ်တိုးပြီး ‌မလောင်မြိုက်စေချင်ဘူး မောင်ရယ်..
ဒီနှစ်တွေအတွင်း မောင့်အကြောင်းစုံကို နွယ်မသိပေမယ့် နွယ်ဖေဖေ့အကြောင်းကိုသိတယ် မောင်..ဖေဖေကသူအဆင်ပြေဖို့အတွက်ဆို အရာရာလုပ်တတ်တဲ့သူမျိုး မောင်ရဲ့ အန္တရာယ်များပါတယ်မောင်ရယ်..။

“ နွယ်သာကီ ခင်ဗျား အဝတ်အစားလဲပြီးရင် breakfastသွားစား ပြီးရင် ခင်ဗျားရဲ့အိမ်ကိုသွားမယ်..”

ဒီလှိုင်းအခန်းထဲဝင်ကာ အဝတ်အစားလဲနေရင်း မှိုင်တွေနေသည့် နွယ်သာကီကို ကြည့်ပြီး လုပ်စရာတွေသတိပေးလိုက်သည်။

“ မောင် နွယ်‌လေ..အဲ့မိသားစုနဲ့ ထပ်မပတ်သက်ချင်ဘူး မောင်..သူတို့က သူတို့အဆင်ပြေဖို့အတွက်ဆို ဘာမဆိုလုပ်တယ် မောင်ရဲ့ “

“ နွယ်သာကီ မောင်က ခင်ဗျားမိသားစုကို ကြောက်မယ်ထင်လို့လား။ မောင်က ခင်ဗျားမိသားစု လွယ်လွယ်နဲ့ထိုးချတာကို ခံရမယ့်ကောင်လို ခင်ဗျားမျက်စိထဲမှာ အားနည်းနေသလား နွယ်သာကီ “

“မောင်တို့အတိတ်တွေက သူတို့ကြောင့်မလှပခဲ့ရဘူး နွယ်သာကီ။ ချစ်ရတဲ့သူနဲ့ရှင်ကွဲကွဲရတဲ့ ဒုက္ခကမသေးကြောင်း မင်းလဲ သိပါတယ်..မင်းအဖေ မောင့်ဆီကယူထားတဲ့အရာတွေကိုပဲပြန်ယူမှာမို့ မင်းစိတ်ချလို့ရပါတယ်..”

မောင်က ခြေအိတ်ကိုဝတ်နေရင်း ပြန်မတွေးချင်ရလောက်အောင်ခက်ခဲသည့် အတိတ်ကို ပေါ့ပေါ့ပါးပါးပြောပြနေလေသည်။
အို..မောင်ရယ် အဲ့တုန်းက ဘယ်လောက်တောင်ခက်ခဲနေမလဲ..။

နွယ် မောင့်ကို တွေတွေလေးငေးကြည့်ကာ ရင်တွင်းစကားတွေမပြောဖြစ်‌ခဲ့ချေ။ 

အသက်(၃၁)အရွယ် နွယ်သာကီဟာ သူ့အဖေရဲ့ မကောင်းမှုတွေကို ရိပ်မိသလို ဒီလှိုင်းခက်ထန်ရဲ့ဘဝကြမ်းကြမ်းကိုလည်း ခံစားမိပါရဲ့နဲ့ သူဘာမှမတတ်နိုင်ဘူးလေ..။

မောင့်ဘက်က ခြေလှမ်းစတင်တာနဲ့ နွယ့်ဘက်ကလည်း တစ်ဖက်ကိုပြန်ဆက်သွယ်ရတော့မယ် မောင်..။ အဲ့မိသားစုက သိပ်ရက်စက်လို့ နွယ်ပြန်ပြေးလို့ရလျက်နဲ့ မောင့်ရင်ခွင်မှာ အေးအေးချမ်းချမ်းခိုလုံနေတာပါ မောင်ရယ်..။

“ နွယ်သာကီ ‌များများစားလေ မောင်ချက်ထားတာ မကြိုက်လို့လား “

“ မဟုတ်ပါဘူး မောင်ရယ်..နွယ်နည်းနည်းစိတ်ပူနေလို့ပါ “

“စိတ်ချ နွယ်သာကီ ခင်ဗျားကို မောင်အထိအခိုက်မခံပါဘူး “

“ အို မဟုတ်တာ မောင်ရယ်..နွယ်က မောင့်ကိုစိတ်ပူတာပါ ပြီးတော့ နွယ်မောင့်ကိုယုံပါတယ် “

“ အင်း..”

