CH:13

1K 35 1
                                    

မောင့် နွယ်သာကီ
အပိုင်း(၁၃)

ဒီလှိုင်း အိပ်ယာဝင်တာနောက်ကျ၍ အခုမှ မနိုးချင်နိုးချင်နှင့် နိုးလာလေသည်။ နိုးလာသည်နှင့် လစ်ဟာနေသည့် တစ်နေရာကြောင့် ဝေ့ဝိုက်ရှာကြည့်မိရာ ခွက်တစ်ခွက်ကိုင်ကာ မှန်အပြင်ဘက်ကို ဘာတွေငေးနေမှန်းမသိသည့် လူကိုတွေ့ရသည်။

“ ခင်ဗျား ဘယ်ကောင့်ကို ငေးနေတာလဲ နွယ်သာကီ “

နွယ် မှန်အပြင်ဘက်က ပန်းခင်းကြီးကိုကြည့်နေရာမှ မောင့်အသံကြား၍ မောင့်ကိုလှည့်ကြည့်လိုက်သည်။

မောင်က အခုမှ အိပ်ရာနိုးခါစမို့ အပေါ်ပိုင်းဗလာကျင်းနေကာ မောင့်မျက်နှာကြည်ကြည်လင်လင်ဖြစ်နေပါလျက်နဲ့ နွယ့်ကိုကြည့်ကာ မျက်မှောင်ကြုတ်ထားလေသည်။

“ အို မောင်ရယ်..ဒီနေရာကကြည့်ရင် ဘယ်ကောင့်ကို မြင်ရလို့လဲဟင်..”

နွယ် ပြောတာလဲ မလွန်ပါ။ ပန်းခင်းတွေနဲ့ ဝေးရာ ခြံထောင့်စွန်း လူခြေတိတ်တဲ့နေရာမှာဆောက်ထားတဲ့ အိမ်မို့ ပန်းခင်းတောင် ထင်ထင်လင်းလင်းကြီးမမြင်ရချေ။

“ ခင်ဗျားက မြင်ရရင်ကြည့်ချင်တယ်ပေါ့ နွယ်သာကီ..ခင်ဗျား “

ဒီလှိုင်း လက်ညှိုးတထိုးထိုးနှင့် ခင်ဗျားကနေရှေ့မတက်နိုင်အောင် ဒေါသထွက်နေသည်မှာ တုန်ရင်နေသည်အထိ..။ နွယ် မခို့တရို့ ရယ်ကာ..။

“ နွယ်က သဘောပြောပြတာပါ‌ မောင်ရယ်..မောင့်ကိုမေးရအုံးမယ် နွယ်က ယောင်္ကျားလေးသိလား ယောင်္ကျားတွေကိုပဲကြည့်နိုင်တာဟုတ်လို့လားဟင် “

နွယ် မောင့်ကို စပြီး ရေချိုးခန်းထဲတန်းနေအောင် ဝင်ပြေးလိုက်တော့သည်။ ရေချိုးခန်းတံခါးကို ထုရိုက်ပြီး အော်လာသည့် မောင့်အသံနက်ကြီးကိုလည်း ကြားလိုက်ရပါသေးသည်။

“ နွယ်သာကီ ခင်ဗျား ထွက်ရဲထွက်လာကြည့်..”

နွယ် ကြက်သီးထသွားတာတော့ အမှန်ပါပဲ..။
ကျား..မဟုတ်ဘူး ဝက်ဝံကိုသွားစ မိတော့လဲ ခံပေါ့ နွယ်သာကီရယ်…။

နာရီဝက်ခန့်ကြာအပြီးမှာ ရေချိုးခန်းတံခါးလေး ဟ ကြည့်တော့ မွေ့ရာပေါ်မှာထိုင်ပြီး စီးကရက်သောက်ကာ ရေချိုးခန်းကိုစူးစိုက်ကြည့်‌နေသည့်
မောင့်အကြည့်နှင့်သွားတိုးလေတော့ တံခါးပြန်ပိတ်ချလေသည်။

