CH:3

1.1K 47 0
                                    

မောင့် နွယ်သာကီ
အပိုင်း(၃)

စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ပြီး ကောင်းကင်ကိုလွတ်လွတ်လပ်လပ်ငေးမောလို့ရတဲ့ ခုံတန်းရှည်လေးမှာ သူထိုင်နေခဲ့တယ်။ သူ့မှာ ယခင်ကလို ရိုးသားကြိုးစား လူ့ယဉ်ကျေးပုံစံမရှိတော့။ ယခင်က ပုံကျကျဖြီးသင်တတ်သည့် ဆံပင်တွေဟာ ယခုတော့ ဗိုလ်ချုပ်ကေ ခပ်တိုတို။ ယခင်က ညိုစိမ့်စိမ့်နှုတ်ခမ်းတွေက စီးကရက်ဒဏ်ကြောင့် ခပ်မှိုင်းမှိုင်း။ ယခင်က သွားဖွေးဖွေးလေးတွေက ယခုတော့ နီကြောင်ကြောင် ဖြစ်နေ၏။
ဒါတွေက ချုပ်နှောင်ခြင်း
နယ်‌မြေမှာရှာဖွေထားတဲ့ စိတ်ထွက်ပေါက်တွေပါပဲ..။

နဂိုက ထွားသည့် ခန္ဓာဟာ ယခုလေ့ကျင့်ခန်းပိုလုပ်မိနေ၍ ပိုထွားကြိုင်းကာ (၆)ပေတိတိအရပ်ဖြစ်လာပြီး ကြွက်သားတုတ်တုတ်တို့ကို ပိုင်ဆိုင်လာ၏။ ဗလာသက်သက်မျက်ဝန်းတွေကလွဲလို့ အစစ အရာရာ သူအဆင်ပြေနေ၏။

အိမ်က စီးပွားရေးပြန်ကောင်းလာသလို အငယ်ဟာလည်း ဆယ်တန်းကိုထူးထူးချွန်‌ချွန်အောင်၏။ သူ့လွမ်းမောစရာက မေမေမရှိတော့တာ တစ်ခုပါပဲ..။ အချစ်လား အလကား စိတ္တဇနာမ်ပဲ..။

သူ အားချိန်တိုင်း ကောင်းကင်ကို ငေးမောပြီး လွတ်လွတ်လပ်လပ်ဖြတ်သန်းသွားနေတဲ့ ငှက်တွေ၊လေယာဉ်တွေကို မနာလိုတတ်လာတယ်။
သူတို့ကြတော့ ဘာကြောင့် လွတ်လပ်နေရတာလဲ ငါကျတော့ရော ဆိုပြီးယှဉ်တွေးကြည့်လာတယ်။

မလွတ်လပ်ခြင်းရဲ့ ဒဏ်ကိုခံရမှ လွတ်လပ်ခြင်းရဲ့အရသာကို လွမ်းမောလာတယ်။
‘လှောင်အိမ်ထဲ ရောက်ဖူးမှ လှောင်အိမ်ထဲက ဘဝတွေကို စာနာတတ်လာမယ်
ဆန်ကြမ်းစားဖူးမှ ဆန်ကြမ်းတောင်
မလောက်ငှလို့ ဆန်စိပျောက်ကြိုစားရတဲ့
ဘဝ‌တွေကို နားလည်တတ်လာမယ်’တဲ့ မေမေ့ဆုံးမစကားတွေက အခုတော့အရာရောက်ပြီ ထင်ပါရဲ့..။

ဘာလိုလိုနဲ့..သူတောင် လွတ်လပ်ဖို့ (၃)နှစ်ကျော်ပဲလိုတော့တာ..။

“ ဒီလှိုင်း ငူငူငိုင်ငိုင်ဖြစ်နေမယ့်အစား ဟင်းသာ ချက်စမ်းပါကွာ လဒကြီးလိုမှိုင်နေတော့ လာဘ်ပိတ်တယ်ကွ"

“ မင်းပဲ လာဘ်ခေါ်အရုပ်လေးဖြစ်နေလိုက်..”

