CH:12

1K 40 1
                                    

မောင့် နွယ်သာကီ
အပိုင်း(၁၂)

လမ်းတလျှောက် ဘေးဘီကို အာရုံမလွင့်စေပါပဲ မောင့် ကျောပြင်ကျယ်ကိုသာ မျက်နှာမူပြီး မောင့်အသက်ရှူသံ မျှင်းမျှင်းကအစ သေချာနားထောင်ကာ စည်းချက်မညီသော ရင်ခုန်သံတွေ‌ကို အစပျိုးစေသည်။

လေအဝှေ့ အရိုင်းဆန်သည့်မောင့်ကိုယ်သင်းနံ့ကို ရှူရှိုက်ကာ မောင်သည်သာ ပိုင်စိုးသော အတွေးကမ္ဘာ၌ ထိုရနံ့တို့ကိုပေါင်းထည့်ကာ အကြင်နာပန်းတို့ပွင့်လန်းစေသည်။

နေ့အပူချိန်က သိပ်မပြင်းပါဘဲ မောင့် ကျောပြင်ကျယ်မှာ ချွေးတွေအိုင်လာသည်။

အရင်က မောင် ဒီလောက်‌ထိ ချွေးမထွက်တာ နွယ်သတိထားမိတယ်..။ ‌မောင် ကိုယ့်ချွေးနဲ့ကိုယ် အအေးပက်တော့မှာမို့ နွယ်ဖက်ထားသည့်လက်ကို ခွာကာ မောင့်ကျောပြင်ကျယ်ကို နွယ့်အင်္ကျီလက်ဖျားနှင့် ချွေးလိုက်သုတ်ပေးမိလေသည်။

“ နွယ်သာကီ အငြိမ်မနေဘဲ ပြုတ်ကျချင်နေတာလား ခင်ဗျား”

လေတိုးသံတွေကြားမှ မောင့်အသံသည် ခပ်မာမာထွက်ပေါ်လာသည်မို့ သူတွန့်သွားသည်။

“ မဟုတ်ပါဘူး မောင်ရယ်..။ မောင့်ကျောမှာ ချွေးတွေထွက်နေလို့….”

“ အဲ့တာ ခင်ဗျားရွံလို့မလား “

မောင်က ဆိုင်ကယ်ကိုအရှိန်လျှော့ချပြီး ဒေါသကြီးစွာ ခပ်မာမာပြောတော့ နွယ့်မှာမျက်ရည်ဝိုင်းရပြန်သည်။

“ မဟုတ်..မဟုတ်ပါဘူး မောင်ရယ် “

နွယ့်အသံကို မောင်ကြားရဲ့လားမသိ..။ နွယ် ဝမ်းနည်းသွားတာကို မောင် သိရဲ့လားမသိ..။

ဆိုင်ကယ်ကိုအရှိန်ပြန်တင်ကာ မောင်က ဒေါသတွေကို ဆိုင်ကယ်လေဘာပေါ် ပုံချလိုက်လေတော့ နွယ့်မှာ ဖားပျံတစ်ကောင်လို မောင့်ကျောပြင်မှာ ကပ်တွယ်နေမိတော့ပါသည်။

နာရီအနည်းငယ် မောင်းအပြီးမှာတော့ ပြင်ဦးလွင်ရှိကိုလွမ်‌စေးအပိုင်ခြံသို့ ရောက်လာသည်။ ဒေါသဓာတ်ခံနှင့် ခြံဝင်းထဲအထိ ဘယ်သူ့မှမမှုစွာ ဆိုင်ကယ်ဖြင့် တရှိန်ထိုးဝင်သွားလေသည်။

“ ဟ..ဘယ်လိုကောင်က ဝင်လာရဲတာလဲ “

စိုက်ခင်းဘက်မှလူတစ်စု၏အကြည့်နှင့် အသံသဲ့သဲ့ကိုကြားလိုက်ရပေမယ့် ဘာမထီစွာပင်။

ဒီလှိုင်း ဆိုင်ကယ်ကို စက်သက်ပြီး အနောက်ကလူကို ချီချကာ ထိုလူ့ helmetမှန်ကိုအပေါ်တင်ပေးကာ မျက်နှာချင်းဆိုင်လျက်…