“ နွယ်သာကီ အခုထွက်လာရင် ခင်ဗျားအပြစ်လျော့မယ်။ နောက်မှထွက်လာရင် သေမယ် “

“ အို မောင်ကလည်း အခုထွက်လာရင် နွယ့်ကိုအပြစ်မပေးဘူးလို့ပြောရမှာလေ နွယ်ကချစ်လို့စ‌တာ‌ကို “

နွယ် ရေချိုးခန်းထဲကနေ ပြန်အော်ပြောတော့ မောင့် တောက်ခတ်သံနှင့်အတူ ရေချိုးခန်းတံခါးသည် အားပြင်းပြင်းကန်ချက်ကြောင့် ပျက်သွားလေသည်။

တော်သေးတာပေါ့ နွယ်တံခါးနားမှာမဟုတ်လို့..။ မောင်ကလေ လုပ်လိုက်ရင် ရှေ့မကြည့်နောက်မကြည့်နဲ့..။

“ ဘာတွေကြောင်ကြည့်နေတာလဲ နွယ်သာကီ ခင်ဗျားလင်ရဲ့ အားက ဘယ်လောက်ပြင်းလဲ ခင်ဗျားသိသင့်တယ်..။ အလျှော့ပေးလေလေ ခင်ဗျားက ကန်းတက်လေပဲ နွယ်သာကီ..။ ပြောစမ်း စောနက ဘယ်အကောင်တွေ၊ကောင်မတွေကို ကြည့်နေတာလဲ ဟမ်.."

မောင်က နွယ့်လက်ကို သူ့အားကြီးနှင့်ကိုင်ပြီး နွယ်စောနက ရပ်နေခဲ့တဲ့ မှန်ပြင်ရှေ့ခေါ်သွားလေသည်။

“ မောင်ကလေ သဝန်တိုနေတဲ့အချိန် သိပ်ကြည့်လို့ကောင်းတာပဲ..ဒါပေမဲ့ သိပ်ကိုရိုင်းတယ်..”

နွယ် ဒေါသတရှူးရှူးထွက်နေသည့် မောင့်မျက်နှာကို ငေးကာဖြင့် ရေရွတ်လိုက်လေသည်။

“ ရိုင်းရိုင်းပဲ ပြီးတော့ ဘယ်သူက သဝန်တိုနေလို့လဲ…။ ကျုပ်က ဘယ်ကောင်တွေ ကောင်မတွေနဲ့မှ မရှုတ်ချင်လို့ ခင်ဗျားလည်း ကင်းကင်းနေ ကြားလား “

မလုံမလဲဖြစ်သွားတဲ့ မောင့်အမူအရာလေးတွေက စက္ကန့်ပိုင်းလောက်ပဲပေါ်‌သွားပေမယ့် မောင့်မျက်နှာကို လတစ်စင်းလို ငေးကြည့်ရတဲ့ နွယ်ကတော့ သတိထားမိလိုက်ပါရဲ့ မောင်..။

“ နွယ်ကြားပါတယ် မောင်..။ နွယ်စောနက ဟိုးကအရောင်အသွေးစုံ ပန်းခင်းကြီး သိပ်လှလို့ ငေးမိသွားတာပါ မောင်ရယ်..။ ဘယ်သူ့ကိုမှမကြည့်မိပါဘူး..။ နွယ့်ဘဝမှာ မောင်သည်သာ ဘုရင်။ မောင်သည်သာ ကြင်ရာ။ မောင်သည်သာ အသက်ထက်ဆုံးပါ..။ ယောင်္ကျား၊မိန်းမ ဖြစ်တည်မှုကြောင့် မောင့်ကိုချစ်ခဲ့တာမဟုတ်ပါဘူး‌ မောင်..။ မောင်ဆိုတဲ့ ဖြစ်တည်မှုကြောင့် နွယ် မောင့်ကိုချစ်ခဲ့တာပါ..။ မောင်မဟုတ်ရင် နွယ်မချစ်နိုင်တော့တဲ့အထိ နွယ့်နှလုံးသားက မောင့်ဆီမှာ ခစားပါတယ် မောင်..”