အသံခပ်ဩဩနှင့် ဆက်ခနဲ ပြန်ပြောလိုက်‌လေသည်။ အရင်က သူများအလိုလိုက်ကာ အားနာတတ်သည့် ဒီလှိုင်းခက်ထန်မှ ဟုတ်လေစ..။ ဒီလှိုင်းခက်ထန်ဆိုတဲ့ နာမည်က အခုမှအသက်ဝင်လာဟန်။ အရင်က ဒီလှိုင်းဆိုတာ ငြိမ့်ငြိမ့်ညောင်းညောင်း ကမ်းရှိရာကို လှိုင်းပြေတွေနဲ့ သွားရိုက်ခတ်တတ်တဲ့လူ.. အခုတော့ ခက်ထန်လာတယ်။ မုန်တိုင်းရဲ့အကြွင်းအကျန်လှိုင်းတွေလိုပဲ အရှိန်ပြင်းပြင်းနဲ့ ကမ်းခြေကိုတိုက်စားတတ်လာတယ်။
လူယဉ်ကျေးတွေဆိုးသွမ်းသွားရတဲ့ တရားခံက ပတ်ဝန်းကျင်ကြောင့်ပဲ။
ဘယ်လောက်ပဲ ခေါင်းကြောမာပါစေ နှလုံးသားကပေးတဲ့ ပြစ်ဒဏ်ကိုတော့ မလွန်ဆန်နိုင်ကြဘူးမလား။ ဒီလှိုင်းရဲ့ နှလုံးသားက နောင်တတရားကို ဆောင်ကြဉ်းပေးခဲ့၏။

“ ဒီလှိုင်း ငါတိုင်ပင်စရာရှိလို့ လဒကြီးလိုမှိုင်မနေနဲ့ ငါ့ကိုကြည့် “

ဘေးကနေ တတွတ်တွတ်နဲ့ ကလေးမအေလိုလို ဘာလိုလိုနဲ့ သကောင့်သား ဧရာဇင်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ဒီကောင်က သိပ်ကိုစကားများတာ။ လွန်ခဲ့တဲ့နှစ်လကမှ ခိုးမှုနဲ့ရောက်လာတဲ့ကောင်။ လူလေးကသေးသလောက် ဇကတော့ သေးသည့်ကောင်မဟုတ်။ ပြီးတော့ ဒီကောင်က မိဘမဲ့ တစ်ကောင်ကြွက် ငယ်ငယ်ထဲက ကိုယ့်ဝမ်းကိုယ်ရှာစားရတဲ့ကောင်။

“ ပြောကွာ ဘာလဲ ဘာလဲ “

“ ငါတို့ ဒီကထွက်ရင် ဘာအလုပ်မှရှိမှာမဟုတ်ဘူးနော်..”

“ အရင်တုန်းကလဲ မင်းမှာရှိခဲ့လို့လား..”

“ ဟင့်အင်း..ရတဲ့နေ့နဲ့ ပြုတ်တဲ့နေ့ တစ်ရက်ထဲပဲ..”

ဧရာဇင့်အပြောကြောင့် သူခပ်ဟဟရယ်လိုက်၏။ ဒီကောင် တောင်ရုံတန်ရုံကြောင်တာမဟုတ်ဘူး တော်တော်လေးကိုကြောင်တာ။ ပြီးတော့ အဲ့ဒီ့ကြောင်တဲ့ပုံစံတွေနဲ့ ဒီလှိုင်းတို့တစ်ဆောင်လုံးကို ပါးစပ်မစိရအောင်လုပ်တတ်တယ်။

သူနဲ့ဆို ဧရာက ရွယ်တူမို့ နှစ်လဆိုတဲ့အချိန်တိုအတွင်း အတူစား အတူသွား အတူအိပ်ရ၍ ငယ်ပေါင်းကြီးဖော်တွေလို သူတို့သိပ်ကိုခင်မင်သွားကြ၏။ နဂိုထဲက အခင်မင်ဆုံးအပေါင်းအသင်းဆိုတာ မရှိတာမို့ ဘဝတစ်ကွေ့မှာတွေ့ရတော့လည်း မဆိုးပါဘူးပေါ့..။

“ အေးပေါ့..မင်းလိုဆရာဝန်လောင်းက ငါ့လို အညတရလေးကိုရယ်တာပေါ့ ရပါတယ် ရယ်ပါ..စိတ်ကြိုက်..”