မောင်က မနက်စာကို နည်းနည်းစားပြီး နွယ့်ကိုထိုင်ကြည့်ကာ တစ်မျိုးပြီးတစ်မျိုးမေးလာသည်။ မောင်ချက်တဲ့ ဟင်းတိုင်း၊လုပ်တဲ့မုန့်တိုင်းက အရသာထူးကဲလွန်းသည်မို့ နွယ်ကြိုက်ပေမယ့် အခုတော့သိပ်မစားဖြစ်ချေ။

“ ပြီးပြီဆို ထားလိုက် မောင်ဆေးလိုက်မယ် ဒီမှာပဲထိုင်နေ “

ဒီလှိုင်း ပန်းကန်ဆေးရန် ရှပ်အင်္ကျီလက်ကကြယ်သီးကိုဖြုတ်ကာ တံတောင်ပေါ်အထိ ဆွဲတင်လိုက်သည်။
အဲ့လိုပါဆို နွယ်က မောင့်ဆီရောက်ကထဲက ဘာမှမလုပ်ရတဲ့ အလိုလိုက်ခံလေးဖြစ်လာတာ..။

မောင့်ဆီမှာမှ နွယ်လိုချင်တဲ့ နွေးထွေးမှုတွေ တန်းစီပြီး ရတာဖြစ်သည်။

မေတ္တာငတ်နေသူဟာ မေတ္တာရေကြည်တစ်ပေါက်ပဲရရင်တောင် အဖိုးတန်နေပါရဲ့..မောင်ရယ်။

“ မောင် နွယ် ဆိုင်ကယ်စီးလို့ဖြစ်ပါ့မလား မောင်ရယ် “

Helmetစောင်းပေးလာသည့် မောင့်ကြောင့် နွယ် ဗိုက်ကလေးကိုကိုင်ကာ မောင့်ကိုမေးလိုက်သည်။ ဗိုက်က ယခုဆို ခြောက်လရှိနေပေမယ့် ယောင်္ကျားလေးလည်းဖြစ် လူပျိုလည်းဖြစ်သည့် နွယ်သာကီရဲ့ဗိုက် အရမ်းမထွက်ဘဲ ခပ်စူစူလေးသာဖြစ်နေ၏။

နွယ်ဒီနေ့အမည်းရောင် မောင့်တီရှပ်လက်ရှည်ခပ်ကြီးကြီးနှင့် သားရေကြိုးပျော့ဘောင်းဘီအဖြူရောင် တစ်ထည်ကို ဝတ်ထားသောကြောင့် နွယ့်ဗိုက်လေးက မြုပ်နေပြီး အလှတရားဟာ လူပျိုတစ်ယောက်သဖွယ် ထင်းထင်းပေါ်နေ၏။

“ ‌‌ခင်ဗျားလင်က ဆိုင်ကယ်ပဲစီးလို့ရတယ် နွယ်သာကီ..ခင်ဗျားမသိတဲ့ မောင့်အကြောင်းတွေရှိသေးတာမို့ မောင့်ကိုယုံပြီး မောင့်နောက်ကပဲ လိုက်ခဲ့ နွယ်သာကီ”

သိပ်မဝေးတဲ့ခရီးမို့ ကြားကာလရောက်နေပြီဖြစ်သောကိုယ်ဝန်ကြောင့် ဆိုင်ကယ်နဲ့သာခေါ်သွားဖြစ်သည်။ နောက်မှ ခါးနာ၊ဗိုက်ကြပ်လျှင် ပြန်ပြုစုတော့မည်။

အခုနောက်ပိုင်း ဒီလှိုင်းခက်ထန်သည် နွယ်နှောင်းသာကီကို သူကိုယ်တိုင်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်နဲ့မှ စိန်မချတော့ချေ။

“ ‌‌အင်း မောင့်ကိုယုံတယ်”

မောင်က ထုံးစံအတိုင်း နွယ့်ကို မ ချီကာ ဆိုင်ကယ်ပေါ်တင်ပေးပြီး ခပ်မှန်မှန်အရှိန်နှင့်သာမောင်းသည်။ မောင့်လူယုံတွေက အနောက်ကနေ ကားနှင့် လိုက်လာလေသည်။

တီ~~တီ

သာကီစံအိမ်လို့ရေးထားသည့် ခြံဝင်းကျယ်ကျယ်ရှေ့တွင် အကောင်းစားဆိုင်ကယ် တစ်စီးနှင့် ကားတစ်စီးက တတီတီနှင့်..။ ထိုခြံထဲမှ ခြံစောင့်ဖြစ်ပုံရသည့် လူဝကြီးတစ်ယောက်ထွက်လာလေသည်။

“ ဟေ့ကောင်တွေ ဒီနေရာက မင်း‌တို့ လာဆော့ချင်တိုင်း ဆော့လို့ရတဲ့ နေရာမဟုတ်ဘူး “

တီ~~တီ

ဒီလှိုင်း ဟွန်းပဲ အဆက်မပြတ်တီးနေသည်။ နဂိုထဲက ကြောက်တတ်သည့် နွယ်သာကီက ဒီလှိုင်းကျောပြင်ကို အသေကပ်တွယ်လျက် ရင်တထိတ်ထိတ်နှင့်..။

စိတ်မြန်တဲ့မောင် ခြံတံခါးကြီးကိုပဲ ဝင်တိုက်လိုက်လေမလား..။
ခြံစောင့်ကိုပဲ ဝင်တိုက်လိုက်လေမလား..။

“ ဘာတွေဖြစ်နေကြတာလဲ”

ထိုအချိန်ခြံထဲမှ အခြွေအရံတွေခြံရံလျက် အသက်(၇၀)ကျော်ကျော်ရှိသည့် အဖွားအိုတစ်ယောက်ထွက်လာသည်။ အဖွားအိုလို့သာပြောရတယ် အရွယ်တင်ချက်က(၇၀)ကျော်လို့တောင်မထင်ရ။