“ ဘယ်ကောင့်ကိုမှ မကြည့်နဲ့ နွယ်သာကီ “

နွယ်သာကီက ခေါင်းကို အသာယာညိတ်ပြပြီး စောနကအတိုင်း မြေကြီးကို သူ့လင်မှတ်ပြီး စိုက်ကြည့်‌နေတော့တာပါပဲ..။

သူ(ဒီလှိုင်း) helmetချွတ်လိုက်ပြီး ဆိုင်ကယ်အပေါ်တင်ထားကာ စိုက်ခင်းများဘက်သို့လည်းကောင်း အရှေ့က အသားခပ်ဖြူဖြူ လူများဘက်သို့လည်းကောင်း ဝေ့ဝိုက်ကြည့်လိုက်သည်။

“ မင်းက ဘယ်သူမို့လို့ ဒီလိုဝင်လာတာလဲ..”

သက်လတ်ပိုင်းအရွယ်ရှိသည့်အမျိုးသားတစ်ဦးက ပန်းခင်းထဲမှထွက်လာပြီး မေးလေ၏။

“ ခင်ဗျားတို့က ဘယ်သူမို့လို့ ဒီခြံထဲရောက်နေရတာလဲ”

“မင်းကိုငါအရင်မေးတာ..”

ဒီလှိုင်း၏ အေးစက်စက်အသံကြောင့် ဒေါသထွက်သွားဟန် မျက်နှာပျက်လျက်‌ပြန်မေးလေ၏။

“ကျုပ်က ဒီခြံရဲ့ပြောခွင့်ဆိုခွင့်ရှိတဲ့လူ”

အပေါက်အလမ်းမတည့်သည့်စကားတွေကြောင့် ရန်ဖြစ်မည်ကိုဆိုး၍ လက်မောင်းက အင်္ကျီစကို ဆွဲကာဟန့်တားချင်သည့်ဟန်နှင့် ထိုလူ။ ဒီလောက်ဒေါသထွက်တာလေးကို ကြောက်နေရလား နွယ်သာကီရယ်။

“ အာ..မောင်ရင်ရောက်လာပြီလား တောင်းပန်ပါတယ်ကွယ် ဒီကောင်လေးတွေက မသိလို့ပါ..”

ရေပုံးဆွဲကာထွက်လာသည့် အသက်(၆၀)လောက်ရှိမည့်လူသည် ခြံစောင့်ဖြစ်ပုံရပြီး ကိုလွမ်စေးမှာထားသည့် သူပဲဖြစ်မည်။

“ ဒီလူတွေက ဘယ်သူလဲ..”

“ ပန်းခင်းကိုဆေးလာဖျန်းတဲ့လူတွေပါ မောင်ရင်ရယ်..အပြစ်မမြင်ပါနဲ့ တော်ကြာနေသူတို့ပြန်တော့မှာပါကွယ်..”

ဒီလှိုင်း၏အကြောင်းကို ကိုလွမ်စေးက ဘာတွေပိုပိုသာသာပြောထားလဲမသိ ခြံစောင့်လင်မယားက တုန်နေအောင်ကြောက်ပြီး လူဆိုးတစ်ဦးလိုလို၊ လူမိုက်တစ်ဦးလိုလိုနဲ့ တောင်းပန်ခယနေ၏။

“ ကျုပ် ဘာပြောရသေးလို့လဲ..ဒါပေမဲ့ အလုပ်ပြီးတာနဲ့အဲ့လူတွေကို ကျုပ်မမြင်ချင်ဘူး..”

“အေးပါကွယ်..အေးပါ..”

“ အခုတော့ နားမယ့်နေရာလိုက်ပြပေး..တော်ကြာနေ ကျုပ်လူတွေလာလိမ့်မယ် သူတို့လာရင် ကျုပ်ဆီလွှတ်လိုက်..”

“ ဟုတ်ကဲ့..အခုတော့ အဘရဲ့နောက်က လိုက်ခဲ့ပါမောင်ရင်..”