အသံကသာသနားချင်စရာကောင်းတာ လူက ဖြတ်ရိုက်ချင်စရာ ပြုံးစိစိနဲ့ အပိုးကိုမကျိုးပေ။ ဒီလှိုင်း မျက်နှာတည်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် အရွဲ့တိုက်သလိုလို လှောင်ပြောင်သလိုလိုနှင့် ရယ်သံသွေး၏။

“ ဟက်..ဆရာဝန်လောင်းလား..အဲ့ဂုဏ်ပုဒ်က ငါဒီထဲရောက်ထဲက ရေစုန်မျောခဲ့ပြီ..ဘဝမှာ ပထမဆုံးခြေလှမ်းက မဖြစ်နိုင်တော့လို့ လက်လျော့ပြီးနေမယ့်သူထဲမှာ ငါမှမပါတာ..အပြင်ရောက်ရင် ဖေဖေ့ကုမ္ပဏီမှာ အသေးစိတ်လေ့လာပြီး စီးပွားရေးပဲလုပ်တော့မယ်..မင်းလဲ စိတ်ဝင်စားရင် ငါ့ဆီပဲလာခဲ့..အရင်ကလုပ်ခဲ့တာတွေပြန်မလုပ်နဲ့တော့..ငါထောင်ဝင်စာလာမတွေ့ချင်ဘူး..”

“ ဖွီ နိမိတ်မရှိလိုက်တာကွာ..ဒီတစ်ခါအပြင်ပြန်ရောက်ရင် ငါ့ချစ်ချစ်ကြီးဆီမှာ အလုပ်တောင်းပြီး လုပ်မှာပေါ့..အရင်အလုပ်တွေမလုပ်တော့ဘူး..”

နှစ်လအတွင်းမှာ ဧရာဇင်သည် တစ်ဖက်သက်အချစ်နဲ့ ရင်းနှီးကျွမ်းဝင်သွား၏။ သူချစ်သည့်သူဟာ သူ့အပေါ် ညီအစ်ကိုကဲ့သို့၊ တူသားကဲ့သို့သာပြုမူနေ၍ ရင်နာရသည်မှာ အကြိမ်ကြိမ် အခါခါ။

“ အေးပါကွာ ဆရာရယ် ဟိုကဖြင့် Brother zoneထဲကနေ ဆံချည်မျှင်လောက်တောင် မထွက်ဘဲနဲ့များ ဟား..ဟား..”

“ မင်း..အယုတ်တမာ..ငါမေ့ထားတာကို လာပြောတာကျန်..”

ဧရာဇင်က ဒီလှိုင်းရဲ့ တောင့်တင်းသည့် ကျောကုန်းကို တအုန်းအုန်းနှင့် ထုပါတော့သည်။ ထုလိုက် ရယ်လိုက်နှင့်လုပ်နေသော သူတို့နှစ်ဦးကိုကြည့်နေသည့် သူတစ်ယောက်၏ မျက်နှာမှာတော့ အလိုမကျခြင်းတွေဖြစ်ပေါ်လို့။
တစ်ခဏအကြာ ဧရာဇင်သည် ကိုလွမ်စေးခေါ်၍ ခပ်မြန်မြန်ထွက်သား၍ ဤနေရာမှာ ဒီလှိုင်းနဲ့ စီးကရက်ငွေ့တွေသာ အဖော်ပြုနေတော့သည်။

စီးကရက်ကို ဖိချေကာ အဆုံးအစမဲ့ ကောင်းကင်ပြာကို အတော်အတန်ကြာအောင် ‌လွမ်းလွမ်းဆွေးဆွေးငေးမောမိနေခဲ့သည်။
အဲ့နေ့က သူကြည့်ခဲ့တဲ့ ကောင်းကင်ပြာမှာ မိုးညိုနေလေရဲ့..
မောင်တော့လေ မင်းကိုစိတ်မဖျက်နိုင်လွန်းလို့ ရူးရပါတော့မယ် မောင့်နွယ်..