“ သခင်မကြီး ဒီမှာ ဘယ်ကကောင်တွေမှန်းမသိဘူး ဟွန်းပဲလာတီးနေလို့ “

“ ဟေ့ကောင်လေးတွေ ဒါကလူကြီးလူကောင်းတွေနေတဲ့နေရာကွဲ့ မင်းတို့လို လမ်းသရဲတွေနဲ့ ဘာမှမဆိုင်ဘူး။ ရဲမခေါ်စေချင်ရင် ကိုယ့်အရပ်ကိုယ်ပြန်ကြ”

ထိုအဖွားအိုသည် အသက်သာကြီးတာ မောက်မာတာက မလျှော့သေးဟန်..။

ဒီလှိုင်းလည်း helmetကိုချွတ်လိုက်ကာ ဇရာတွန့်နေသည့် ဒေဝီသာကီကို တည့်တည့်စိုက်ကြည့်လိုက်ပြီး..

“ ဦးစိန်ခန့် ဒေါ်ခက်သွယ်တို့ရဲ့သားကြီး လေပြေသွေးရဲ့အစ်ကိုကြီး ‌နွယ်နှောင်းသာကီရဲ့ တစ်ဦးထဲသော မူပိုင်ယောင်္ကျားဖြစ်တဲ့ ကျုပ် ဒီလှိုင်းခက်ထန်က ဒီအိမ်နဲ့မသက်ဆိုင်ဘူးလား”

ဒီလှိုင်းတစ်လုံးချင်းစီဖိပြောလိုက်မှ ဒေဝီသာကီက နားလည်သွားဟန် ခနဲ့အပြုံးနှင့်..။

“ ဟင်း မင်းလို ထောင်ထွက်က ဒီနေရာနဲ့သက်ဆိုင်မယ်တဲ့လား..။ မင်းလိုလူက ဒီနေရာရဲ့အရိပ်ကိုနင်းဖို့တောင် အဆင့်မရှိဘူး”

“ ဖွား မောင့်ကို ဒီလောက်အထိမပြောပါနဲ့ “

မနေနိုင်တော့သည့် နွယ်သာကီ့အသံသည် ဒီလှိုင်း၏ နောက်ကျောဘက်မှ ထွက်လာလေသည်။

“ အနှောင်းလေး နင်က မှိုင်းမိနေတာ သိလား။ နင့်ကို အဲ့အကောင်က အတင်းခေါ်သွားတာဟဲ့..နာတတ်စမ်းပါ..။ အေးပေါ့ နင်က တရိစ္ဆာန်ဆိုတော့ ဘယ်နာတတ်ပါ့မလဲ”

သွေးမတော်သားမစပ်တာမှန်ပေမယ့် မွေးဖွားသည့်အချိန်ကနေ အခုအထိကိုယ့်ရှေ့မှာကြီးပြင်းခဲ့သည့် လူတစ်ယောက်ကို ဒီလောက်အထိပြစ်ပြစ်ခါခါပြောနိုင်ဖို့က တော်ရုံမောက်မာရုံနဲ့မရ။

နွယ် အရေထူနေပြီထင်ပါ့ ဖွားရဲ့စကားတွေကို ဘယ်လိုမှမခံစားရတော့ဘူး။ နွယ် ခပ်ပြုံးပြုံးနဲ့ ဖွားကိုပြန်ကြည့်နေလိုက်တော့သည်။

“ နွယ် မနာတတ်တော့တာကြာပြီ ဖွားရဲ့..။ ကိုယ့်မြေးတစ်ယောက်လုံးလာတာကို ဖွားက အိမ်ထဲမခေါ်ချင်ဘူးလားဟင်.. သူဌေးကြီးဦးမဟာသာကီက သဘောထားသေးသိမ်စွာ သူ့မယားပါသားနဲ့သားမက်ကို ခြံအပြင်မှာရပ်ခိုင်းထားတယ်ဆိုတဲ့ သတင်းတော့ နည်းနည်းတက်လာမယ်ထင်တယ်နော် မောင်”

နွယ် ဘယ်လို သတ္တိတွေနဲ့ အရမ်းကြောက်ရသည့် ဖွားကိုပြန်ပြောနေမိမှန်းမသိ..။ နွယ် ကိုယ်ဝန်ရပြီးထဲက အကြောက်အလန့်ရယ်လို့သိပ်မရှိတော့တာ..။ မောင့်သွေးသားလေးက နွယ့်ကို သတ္တိတွေပေးနေတယ် ထင်ပါရဲ့..။

မောင်ကလည်း ဒါပေါ့ဆိုကာ ခေါင်းညိတ်ပြ၏။ ဒီလိုနဲ့ နွယ်တို့တွေ အိမ်ထဲဝင်ခွင့်ရသွားတော့သည်။

ဆိုင်ကယ်နှင့်ကားကို စင်ဝင်အောက်တွင် တစ်တန်းထဲရပ်လိုက်သည်။ ဒီလှိုင်း နွယ်သာကီ့ကို ချီ၍ ချပေးကာ လက်ဖောင်းဖောင်းလေးတွေကို သူ့ရဲ့လက်ဖဝါးအောက်မှာ နှစ်မြုပ်နေသယောင် စုတ်ကိုင်ထားပြီး ဧည့်ခန်းထဲဝင်သွားလိုက်သည်။