ဆိုကာ အရှေ့မှ ဦးဆောင်၍ တဲကိုလိုက်ပြသည့်သူကြောင့် လက်မောင်းကနွယ်သာကီလက်ကို လက်ဖဝါးတွင်ပြောင်းကိုင်ကာ ထိုလူရဲ့နောက်သို့ ဖြည်းဖြည်းချင်းလိုက်သွားခဲ့၏။

တဲလို့သာပြောသည် အမှန်တော့ ရှေ့မျက်နှာသာပြင်ကို မှန်တွေတစ်ထပ်၊လိုက်ကာတစ်ထပ်ကာရံထားသည့် ခြေတံရှည်သစ်လုံးအိမ်တစ်လုံး..။ ခြေတံတွေသာမပါခဲ့လျှင် သုံးနာညီတြိဂံလိုပုံမျိုးဖြစ်၏။

“ဒီမှာသော့ပါ BBrown”

ဆိုကာ ဒီလှိုင်းလက်ထဲသော့အပ်ပြီး ထိုလူက ပြန်ထွက်သွားလေသည်။ ဒီလှိုင်းလဲ နွယ်သာကီကို တစ်ဖက်ကလက်ဆွဲပြီး ကျန်တစ်ဖက်နှင့် သော့ဖွင့်လိုက်သည်။ ပြီးနောက် အခန်းထဲမှာရှိသည့် တစ်ဒေါင်လောက်မွေ့ရာဖြူဖြူပေါ်မှာ နွယ်သာကီကိုအရင်ထိုင်ခိုင်းလိုက်ပြီး ရေခရားထဲမှ ရေကိုငဲ့ကာ အရင်ဦးဆုံးတိုက်လိုက်သည်။

“ ရော့ ခင်ဗျား ရေသောက်လိုက်အုံး “

“ အင်း ကျေးဇူး မောင်”

“ ပြီးရင် ခြေလက်ဆေးပြီး ခဏအိပ်လိုက်နော်..”

“ဟင့်အင်း”

“ ခင်ဗျားခေါင်းမမာနဲ့ဗျာ ပြီးရင် ခင်ဗျားကဖျားဦးမယ်..ကျုပ်ကပြုစုတတ်တာမဟုတ်ဘူး..”

“ အို..မောင်ရယ် နွယ်က ကလေးလား"

နေရာအသစ်အဆန်းမို့ စူးစမ်းချင်သည့်စိတ်ကြောင့် နွယ်သာကီမအိပ်ချင်သေးပေမို့ မောင့်စေတနာကို အတင်းအကန်ငြင်းနေရ၏။

“ အင်း ကလေးမဟုတ်လို့ ကျုပ်ဒီလောက်အထိ အာပေါက်နေရတာပေါ့ နွယ်သာကီ..။ ခဏလောက်အိပ်လိုက် ခဏနေရင်လာနှိုးမယ် “

မောင်က နွယ့်ကို အရုပ်များအောက်မေ့နေလားမသိ..။ ထိုင်နေသည့်လူကို လက်ထဲကရေခွက်ယူကာ လှဲချပြီး စောင်ကို ရင်ခေါင်းအထိခြုံပေးသွားကာ air-conကိုအပူချိန်ညှိပြီး ထွက်သွားလေသည်။

နွယ်နှောင်းသာကီသည် ဒီလှိုင်းခက်ထန်ထည့်သည့် ပုံစံခွက်အတိုင်းနေရမည်ဆိုသော အမိန့်ကို ဘယ်သူ့မှမပေးပါဘဲနဲ့ နွယ်သည် မောင်စေလိုရာစေလို့ရသည့် လူတစ်ဦးဖြစ်လာချေသည်။

အဲ့သည့်လောက်တောင် ချစ်ရပါတယ်‌ မောင်~~

“ နွယ်သာကီ ထတော့..မျက်နှာသွားသစ်ပြီးရင် အစားစားရမယ် “

“ အင်း…မောင် ညနေတောင်စောင်းသွားပြီပဲ”

မှန်မှဝင်နေသည့် အလင်းတွေမရှိတော့သည်မို့ နွယ် ထိုသို့ပြောလိုက်သည်။ နွယ်အိပ်တာ ဘယ်လောက်ကြာသွားလည်းမသိ မောင်တောင် အဝတ်အစားတောင်လဲပြီးနေပြီ..။

“ ဘာလို့ ခေါင်းတွေပါလျှော်လာရတာတုန်း နွယ်သာကီ ဖျားချင်လို့လား..လာ ပေး "

နွယ် ရေချိုးပြီး ခေါင်းလျှော်ကာ အပြင်ထွက်လာတော့ မောင်ကရုပ်တည်ကြီးဖြင့် တန်းဆူကာ နွယ့်လက်ထဲက တဘတ်ကို ယူသွားလေပြီး နွယ့်ကို ‌မွေ့ရာအောက် ကြမ်းခင်းပေါ်၌ ဝင်ထိုင်ခိုင်းစေသည်။ သေချာပေါက် မောင့်ပေါင်ကြားထဲမှာပေါ့..။