မိုးရာသီသည် အဆွေးဓာတ်ခံရှိတဲ့လူတွေအတွက် တငိုငိုတရယ်ရယ်ဖြစ်စေမည့်အချိန်အခါကောင်းဖြစ်ပေ၏။ ကော်ဖီခါးခါးလေးတစ်ခွက်နဲ့ အငြိုးတကြီး ရွာနေသောမိုး လိုက်လဲ လိုက်ပါပေတယ်။

အငွေ့တထောင်းထောင်းထနေသည့်ကော်ဖီခွက်ကို ကိုင်ကာမှန်ပြင်မှ စီးဆင်းနေသော မိုးရေစက်တွေကို ငေးမောကြည့်လျက်  လွန်ခဲ့သည့် လေးနှစ်ကျော်က မြိုင်သာကီ စံအိမ်တွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်လေးတစ်ခုဆီသို့ အတွေးနယ်ချဲ့ နေခဲ့ပြီး ကိုယ့်ကိုကိုယ်သာ ထပ်ခါတလဲလဲအပြစ်တင်နေမိတော့၏။

မိုးစက်တွေနဲ့အတူ မျက်ရည်စက်တွေပါ စီးမျောသွားတာကို အကြင်သူသိပါလေစ။
ထိုနေ့က ညဘက်ကြီး ဖခင်လုပ်သူနဲ့ နွယ်နှောင်းသာကီ ဧည့်ခန်းမှာအချေအတင်ဖြစ်နေကြပါ၏။

“ နွယ်နှောင်းသာကီ မင်း ဟိုကလေကချေနဲ့တွဲနေတာဆို အခုဖြတ်မှာလား မဖြတ်ဘူးလား”

မောင်နဲ့နွယ့်အကြောင်း ဖေဖေဘယ်လိုသိသွားသလဲ နွယ်ဖြင့် စဉ်းစားလို့ကိုမရဘူး။ နွယ်သိတာ နွယ်ဖေဖေ့ကိုကြောက်တယ် သို့ပေမယ့် မောင့်ကိုချစ်တယ်။ နှလုံးသားတစ်ခုလုံးနဲ့ကိုရင်းပြီး ချစ်တာပါ..။

“ ဟင့်..ဟင့်အင်း ဖေဖေ နွယ် မောင် မောင့်ကိုချစ်တယ် ဖေဖေ “

“ ဘာ..မင်းကို ဒီအရွယ်ထိပြုစုယုယခဲ့တာ အဲ့လိုလမ်းဘေးက အကောင်ကိုကြိုက်ဖို့မဟုတ်ဘူး။ ငါပေးစားတာကျ မယူချင်ပဲ အခုကျမှ ကလေကဝနဲ့ကြိုက်ရသလား နွယ်နှောင်းသာကီ မင်းတော့ကွာ “

“ ဖေဖေ မောင်က ဖေဖေပြောသလို လမ်းဘေးကကောင်မဟုတ်ရပါဘူး။ နွယ်တို့လိုပဲ ရတနာကုန်သည်မိသားစုက မွေးလာပြီး ဆေး‌ကျောင်းတက်နေတဲ့သူပါ ဖေဖေ..ဖေဖေ ပေးစားတဲ့ နွယ့်ညီကမှ ဖေဖေပြောသလိုဖြစ်နေတာလေ..”