“ ဟွန်း..ခင်ဗျား သိပ်စကားများတာပဲ နွယ်သာကီ “

ဆိုကာ မောင်က အင်္ကျီကောက်စွပ်ပြီး အခန်းအပြင်ထွက်သွားတော့သည်။
ဒီလှိုင်း ကျေကျေနပ်နပ်ကြီးဖြစ်သွားကာ အပြင်ကိုရောယောင်ပြီး ထွက်လာခဲ့မိသည်။ ထွက်လာခဲ့ပြီးမှ ချက်ချင်းပြန်ဝင်ဖို့ရာ မဖြစ်နိုင်မို့ အခန်းရှေ့မှာ ဆယ်မိနစ်လောက်မတ်တတ်ရပ်ပြီးမှ ပြန်ဝင်သွားခဲ့သည်။
အခန်းထဲက တစ်ယောက်ဟာတော့ အခုထိ မှန်ပြင်ကနေမခွာနိုင်..။ ခွက်တစ်ခွက်ကိုကိုင်ပြီး ပန်းခင်းကိုငေးမောကြည့်နေတဲ့ နွယ်သာကီက သိပ်တပ်မက်စရာ..။

“ နွယ်သာကီ အဲ့တာဘာပန်းတွေမှန်းသိလို့ ခင်ဗျားကြည့်နေတာလား “

“ ဟင် မောင်..ဘာပန်းမှန်း နွယ်မသိဘူး မောင်..အရောင်အသွေးစုံစုံနဲ့ ဖူးပွင့်လာရတာ သိပ်အားကျလို့ ကြည့်နေရတာပါ မောင် “

“ ခင်ဗျားက ဘာလို့အားကျရတာလဲ “

ဒီလှိုင်းလည်း နွယ်သာကီ နည်းတူ ပန်းခင်းကို ငေးကြည့်မိလိုက်သည်။

“ သူတို့မှာပြုစုယုယမယ့် ဥယျာဉ်မှူးတွေရှိတယ် မောင်..။ အမြတ်တနိုးနမ်းရှိုက်မယ့် လူတွေရှိတယ် မောင်..အဲ့တာတွေက သိပ်အားကျစရာပေါ့ မောင်ရယ် “

နွယ်သာကီ့ရဲ့ အကြည့်တွေက ခပ်ဆွေးဆွေးနှင့် တကယ်အားကျနေသယောင်ပါပဲ..။

“ ဘာလို့လဲ နွယ်သာကီ..ခင်ဗျားမှာ ရွှေလို မြလို ဥထားပေးပြီး အမြတ်တနိုးထွေးပွေ့မယ့် ခင်ဗျားမိသားစုရှိတာပဲ..။ ခင်ဗျား အားကျစရာလိုလို့လား “

“ တချို့အရာတွေက မောင်ထင်ထားသလိုမျိုး မဟုတ်နိုင်ဘူးလေ မောင်ရယ် “

နွယ်သာကီ့ မျက်လုံးကို ဒီလှိုင်းငဲ့ကြည့်တော့ အရည်ကြည်လေးတွေဝေ့ဝှိုက်နေသယောင်ပါပဲ..။

“ ခင်ဗျားငေးနေတဲ့ ပန်းခင်းကြီးက ဂန္ဓမာပန်းတွေ။ ပြုစုယုယမယ့် ဥယျာဉ်မှူးက ပိုက်ဆံပေးလို့ လုပ်ရတာ အကျိုးလိုလို့ ပြုစုပေးတဲ့သူတွေပဲ..။ ဂန္ဓမာပန်းကို နမ်းရှိုက်မယ့်သူရှိသူရှိသလားတော့ ကျုပ်မသိဘူး နွယ်သာကီ..။ တချို့အရာတွေက ခင်ဗျား ထင်ထားသလို မဟုတ်တာလည်း ဖြစ်နိုင်ပါတယ် နွယ်သာကီ”