မျိုးရိုးစဉ်ဆက်ချမ်းသာလာသည့် နွယ်သာကီ၏မိခင်ချန်ခဲ့သော ဒီအိမ်သည် သာမာန်လူတန်းစားရပ်တည်နိုင်သည်အထိ တန်ကြေးရှိကာ ခမ်းနားထည်ဝါလှ၏။  ဒီလှိုင်း အိစက်ညက်ညောနေသည့် ဆိုဖာအပေါ် ခြေချိတ်ထိုင်ပြီး မျက်မှောင်တွေကိုကျုံ့ထားလေသည်။

နွယ်ကလည်း မောင့်‌နံဘေးမှာထိုင်ကာ‌ မောင့်မျက်နှာအရိပ်အခြေကိုကြည့်လျက် အနည်းငယ်တော့ရင်တုန်နေမိသည်။
တစ်ခဏအကြာတော့ မဟာသာကီနဲ့ ဒေဝီသာကီက အခန်းထဲကို ဝင်လာသည်။

“ နွယ်နှောင်းသာကီ မင်းသိပ်သတ္တိတွေရှိနေလို့ ပြန်လာရဲတာလား”

နွယ့်ကိုယ်လေး ဆက်ခနဲတုန်သွားရသည်။ ဘယ်လောက်ပဲသတ္တိရှိလာရှိလာ ငယ်ငယ်ထဲက ကြောက်ရသည့်ဖေဖေ့ကို နွယ်အရမ်းကြောက်သည်။အထူးသဖြင့် ဖေဖေ့ရဲ့ညှာတာခြင်းကင်းမဲ့တဲ့ အပြုအမူတွေကို..။

“ နွယ်သာကီက ပြန်မလာချင်ဘူး ကျုပ်က မိကောင်းဖခင်သားသမီးဆိုတော့ ပြန်အပ်သင့်တယ်ထင်လို့..ပြီးတော့ သူ့အမေပိုင်တဲ့အိမ်ကို သူ့သားပြန်လာတာဆန်းသလား”

“ မင်းကိုမမေးဘူး။ နောက်ပြီး အပ်ရအောင် နွယ်နှောင်းသာကီက ငါ့သား.. သမီးမဟုတ်ဘူး”

“ အို ဟုတ်တာပေါ့..ကျုပ်လည်း ကျုပ်ယောင်္ကျားက ဘာဆိုတာသိတယ်..”

ဒီလှိုင်း ဘာမထီဟန်နှင့် မဲ့ပြုံးပြုံးကာ မဟာသာကီရဲ့စကားတွေကိုခွန်းတုန့်ပြန်နေလေတော့ မဟာသာကီက ဒေါသထွက်လာပုံရသည် ခုံကိုဒုန်းခနဲမြည်အောင် ထုလိုက်လေသည်။

“ တောက်ခ် အရှက်မရှိတဲ့ ပေါက်လို့ပဲစားတွေ မင်းတို့အပ်တာကိုလည်း လက်မခံနိုင်ဘူး။ မင်းတို့ ငါ့အိမ်ကနေ အခုချက်ချင်းထွက်သွားစမ်း..။ နွယ်နှောင်းသာကီ မင်းကို အမွေဖျက်စွန့်လွှတ်မှာ သတင်းစာမှာစောင့်ကြည့်နေလိုက် "

“ အိုဟို လောလှချည်လား ယောက္ခထီးကြီးရဲ့..။ ခင်ဗျားဘာသာဖျက်ချင်ရာဖျက် ကျုပ်က ကျုပ်ယောင်္ကျားရဲ့တစ်ကိုယ်လုံးကို စိန်စီပေးနိုင်တယ်..အခုတော့ခဏပဲ ယောင်္ကျားလာအပ်တာဆိုတော့ လူစုံမှကောင်းမှာမလား ဟား ဟား”

မဟာသာကီရော ဒေဝီသာကီပါ ဒေါသတွေထွက်လာကြပုံရသည်။ ဒေဝီသာကီက စိတ္တစဆန်ဆန်ရူးမိုက်သူပီပီ ဒီလှိုင်းကို ပန်းအိုးနဲ့ပြစ်ပေါက်ရန်ကြံနေစဉ်မှာပဲ ဧည့်ခန်းထဲကို ဝင်လာသူများကြောင့် အံ့ဩသွားရတော့သည်။

သူတို့ဖွင့်လှစ်ထားတာမကြာသေးတဲ့ Jewelry Company ကရှယ်ယာရှင်တွေဖြစ်၏။ အဲ့ကုမ္ပဏီကလဲ ဒီလှိုင်းခက်ထန်၏ဖခင်အပိုင်ကို ကိုယ့်အပိုင်လုပ်ပြီးချဲ့ထွင်ထားတာဖြစ်သည်မို့ မလုံမလဲနှင့် အံ့ဩရတော့သည်။

“ ကိုစိန်မောင် ခင်ဗျားတို့က ကျုပ်အိမ်ကိုဘာလာလုပ်တာလဲ..”