“ ခင်ဗျား ဘာနဲ့‌ ခေါင်းလျှော်လာတာလဲ နွယ်သာကီ “

“ ရေနဲ့ “

“ ရေနဲ့တော့ ခင်ဗျားပြောမှလား ကျုပ်လည်းသိတယ် “

“ရေကို ရေနဲ့လျှော်လာတာပါဆို မောင်ကလည်း မအော်ပါနဲ့”

ဒီလှိုင်း မေးမိတဲ့ ကိုယ့်နှဖူးကိုယ်ပြန်ရိုက်ချင်သွားသည်။ ဆံပင်သုတ်ရင်း အမွှေးနံ့မရလို့မေးလိုက်မိမှ ရေနဲ့ဒီတိုင်းလောင်းချလာပုံရသည်ဆိုတာ သိလိုက်ရသည်။

ဟုတ်သား..အခုမှရောက်တာဆိုတော့ ဘာဆပ်ပြာရှိမှာတုန်း..။

“ ခင်ဗျား ရေချိုးတာဆပ်ပြာမတိုက်ဘူးပေါ့”

“ အင်းလေ ရှိမှမရှိတာ “

“ ခင်ဗျား သိပ်ညစ်ပတ်တာပဲ “

“ အဲ့ဆို မောင်ကရော မောင်ကရော..အရင်ရေချိုးပြီး ဆပ်ပြာမရှိတာကျ မသိဘူး “

ဟုတ်တယ်။ ဒီလှိုင်းအလျဉ်လိုပြီး ဆပ်ပြာမတိုက်လိုက်ရဘူး။ ဒါကို ဒီလူက ဒီလှိုင်းပေါင်ကြားထဲကနေ မော့ကာ နှုတ်ခမ်းကိုဆူပြီး ပြောနေလိုက်ပုံများ..ချစ်ချင်စရာ..။

“ တော်ပြီ ကိုယ့်ဘာသာသုတ်တော့ “

မောင်ကပြောပြီးထသွားတာကြောင့် နွယ့်ခေါင်းလေး သတိမထားမိစွာ မွေ့ရာပေါ် အင့်ခနဲပြုတ်ကျသွား၏။

“ မောင့်…”

“ ဘာလဲ ဘာလဲ..ဒီမှာလာစား အေးလောက်ပြီ “

မောင်က ပန်းကန်လုံးအဖြူထဲက အရည်တွေကိုမွှေကာ လာစားခိုင်းတော့ နွယ်လည်း စူပုပ်ပုပ်နဲ့သွားလိုက်၏။

“ မောင် ဘာတွေလဲ “

“ အမဲသားဆန်ပြုတ် “

“ နွယ်က ထမင်းပဲစားချင်တာ ဆန်ပြုတ်ဘာလို့စားရမှာလဲ “

“ အထွန့်မတက်နဲ့ နွယ်သာကီ..ခင်ဗျားခရီးပန်းထားတာ ဖျားလိမ့်မယ် ဆန်ပြုတ်စား ဆေးသောက်ပြီး အိပ်ရမယ် နွယ်သာကီ “

မောင်က ခပ်တည်တည်နှင့် သူ့အနားကို ဆွဲချ၏။ 

“ မောင်ကလည်း အရမ်းလုပ်တာပဲ “

“ ဆောရီး..ခင်ဗျားက အရစ်ရှည်နေတာကို “

“ မောင်ရော ဘာစားပြီးပြီလဲ “

“ ကျုပ်ဘာစားစား ခင်ဗျားနဲ့ဆိုင်လို့လား..။ ခဏနေရင် ဟိုလူတွေ ညစာစားဖို့လာခေါ်လိမ့်မယ်။ ခင်ဗျား မလိုက်ရဘူး အခန်းထဲမှာပဲ နေခဲ့ကြားလား “

“ မောင်ကလည်း “

မောင့်မျက်ထောင့်နီကြောင့် နွယ်ပြုံးဖြီးဖြီးနှင့် ခေါင်းအသာညိတ်ပြကာ အမဲသားဆန်ပြုတ်ကို အားရပါးရစားလိုက်၏။