ဒီလှိုင်း ဘယ်လို နှစ်သိပ်ပေးလိုက်မိမှန်းမသိ..။

သူသိပ်မုန်းချင်သည့် သူချစ်ခဲ့ဖူးသူကို ဒီလိုယုယမိတာ သူမှားသလား သူမသိ..။ နွယ်သာကီ့ရဲ့ မျက်ရည်က သူ့အတွက်အရာအားလုံးကို စွန့်လွှတ်ချင်လောက်အောင်ကို လောင်မြိုက်စေပါသည်။

“ မောင် နွယ့်ကို ချစ်သလား “

“ မအပ်စပ်တာကို မမေးပါနဲ့လား နွယ်သာကီ”

“ နွယ့်ကို ဒီတစ်ခါလေးပဲ ဖြေပေးပါ မောင်”

နွယ် မောင့်ကို ကြည့်ကာ ခခယယ တောင်းဆိုမိလေသည်။

“ ကျုပ် ခင်ဗျားကို မုန်းရမယ် နွယ်သာကီ “

“ ဘယ်သူကများ စေခိုင်းသလဲ မောင်ရယ် "

နွယ် အံကိုကြိတ်ကာ ငိုချင်ရဲ့လက်တို့ဖြစ်နေလေသည်။
နွယ့်ကိုမုန်းရမယ်တဲ့လား မောင်..

“ အနာဖေးတက်နေတဲ့ ကျုပ်ရဲ့ရင်တွင်းတစ်နေရာကပေါ့ နွယ်သာကီရယ် “

မောင်က ခပ်တွေတွေငေးမောနေ‌လေဘေ နွယ်က ရင်နာရလေပဲ မောင်…။

“ မုန်းရမယ်လို့မပြောဘဲ မုန်းတယ်လို့ပြောရင်‌တောင်နွယ် ခံသာသေးပါတယ် မောင်ရယ်..။
နွယ့်ကို မောင်မုန်းတယ်ဆို မောင် ခံစားရမှာမဟုတ်ဘူး‌ မောင်..။ နှစ်ခုကြားက အဖြေကို နွယ်တော့မလိုချင်ပါဘူး မောင်ရယ်..။ နွယ့်ကို မချစ်လျှင်တောင် မုန်းလိုက်ပါ မောင်..”

“ ခင်ဗျား သိပ်ခက်တာပဲ နွယ်သာကီ “

ဒီလှိုင်း စီးကရက်ကိုသတ်ကာ တံခါးပျက်နေတဲ့ ရေချိုးခန်းထဲ တန်းဝင်သွားလိုက်သည်။
ကျုပ်ရဲ့ နာကျည်းချင်စိတ်ကို ခင်ဗျားရဲ့အချစ်တွေနဲ့ မဖုံးအုပ်ပါနဲ့လား နွယ်သာကီရယ်..။

“ ဘယ်သွားမလို့လဲ မောင် “

“ ကျုပ်ဘာသာ ဘယ်သွားသွား နွယ်သာကီ “

ဒီလှိုင်း ထိုသို့ပြောကာ အခန်းထဲက ထွက်လာပြီး ဂန္ဓမာခင်းဘက် လမ်းလျှောက်လာခဲ့သည်။ နေပူပြီး ချမ်းစိမ့်စိမ့်ရာသီဥတုကြောင့် ဒီလှိုင်း ဝါးခမောက်‌ဆောင်းကာ ချည်အင်္ကျီနှင့်ဘောင်းဘီအတိုသာ ဝတ်လာသည်။ ဒီလှိုင်းခက်ထန်ဆိုတာ အအေးကြိုက်တဲ့ကောင်မဟုတ်ပေမယ့် မအေးတတ်တော့တာ ကြာပြီ..။