“ဒါကဒီလို ကိုမဟာရဲ့အိမ်မှာ ရှယ်ယာရှင်အစည်းအဝေးလုပ်မယ်ဆိုလို့..”

“ခင်ဗျားတို့က ဒီပေါက်လို့ပဲစားကောင်ပြောတာကိုယုံကြသလား..”

“မယုံလို့လဲမရဘူးလေ ကျုပ်ရဲ့ရှယ်ယာက ခင်ဗျားတို့ထက်တောင်များသေးတယ်..”

ဝေစုနည်းသည့်ရှယ်ယာရှင်တွေဆီမှ နည်းနည်းစီလိုပ်ဝယ်ပြီးသည့်နောက် ဒီလှိုင်း၏ရှယ်ယာသည် လေးဆယ့်ငါးရာခိုင်နှုန်းဖြစ်သွားကာ သုံးဆယ့်ငါးရာခိုင်နှုန်းသာရှိသည့် မဟာသာကီထက်ပို၍များသွားသည်။

“ မင်း..”

“ တကယ်လို့ ကျုပ်ရဲ့အဖေသာမသေခဲ့ရင်.. ကျုပ်သာထောင်မကျခဲ့ရင် ခင်ဗျားလက်ထဲ ဒီကုမ္ပဏီရောက်လာမယ်ထင်လား.. ဟက်..ဝေးသေး..”

မဟာသာကီ ဒေါသထွက်လွန်း၍ အသားတဆက်ဆက်တုန်နေ၏။ နွယ်ကတော့ မျက်လုံးဝိုင်းလေးတွေနဲ့ ဒီလှိုင်းကိုသာကြည့်နေကာ ပြောသမျှကို တအံ့တဩဖြစ်ရော၏။

“လူကြီးမင်းတို့ထိုင်ပါအုံး ကုမ္ပဏီရဲ့ CEOကိစ္စလေးတစ်ခါထဲဆွေးနွေးရအောင်...အခုကုမ္ပဏီရဲ့CEOက အမြဲအလေလိုက်နေတဲ့ ဝေလွန်းသာကီဟုတ်တယ်မလား..”

ဒီလှိုင်း ခနဲ့ပြုံးနဲ့ ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ ခေါ်ထားသည့်လူတွေကိုပါဧည့်ခံနေ၏။

“ နင်ငါ့မြေးကို ဘာမှပုတ်ခတ်စရာအကြောင်းမရှိဘူး..”

“ အို မဝံ့မပါဘူး..အဲ့တာကြောင့်လဲ နွယ်သာကီက လက်ထပ်ဖို့ကိုဝေ့နေတာ..ကျုပ်ယောင်္ကျားက ရည်မှန်းချက်မရှိတဲ့လူမျိုးကိုမကြိုက်ဘူး နောက်ပြီး ကျုပ်မဟုတ်ရင် ဘယ်ကောင်ကိုမှ သူ မကြိုက်ဘူး..”

“ နင်..”

“အမေတော်ပါတော့..”

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေပြီမို့ မဟာသာကီ သူ့မိခင်ကို သူကိုယ်တိုင်သာ တားလိုက်ရသည်။ ကိုယ့်သားကိုယ်တိုင်ကိုကလဲ မဟုတ်တာမို့ ဒီ့ထက်အရှက်မကွဲချင်ပေ။

“ ကျွန်တော်တို့ စကားခဏပြောလိုက်အုံးမယ် အမေသွားနားလိုက်တော့‌နော်..”

ကြာပန်းဖြူလိုလူမျိုးမို့ လူအများရှေ့မှာ သရုပ်ဆောင်ပြသည့်ကိစ္စရပ်ကို သူအထူးကျွမ်းကျင်ကာ သူ့အပြစ်မှ ဒီလှိုင်းအပြစ်သို့ လွှဲချချင်ဟန်ရှိသည်။
ဒေဝီသာကီလည်း အရိပ်အခြေကိုနားလည်စွာ ရှောင်ဖယ်သွား၏။

“ ဆိုတော့က..ကျုပ်သားကို ခင်ဗျားတို့က ရာထူးက ဖယ်ချချင်တယ်ပေါ့..ဆယ်စုနှစ်စလုံး ကျုပ်လက်ထပ်သင်ပေးလာတဲ့သူကို ပြစ်ပယ်ပြီး ဘာမဟုတ်တဲ့ထောင်ထွက်ကို ခင်ဗျားတို့က နေရာပေးချင်တာလား..”

“ ကားမောင်းတဲ့သူတိုင်းကားမတော်တဆဖြစ်ဖူးကြတာပဲ ကိုမဟာရဲ့..ဒါကသူတမင်လုပ်လို့မှမဟုတ်တာ မကျေအေးပေးနိုင်တဲ့လူတွေနဲ့တွေ့သွားလို့သာ သူထောင်ကျသွားရတာ..”

ဦးစိန်မောင်က ဒီလှိုင်း၏ဖခင်လက်ထက်ထဲက ရှိသူဖြစ်၍ ဒီလှိုင်းခက်ထန်၏အရည်အချင်းကိုသိသလို စာရိတ္တကိုလဲသိ၏။

“ ခင်ဗျားက အခုတော့မျက်နှာကြီးရာဟင်းဖက်ပါသွားတာလား ကိုစိန်မောင်..ကျုပ်တို့က ဒီစီးပွားရေးတစ်ခုထဲအဆက်အဆံရှိတာမဟုတ်ဘူးနော် ကိုစိန်မောင်..”