“ အွင်း စားလို့ သိပ်ကောင်းတာပဲ “

ပါးစပ်ထဲပလုတ်ပလောင်းနှင့်‌ပြောတော့ ဒီလှိုင်းမှာပြုံးချင်ပေမယ့် ထိန်းထားရလို့ မဲ့ပြုံးဖြစ်သွားလေသည်။ အမဲသားဆန်ပြုတ်ကိုချက်သူသည် သူဖြစ်တာကို ဒီလူမသိလည်း ရတာပဲလေ..။

“ ကျုပ်သွား‌တော့မယ် ကျုပ်မဟုတ်တဲ့ ဘယ်သူ့ကိုမှ တံခါးမဖွင့်ပေးနဲ့နွယ်သာကီ..။ အရင်အိပ်နှင့်..ခဏပါပဲ စားပြီးရင်ပြန်လာခဲ့မယ်..”

“ ဟုတ် မောင် “

နွယ် သူစိမ်းဒေသမှာမို့ သိပ်ကြောက်နေပေမယ့် မောင့်ရဲ့ဂရုစိုက်မှုတွေနဲ့ လွှမ်းခြုံထားတဲ့ ဒီအခန်းငယ်အတွင်း‌၌ အန္တရာယ်စိုးစဉ်းမျှရှိလိမ့်မည်မဟုတ်မှန်း သူယုံကြည်ထားမိတော့ တစ်ယောက်ထဲနေခဲ့ရဲပါသည်။

“ မောင်ရင်လာပြီလား..ဒီကိုကြွပါ..”

စားပွဲဝိုင်းတွင် နှစ်ယောက်စာခူးခပ်ထားပုံအရ နွယ်သာကီပါလာမယ် ထင်ပုံရသည်။ ဒီလှိုင်း မီးရောင်မှိန်ပျပျလင်းနေသော အခန်းဆီသို့ ဦးတည်ထားသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ထမင်းစားရန် စတင်တော့သည်။
နဂိုထဲက မောက်မာသူမဟုတ်လို့ ထမင်းစားနေစဉ် ဘေးနားမှာ ‌အခြွေအရံတွေရပ်ကြည့်နေသည့်အချိန်မျိုး၌ မြိုမကျပေ။ ထို့ကြောင့် မျက်လုံးတစ်ချက်လှန်ကြည့်ကာ ရပ်ကြည့်နေသည့် သူတွေကို အတူတူစားရန်ခေါ်ရတော့၏။

“ တစ်ခါထဲဝင်စားကြမလား..”

ဦးတည်ရာမရှိသောစကားသည် ရူးကြောင်ကြောင်နိုင်လှ၏။ ထိုကြောင့် မျက်နှာကိုသာမာန်ထက် နှစ်ဆပိုတင်းကာ ရှက်ရွံ့မှုကိုဖုံးကွယ်ထား၏။

သူ၏ တည်တင်းနေသော မျက်နှာကြောင့် အဘယ်သူမှာ ထမင်းဝိုင်းကိုဝင်စားရဲမည်နည်း။

“ရပါတယ် မောင်ရင်..အဘတို့က ဒီအချိန်မဆာသေးလို့ပါ..”

“ အင်း..”

အစာပိတ်အနေနဲ့ အသက်(၃၀)နားရှိသည့် ခြံစောင့်ရဲ့သား လာပေးသည့် နွားနို့နှင့် ငှက်ပျောသီးကိတ်ကိုစားကာ အခန်းသို့ ချက်ချင်းပြန်လာလိုက်သည်။

ဒီလှိုင်းခြေလှမ်းတွေ မြန်နေကာ သစ်လုံးအိမ်ဆီ အလျင်အမြန်ရောက်သွားပါသည်။

“ နွယ်သာကီ ကျုပ်ကို တံခါးဖွင့်ပေးအုံး “

“ အင်း မောင် ပြန်လာပြီလား “

“ အင်း ခင်ဗျားကြောက်မနေဘူးမလား “

“ မောင်ရှိတာပဲလေ နွယ်ကဘာလို့ကြောက်ရမှာလဲ “

“ အင်း “

ချမ်းအေးတဲ့ရာသီမှာ ဒီလှိုင်းချွေးတွေပိုထွက်လာကာ တစ်စုံတစ်ရာအခြေအနေမဟုတ်မှန်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ဘောင်းဘီအိတ်ထဲရှိဖုန်းက ထမြည်လာ၏။ ဒီလှိုင်းအခန်းထဲကိုခြေမလှမ်းသေးပဲ အခန်းဝတွင်သာ ဖုန်းကိုပြောနေ၏။

“ ဟယ်လို ကိုလွမ်..”