ဂန္ဓမာခင်းထဲ ဒီလှိုင်း တိုးဝင်သွားပြီး ဂန္ဓမာခင်းရဲ့ အလှမ်း‌ခပ်ဝေးဝေးက ခြေတံရှည်အိမ်ပေါ်တွင် မှိန်ပျပျပေါ်လွင်နေသည့် အဝါရောင်အရိပ်လေးကို တစ်ချက်လှမ်းကြည့်လိုက်ကာ နှစ်လိုလက်ရပြုံးပြလိုက်သည်။

ဒီလှိုင်းရဲ့အပြုံးကို  တစ်ဖက်ကမမြင်ရမှာသိပေမယ့် ဒီလှိုင်းနှစ်လိုလက်ရကို ပြုံးပြလိုက်သည်။

“ အို နွယ်ရယ်..ခင်ဗျားက နွယ်ပင်မဟုတ်ရင်တောင် ကျုပ်နဲ့လိုက်ဖက်ညီတဲ့ ကျောက်စိမ်းတစ်တုံး ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ “

မျက်စိရှေ့မှာရှိပါလျက်နဲ့ အလွမ်းဒဏ်သင့်စေတဲ့အချိန်တွေဟာ အခက်ခဲဆုံးပါပဲ နွယ်ရယ်..။

ဒီလှိုင်း ဆေးဖျန်းနေတဲ့လူတွေပြန်သွားမှ ခြေတံရှည်အိမ်ဘက်ကိုပြန်လာခဲ့ပြီး လှေကားရင်းမှာ ဝါးခမောက်ကို ချိတ်ကာ အပေါ်သို့တက်လာလိုက်ပြီး အခန်းထဲဝင်လိုက်သည်။ ဒီလှိုင်းအခန်းထဲဝင်သည်နှင့် ငဲ့ကြည့်လာသည့် နွယ့်မျက်ဝန်းလှလှလေး..အို ယစ်မူးချင်စရာပဲ..။

နွယ့်ပုံစံက လှောင်အိမ်ထဲက ငှက်တစ်ကောင်နှင့်တူနေသည်။ သော့မပိတ်ထားသော်လည်း လွှတ်မြောက်မှုကို မတောင်းခံရဲသည့် ငှက်ငယ်ပေါ့..။

ဘာလို့များ ဒီကောင်ကို အပြင်လိုက်ချင်တယ် မပူဆာရတာလဲ နွယ်..။

“ ပန်းခင်းထဲလိုက်ချင်လား နွယ်သာကီ..”

မောင် မေးလာမယ်မထင်တာကြောင့် နွယ်အံ့ဩသွားကာ ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။

“လိုက်ချင်ရင် အနွေးထည်ဝတ် နေပူနေပေမယ့် အေးတယ် “

“ ဟုတ် မောင် “

စပို့ရှပ်နနွင်းရောင်ပေါ်မှာ ဆွယ်တာအဖြူကိုထပ်လိုက်တော့ ဘာလိုလေးမှန်းမသိ..။ တင်စားစရာ စကားမရှိတာဆို ပိုမှန်လိမ့်မည်။

“ လာ ဘယ်ကောင့်ကိုမှ…”

“ ဘယ်ကောင့်ကိုမှမကြည့်ပါဘူး မောင်..မောင့်ကိုပဲကြည့်ပါ့မယ် “

ဆိုကာ နွယ်သာကီက အပေါ်ကနေ ပြေးဆင်းသွားလေသည်။ နွယ်သာကီ့မျက်နှာက တကယ်ကိုရွှင်ပျနေလေသည်။

“ အပြင်ထွက်ရတာ အဲ့သည့်လောက်ပျော်ရသလား ခင်ဗျား..။ ရော့ ဒါဆောင်း နေနည်းနည်းပူတယ် “

ဆိုကာ ဒီလှိုင်း နွယ်သာကီ့ကို ဝါးခမောက်ဆောင်းပေးကာ မေးစေ့အောက်မှာ ကြိုးချည်ပေးလိုက်သည်။ ခေါင်းငုံ့ထားရတာမို့ နွယ်သာကီရဲ့ မျက်လုံးကြည်ကြည်များကို ရှောင်ရတာလဲ မလွယ်လှ..။