“ကျုပ်က မျက်နှာလိုက်တာမဟုတ်ဘူး ကိုမဟာ..ကျုပ်မိတ်ဆွေဟောင်းရဲ့သားကို တစ်ဖက်စောင်းနင်းပြောနေတာမကြိုက်လို့..”

လူကြီးနှစ်ယောက် သူတစ်ပြန်ငါတစ်ပြန် အပြန်အလှန်စကားနာထိုးနေကြသည်ကို ဒီလှိုင်းခက်ထန်ထိုင်သာကြည့်နေလိုက်သည်။ ဦးစိန်မောင်ဆိုတာ လွန်ခဲ့တဲ့နှစ်တွေက ဒီလှိုင်းကိုမြေကွက်ပြန်ပေးခဲ့သူဖြစ်ပြီး BBrown မှန်းသိသူလဲဖြစ်၏။ သူသည်လည်း အကျိုးလိုလို့ညောင်ရေလောင်းသည်ဟုပဲ ဒီလှိုင်းထင်မိသည်။

“ကဲ လာရင်းကိစ္စလေးပဲပြောရအောင်..ကျုပ်နာမည်က ဒီလှိုင်းခက်ထန် ဦးစိန်ခန့် ဒေါ်ခက်သွယ်တို့ရဲ့သားအကြီး..ဦးလွမ်စေးရဲ့တစ်ဦးတည်းသော တပည့်.. BBrown ဆိုရင်းလဲ မှန်တယ်...”

“ မင်းက..”

မဟာသာကီအံ့ဩသွားသည် ရတနာလောကမှာရော စီးပွားရေးလောကမှာပါ Y Groupပိုင်ရှင် ဦးသော်ကနောင်၊ဦးလရောင်သျှင်တို့နဲ့အပြိုင်နာမည်ကြီး သည့် ဦးလွမ်‌စေးနှင့်သူ၏တပည့်ကို သူမှမဟုတ် လူတိုင်းသိသည်။ သူတောင်ထိုလူတွေရဲ့ စီးပွားရေးလမ်းကြောင်းထဲ ဘယ်လိုမှမတိုးနိုင်လို့ ကြံရာမရဖြစ်နေတာဖြစ်၏။

“ အင်း ကျုပ်..ခင်ဗျားအထင်သေးနေတဲ့ကောင်က အဲ့လိုကောင်..ဆိုတော့က ဒီကုမ္ပဏီကိုဦးဆောင်ဖို့ အရည်အချင်းစစ်အုံးမလား..”

မဟာသာကီ၏ ဆုပ်လည်းဆူး စားလည်းရူးအခြေအနေကို သူ၏မယားပါသားကိုဖက်ကာ တစိမ့်စိမ့်ကြည့်နေသည့် ဒီလှိုင်းသည် အတော်ကိုကျေနပ်နေပုံရသည်။

“ လူကြီးမင်းတို့ကော ဘယ်လိုသဘောရလဲ ကျုပ်က အရည်အချင်းအစစ်ခံသင့်လား..”

“ကျုပ်တို့အနေနဲ့ကတော့ ဘယ်သူCEOလုပ်လုပ်ကန့်ကွက်စရာမရှိဘူး။ ဒါပေမဲ့ ကျုပ်တို့အကျိုးစီးပွားကို တစ်စ၊တစ်စတိုးတက်အောင် အရည်အချင်းရှိတဲ့လူကိုပဲ ကျုပ်တို့ကလိုချင်တာပေါ့ဗျာ..”

ထိုလူ၏ မယုတ်မလွန်စကားဥိးပျိုးပုံအရ ဦးမဟာသာကီနဲ့ ကျန်သည့်စီးပွားရေးမှာ ကင်းရှင်းပုံမရချေ။

“သူက BBrown ဆိုတာ ခင်ဗျားတို့ဘာကြည့်ပြီးယုံကြတာလဲ။ သူ့လိုထောင်ထွက် ဘဝပျက်က ဒီလောက်အထိဖြစ်နိုင်စရာလိုလို့လား...”

“ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ် ဖေဖေ..”

နွယ်သာကီ့စကားကြောင့် ဒီလှိုင်းပိုတိုးဖက်ကာ ပြုံးလျက် နွယ်သာကီ့နားအနားကိုကပ်ကာ တီးတိုးဆိုလိုက်သည်။

“ ကျွန်တော့်အမျိုးသားလေး သိပ်တော်တယ်..”

နွယ်သာကီက ပြုံးပြပေမယ့် အသက်ဝင်လှသည့်အပြုံးမျိုးမဟုတ်။ စိတ်ခံစားချက်အရရော လူတွေကြားထဲမှာ မတ်မတ်ထိုင်ရတာကြာလာတာကြောင့်ရော ကိုယ်ဝန်နဲ့သူသည် အဆင်မပြေဖြစ်လာသည်မို့ မူပျက်နေ၏။

“ မင်း အပေါက်ပိတ်ထား နွယ်နှောင်းသာကီ..”