နွယ် ဘယ်လိုသတ္တိတွေနဲ့များပြန်ပြောခဲ့မိလဲ မသိ။ ဖေဖေက နွယ့်ပါးကို အားပြင်းပြင်းရိုက်လိုက်ပါ၏။

ဖြောင်း~~

နွယ် ပုံလျှက်လေးလဲကျသွားပါ၏။ နွယ်က ဖေဖေ့လောက်အားမသန်တဲ့ နုနုလေးမို့ ပါးမှာ လက်ဝါးရာချက်ချင်းရဲတက်လာကာ အသားလေးတွေရဲတက်လာ၏။

“ မင်းက အကောင်အားကိုးနဲ့ ဖအေကိုပြန်ပြောတယ်ပေါ့..‌တော်ပြီ တော်ပြီ နောက်တစ်ပတ်နေရင် မင်းနဲ့ ဝေလွန်းကို စေ့စပ်ပေးရမယ်..”

ဖေဖေသည် မျက်လုံးကြီးပြူးကာပြောနေတော့ နွယ်ကြောက်ပါ၏။ ပြီးတော့ မောင်နဲ့ တစ်ဘဝစာခွဲရမှာကို နွယ်ပိုကြောက်ပါသည်။

“ ဖေဖေ နွယ် ဖေဖေ့သားကို မယူနိုင်ဘူး..”

“ မင်း..ဘာပြောတယ်..”

“ ဟုတ်တယ် ဖေဖေ..ဝေလွန်းသာကီကို ကျွန်တော်ဆိုတဲ့ နွယ်နှောင်းသာကီက ဒီဘဝတင်မဟုတ်ဘူး နောက်ဘဝ နောင်ဘဝအထိ မယူနိုင်ပါဘူး..”

ဖြောင်း~ဖြောင်း~

အားပြင်းသည့်ရိုက်ချက်များကြောင့် မျက်နှာလည်သွားပြီး ပါးနှစ်ဖက်လုံး ချက်ချင်းရောင်ကိုင်းလာရသည်။ လူလည်းပဲ ပုံလျက်သား လဲကျသွားရသည်။

ဖေဖေပေးစားမယ့် ဝေလွန်းသာကီက နွယ်နဲ့ ဘာမှမတော်ပါဘူး။ ပြောရရင် ဖေဖေက နွယ့်ပထွေး၊ ဝေလွန်းက ပထွေးကပါတဲ့သား..။ နွယ့်အဖေအရင်းနဲ့ အမေအရင်းအကြောင်းတော့ နွယ်သိပ်မသိဘူး။ အဖေအရင်းက နွယ်နဲ့မေမေ့ကို နွယ်ငယ်ငယ်လေးထဲက ပြစ်သွားတယ်လို့ပြောကြတယ်။ မေမေကလဲ နွယ်ငယ်ငယ်ထဲက ဆုံးပါးသွားလို့ အဖြစ်မှန်တွေကို နွယ်သိပ်မသိဘူး။ ပြောရမယ်ဆိုရင် ဒီအိမ်မှာ နွယ့်အပေါ်အနွံတာခံတာမရှိသလို မိဘအရင်းတွေနဲ့ နွယ်ဟာမရင်းနှီးခဲ့။

မောင်သည်သာ နွယ့်တစ်ဦးတည်းသောမိသားစုဝင်..    
မောင်သည်သာ နွယ့်ခိုလုံရာ နွေးထွေးမှုအပြည့်နဲ့ အိမ်နဲ့တူတဲ့လူ..

“ ယောင်္ကျားတစ်ယောက်ဖြစ်ပြီး တခြားကောင်ကို တမောင်ထဲမောင်နေတဲ့အထိ တော်တော်ဖြစ်နေလား မင်း..”

“ အခေါ်အဝေါ်ဆိုတာ ယောင်္ကျား၊ မိန်းမ ပညက်ချက်တွေနဲ့ခေါ်ရတာမှမဟုတ်ဘဲ ဖေဖေရယ်..
ရင်နဲ့ရင်းပြီး မြတ်နိုးရတဲ့လူသားကိုလဲ မောင်လို့ခေါ်လို့ရပါတယ်.."

Mg'd Nwel Thar Kii (Book version)Where stories live. Discover now