“ နွယ်က ဂန္ဓမာပန်းခင်းဆီ မရောက်ဖူးလို့ စိတ်လှုပ်ရှားရသလို မောင်နဲ့အတူဆိုတဲ့စိတ်က ပိုစိတ်လှုပ်ရှားရပါတယ် “

“ ခင်ဗျား စကားတတ်တိုင်းလျှောက်ပြောနေတော့တာပဲ “

နွယ်သာကီ့လက်သွယ်သွယ်ကို ဒီလှိုင်းဆုပ်ကိုင်ကာ ပန်းခင်းဘက်သို့ လမ်းလျှောက်ခဲ့တော့သည်။

နေကကြည်တောက်တောက်နှင့် ပူလောင်နေပေမယ့် ဒီလှိုင်းခက်ထန်ရဲ့စိတ်က အေးချမ်းနေတာ ပြောရခက်မနေဘူးလား..။

“ မောင့်ကျောပြင်က နွယ့်မျက်နှာမူရာ.. မောင့်လက်ကိုဆုပ်ကိုင်ရတာ နွယ့်အတွက် ဘုရားပေးတဲ့ နွေးထွေးရောင်ခြည်တစ်ခုပါ မောင် “

“ ကဗျာဆန်နေတာရပ်ပြီး အ‌ရှေ့ကြည့်လျှောက် နွယ်သာကီ..။ ချော်လဲရင် ထားခဲ့မှာ “

မောင်က ဒီလိုပါဆို..။ ဘယ်လိုမှ ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောလို့မရတဲ့လူ..။

ပန်းခင်းနဲ့ နီးလာလေလေ ရှင်းရှင်းလင်းလင်းတွေ့ရသည့် အရောင်အသွေးစုံလင်သည့် ဂန္ဓမာတွေက ငေးမောချင်စရာ ကောင်းလေလေ..။

ပန်းရောင် ဂန္ဓမာတွေက လှသလို..အဝါရောငါ ဂန္ဓမာတွေကလဲ ကဗျာဆန်၏။ အဖြူရောင် ဂန္ဓမာတွေက ဖြူစင်ခြင်းကိုဖော်ညွှန်းနေသကဲ့သို့ လှပ။

“မောင် ဒီခြံက ဘယ်သူပိုင်တာလဲဟင်..”

“ ကျုပ်အသိအစ်ကိုတစ်ယောက်ပိုင်တာ..သူက ကျုပ်ရဲ့ဆရာဆိုလဲမမှားဘူး..”

“ မောင် ဒီတလောဘာတွေလုပ်နေတာလဲဟင်..”

“ ကျောက်လောကထဲမှာ နေရာယူတယ်။ ဆရာဝန်ဖြစ်ခွင့်မရှိတော့ပေမယ့် ဆေးရုံတချို့ဆောက်ပြီး ဆေးလောကထဲမှာ ခြေဆန့်တယ်။ ပြည်ပမှာ ရှယ်ယာအနည်းငယ်နဲ့ နယ်ချဲ့တယ် ဒါပဲ”

ကိုယ်နဲ့လက်ထပ်ထားတဲ့သူကို ကိုယ့်ပိုင်ဆိုင်မှုအကြောင်းပြောပြခြင်းက ကြွားဝါခြင်းကဲ့သို့ သဘောသက်ရောက်သလို ကိုယ်ဆီမှာ သူအပူအပင်ကင်းကင်းနဲ့နေနိုင်ကြောင်းကို တစ်ဖက်လှည့်နှင့်ပြောခြင်းသဘောလဲ သက်ရောက်၏။

“ အလုပ်တွေများတော့ မောင်ပင်ပန်းမှာပေါ့..”