“ကျုပ်အမျိုးသားကို ခင်ဗျားအော်စရာမလိုဘူး ဦးမဟာသာကီ..ခင်ဗျားကျုပ်ကို မယုံဘူးမလား..ရတယ်..ဦးလွမ်စေးနဲ့ဦးဘုန်းပြည့်စုံကိုတော့ ယုံမယ်မလား..”

ဒီအခြေအနေတွေကိုကြိုသိ၍ ထိုလူနှစ်ယောက်ကို အစထဲက ဒီလှိုင်းခေါ်ထားတာဖြစ်၏။ တစ်ချိန်လုံးနောက်ကွယ်က အလုပ်လုပ်လာတဲ့သူ့ကို တော်ရုံလူမမြင်ဖူး၍ ဒီကိစ္စမျိုးဖြစ်လာမည်ကို သူကြိုတင်ခန့်မှန်းခဲ့ပါသည်။

ဒီလှိုင်းတို့နံဘေးထိုင်ခုံမှာပဲ လွမ်စေးနဲ့ ဘုန်းပြည့်စုံဝင်ထိုင်လိုက်ပြီး ဒီလှိုင်းနှင့် အချင်းချင်းမျက်ခုံးပင့်ကာနှုတ်ဆက်လိုက်သည်။

ဘုန်းပြည့်စုံကတော့ သားမက်ကောင်းလေးရထားတဲ့ ဦးမဟာသာကီ၏ရုပ်ကြီးကိုကြည့်ကာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။

“ ဖြတ်ပြောတာတော့မဟုတ်ဘူးနော်..ဦးမဟာသာကီကို ကျုပ်ပထမဆုံးပြောချင်တာက ကျုပ်clubမှာ မိုးလင်းမိုးချုပ်ရှိနေတဲ့ ဝေလွန်းသာကီကို ပြန်ခေါ်ပါအုံး ကြာရင်ကျုပ်ကိုပါသားမက်ခေါ်နေရမယ်...”

ဘုန်းပြည့်စုံသည် သူ၏ကိုယ်ပိုင်စ နောက်သည့်မူနှင့် သူ့ညီလေးကို ပိုးစိုးပက်စက်ပြောထားသည့်ယောက္ခထီးအား လူပုံလည်မှာ စစ်ပွဲကြေညာလိုက်သည်။ ဘုန်းပြည့်စုံက ဟော်တယ်၊club,barကဲ့သို့ အပန်းဖြေသည့်နေရာတွေကိုပိုင်ဆိုင်၏။ သူ၏ပိုင်ဆိုင်မှုကလဲ မဟာသာကီထက်မကျော်ရင်တောင် တန်းတူအနေအထားမျိုးဖြစ်သည်။ သို့သော် သူက အမှီအခိုကင်းကင်းနဲ့ သမာအာဇီဝ ရှာထားတာမို့ သူကပိုတော်ပါသည်။

မဟာသာကီမျက်နှာပျက်သွားပေမယ့် ဘာမှတော့ပြောမလာဘဲ လက်သီးတင်းတင်းစုတ်ကာ အံကိုကြိတ်ထား၏။သူ၏ရင်နင့်သည်းခြား တစ်ဦးတည်းသောသားဟာ လူပုံလည်မှာ သုံးစားမရသည့်သူတစ်ဦးဖြစ်နေပြီမို့ အတော်ဒေါသထွက်နေပုံရသည်။

“ဒီလှိုင်းခက်ထန်က BBrown မဟုတ်ရင် ဘယ်သူက BBrown ဖြစ်မလဲ ဦးမဟာသာကီ...”

ရုတ်တရက်ထမေးသည့် လွမ်စေးကြောင့် အခန်းထဲရှိလူများငြိမ်ကျသွားပြီး ဦးမဟာသာကီကိုသာစူးစိုက်ကြည့်နေသည်။

“ကိုယ့်လူမို့ပြောတာမဟုတ်ဘူး..ဒီလှိုင်းခက်ထန်မှမဟုတ်ရင် ဘယ်သူက ကိုယ်ရှာထားတာရဲ့တစ်ဝက်တိတိကို ကိုယ်ကျိုးကင်းကင်းနဲ့ လှူဒါန်းနိုင်မလဲ..ကျုပ်တောင် ရှာထားတဲ့တစ်ဝက်စလုံး နှမြောတသစိတ်ကင်းကင်းနဲ့ မလှူနိုင်ဘူး။ သူက ထောင်ထွက်ဆိုတာ မှန်တယ် သူတမင်ကြံစည်ခဲ့တဲ့အရာမဟုတ်လို့ အတိတ်ကိုအတိတ်မှာထားခဲ့သင့်တယ်လို့ မထင်ဘူးလား။ ရှေ့လျှောက် ကျုပ်ညီကို မှိုချိုးမျှစ်ချိုးပြောလာခဲ့တဲ့ ဘယ်သူကိုမဆို ကျုပ်ရဲ့စီးပွားရေးနယ်ပယ်မှာ banမယ်။ ဒီလောက်ကတော့ ကျုပ်လုပ်နိုင်တာ ခင်ဗျားတို့သိမှာပါ..”

လွမ်စေးအနေနဲ့ ခြိမ်းခြောက်တာမဟုတ်သလို သူတကယ်လုပ်တော့မယ့်အရာကို ‌တစ်သမတ်ထဲလေသံနှင့် ရှင်းရှင်းလင်းလင်းပြောပြနေတာဖြစ်၏။ ညီတစ်ယောက်သဖွယ် သွန်သင်၊လေးစား၊စောင့်ရှောက်ခဲ့ရသည့် သူစိမ်းတစ်ဦးအတွက် သူဟာလူမုန်းခံရမယ်ဆိုလျှင်တောင် ထိုသူက ဒီလှိုင်းခက်ထန်‌ဖြစ်နေသ၍တန်ပါသည်။

“ ဦးလွမ်စေးကတောင် ထောက်ခံနေပြီဆိုတော့ ကျုပ်တို့ယုံပါပြီ..အဲ့တာဆို မဲပေးဆုံးဖြတ်ကြတော့မလား.."

“ ခဏလေး လူကြီးမင်းတို့မဲပေးချင်ရင် ကိုလွမ်စေးတို့နဲ့ပဲ လွှဲခဲ့တော့မယ် ကျုပ်အမျိုးသားကအပေါ့မပါးကြီးနဲ့မို့လို့ ရေရှည်ထိုင်လို့အဆင်ပြေမှာမဟုတ်ဘူး..ဪ..     ဦးမဟာသာကီတို့ အကျိုးလိုလို့ပျိုးခဲ့တဲ့ ပန်းလေးကို ကျုပ်ကယုယုယယလေးခူးလိုက်ပြီ..”

နွယ်တို့ပြန်ဖို့လုပ်နေစဉ် တစ်ချိန်လုံးတိတ်နေခဲ့သည့် မဟာသာကီ့ဆီမှ အသံထွက်လာသည်။

“လာအပ်ရင် ထားခဲ့ရတယ်ဆိုတာ မင်းမသိဘူးလား ဒီလှိုင်းခက်ထန်..”

“ကျုပ်က အပ်တယ်ဆိုတာ စကားလှအောင်သုံးတယ်ဆိုတာရော ဦးမဟာသာကီကမသိဘူးလား..”

“ငါတို့မျိုးရိုးမှာ အပ်ပြီးရင် ထားခဲ့ရတယ် မထားရင်ကလေးမွေးတဲ့အခါ အခက်အခဲရှိနိုင်တယ်..”

“ နွယ်သာကီက ခင်ဗျားနဲ့သွေးမတော်သားမစပ်မို့ လိုက်နာစရာမလိုဘူး ထင်တယ်..”

“ သူ့ကိုငါတို့ စောင့်ရှောက်ကျွေးမွေးလာတာ..”

“ အကျိုးလိုလို့ ညောင်ရေလောင်းတာကို ကျေးဇူးကျွေးတင်ခံချင်နေသေးတယ်..”

“ငါပြောတာနားမထောင်ဘဲ ဒုက္ခဖြစ်မှ နား‌မထောင်မိတာ မှားတယ်မဆိုနဲ့..”

စေတနာနဲ့‌သတိပေးသလို နွယ့်ကိုခြောက်လန့်လာသည်။ နွယ် မောင့်ကို မော့ကြည့်တော့ မောင်ကနွယ့်ကိုအလိုမကျစွာ မျက်ခုံးကျုံ့ထားလေသည်။

“ နွယ်သာကီ မဟုတ်တဲ့စကားတွေနားမယောင်နေနဲ့။ ကျုပ်ရဲ့ကလေးက ခင်ဗျားကိုဒုက္ခပေးမှာမဟုတ်ဘူး။ ခင်ဗျားရဲ့မိသားစုကသာ ကျုပ်ရဲ့ကလေးကို ဒုက္ခပေးနိုင်တာ “

နွယ် စဉ်းစားရကြပ်လာသည်။

ဖေဖေပြောတာရော မောင်ပြောတာပါ နှစ်ဖက်မျှစဉ်းစားရသည်။ ဖေဖေ့ဒီလိုပုံစံကို နွယ်တစ်သက်နဲ့တစ်ကိုယ် အခုမှ‌တွေ့ဖူးတာမို့ ဖေဖေ့ဘက်ကိုမဲများသွားရကာ မောင့်ထံပါးတိုးလျှိုခွင့်တောင်းရသည်။

“‌ မောင့်နွယ်လေ ဒီမှာ ခဏနေချင်တယ် ခွင့်ပြုပါ မောင်ရယ် နော်..နော် “

“ နွယ်သာကီ ခင်ဗျား..နေဗျာ..ကျုပ်ပါ ဒီမှာတစ်ပတ်နေမယ် ပြည့်တာနဲ့ချက်ချင်းပြန်ရမယ် ခင်ဗျား “

“ အင်း အင်း”

ချစ်တော့လဲ အန္တရာယ်ကြားမှာ သာယာချင်တယ်ဆိုရင်တောင်မှ ဒိုင်းကာသဖွယ် ကာကွယ်ပြီးထားချင်သေးတာ..။

အချစ်က ဤသို့ အရာရာဖြည့်စည်းပေးခြင်းတဲ့…

Mg'd Nwel Thar Kii (Book version)Where stories live. Discover now