“ ပိုက်ဆံကအရာရာပဲမို့ ကျုပ်ငွေရှာရမယ် နွယ်သာကီ..”

“ နွယ့်အတွက်ကတော့ မောင်က အရာရာပါ”

“ ပိုက်ဆံမရှိရင် အချစ်ဆိုတာလည်း ရှိမှာမဟုတ်ဘူး နွယ်သာကီ “

“ ပိုက်ဆံဆိုတာက အရေးပါပေမယ့် ပိုက်ဆံရှိပြီး အချစ်မရှိတဲ့အရပ်ကလည်း ငရဲပါပဲ မောင်ရယ် “

နွယ့်ရင်ထဲက ခံစားချက်တွေက ထိုသို့ပြောလိုက်ရန်အကြောင်းဖန်လာ၏။ လွန်ခဲ့တဲ့နှစ်တွေမှာ သူခံစားခံရတာတွေက နည်းတာမှမဟုတ်တာ..။

မောင့်ကိုအမိန့်ချတဲ့နေ့က  သွားတွေ့ချင်လို့ ရေခြားမြေခြားမှာ ဆရာဝန်ဘွဲ့သွားယူပါမယ်ဆိုတဲ့ ကတိကိုပေးပြီး နှစ်တွေအကြာကြီး မိသားစုဂုဏ်သိက္ခာအတွက်ကိုယ့်ကိုကိုယ် မြှုပ်နှံခဲ့ရတယ်..။ ဒါတောင် မောင့်ကိုအဝေးကနေပဲ မြင်ခဲ့ရတာပါ။

အခန်းထဲမှာ တစ်ယောက်ထဲနေပြီ မောင့်အတွက် ရင်ကွဲရတာများလာတော့ မေ့ချင်နေသည့် အတိတ်က ကြောက်လန့်ခြင်းကို တူးဖော်မိလာပြီး ပြန်ကြောက်လန့်တတ်လာတယ်..။

နွယ့်မှာ ရွှေ၊ငွေ စသည့် ကျောက်မျက်ရတနာအစုံရှိပါတယ်။ အခြွေအရံတွေလည်းရှိတယ်။ နွယ်လိုချင်တာမှန်သမျှ လက်ညှိုးထိုးတာနဲ့ အရှေ့ရောက်အောင် လုပ်ပေးနိုင်တဲ့ လူတွေလည်းရှိတယ်။ ဒါပေမဲ့ အဲ့နှစ်တွေက နွယ့်ပုံစံက ကြိုးဆွဲရာကနေသည့် ရုပ်သေးရုပ်လိုမျိုး..။ ငရဲကျနေသည့် လူတစ်ယောက်လိုမျိုး..။ သို့ပေတည်း နွယ်ဆိုသည့် ငရဲသားက ဘယ်လောက်ပဲဆီပူနဲ့ကြော်ကြော်၊ ဒလိမ့်တုံးနဲ့လှိမ့်လှိမ့် မထုံတတ်တေးလုပ်နေတတ်သည်။

သူ့ပုံစံက ဝိဉာဉ်ကင်းကွာနေသည့် လူတစ်ယောက်အသွင်..။

အတိတ်ကို တူးဖော်မိတော့ ရင်ဘတ်က မျက်ခနဲ နာနာကျင်ကျင်ရယ်ပါ..။

မောင်မရှိတဲ့အရပ်မှာ နွယ်သာကီပန်းလေးညှိုးငယ်ရပါတယ် မောင်..။

ထိုနေ့က ပန်းခင်းထဲဝယ် ဘယ်သောအခါမှ ယှဥ်တွဲလေ့မရှိသည့် အညိုရောင်ဝက်ဝံတစ်ကောင်နှင့် နွယ်သာကီပန်းတစ်ပွင့်ဟာ ပနံရစွာ လွန့်လွန့်လူးလူး ဝေ့ဝဲနေပါတော့သည်…..
________________________

Mg'd Nwel Thar Kii (Book version)Where stories live. Discover now