“ ဘယ်လိုလဲ ကောင်လေး..အခြေနေ..”

“ ခင်ဗျားလုပ်တာလား..”

“ ပါးပါးလေးပါကွာ..ငါ့ကောင် မင်္ဂလာဦးညမှာ မထိရက်မကိုင်ရက်ဖြစ်နေမှာဆိုးလို့ “

“ ကိုလွမ် ခင်ဗျားတော့ဗျာ စိတ်ရှိလက်ရှိထိုးရရင် ခင်ဗျားမျက်နှာပုတ်တော့မှာပဲ..”

ယောင်္ကျားလေးအချင်းချင်း ဤသို့ဤနယ် စနောက်ကြမှန်းသိသော်လည်း သူသည် သူ့ပယောဂကြောင့် နွယ်သာကီ၏တစ်စုံတစ်ရာကိုမှ နာကျင်စေမည့်သူမဟုတ်ပေ။ သို့သော် သူအတော်နေရခက်လာတာကြောင့် ဖုန်းကိုချကာ တံခါးကိုပြန်ပိတ်ရန်ပြင်လိုက်၏။

“ မောင်..မောင် ဘာဖြစ်တာလဲ “

“ သွားအိပ်တော့ နွယ်သာကီ..။ ကျုပ်ကို ဟိုကိစ္စနဲ့ ကိုလွမ်စေး စလိုက်ပြီထင်တယ်.. တံခါးကို လော့ချထား မနက်မရောက်သ၍ ကျုပ်ဆိုရင်တောင် မဖွင့်ပေးနဲ့ နွယ်သာကီ “

မောင်က မျက်သားတွေနီရဲကာ အံကိုတင်းတင်းကြိတ်ထားပြီး တစ်လုံးချင်းမှာတမ်းခြွေနေသည်။ ပြီးနောက် ထွက်သွားဖို့ဟန် ပြင်လေသည်။

“ နေပါအုံး မောင်ရယ်..။ ဒီကိစ္စကို မောင်တစ်ယောက်ထဲဖြေရှင်းမလို့လား မောင်..။ နွယ်တို့က လက်ထပ်ထားပြီးသားတွေလေ မောင်ရဲ့ “

နွယ် မောင့်လက်ကိုဆွဲကာ မောင့်မျက်နှာကို ဖွဖွကိုင်ပြီး အကြည့်ချင်းဆုံစေလျက် စိတ်ပူတကြီးဖြစ်စွာ မေးနေလေသည်။

“ ကျုပ် ခင်ဗျားကို လက်ထပ်တာ ဒီလိုရယူမို့မှမဟုတ်ဘဲ နွယ်သာကီ..။ စောက်ရစ်မရှည်နဲ့ တံခါးပိတ် ဆေးသောက်ပြီး အိပ်တော့ “

“ မောင်..မောင်က အပြင်မှာ..တခြားသူနဲ့ ဖြေရှင်းမလို့လား..။ အဲ့တာဆို..အဲ့တာဆိုလည်း…”

“ ခင်ဗျား ကျုပ်ကို ဘာလို့မယုံရတာလဲ နွယ်သာကီ..။ ကျုပ် ဒီအခန်းထဲမှာဆက်နေရင် ခင်ဗျားကို နာကျင်အောင်လုပ်လိုက်မိမယ် နွယ်သာကီ..။ ခင်ဗျား စောက်ရစ်မရှည်နဲ့ လွှတ်တော့ “

ဒီလှိုင်း လက်ကိုလွှတ်ချကာ အပြင်ကိုထွက်ဟန်ပြင်နေပေမယ့် နွယ်သာကီတို့က ဘယ်က အင်အားတွေရလာသလဲ မသိ ကျားကန်ပြီးဆွဲလားလေသည်။

“ နွယ်တို့လက်ထက်ပြီးကထဲက အဲ့အရာတွေကို နွယ်တွေးထားပါတယ် မောင်ရယ်။ အချစ်ဆိုတာ ကြင်နာပြီးရင် နာကျင်ရမယ်တဲ့‌ မောင်..။ မောင်ပေးတဲ့ အကြင်နာတွေကို နွယ်သဘောကျသလို မောင်ပေးမယ့် နာကျင်မှုတွေကိုလည်း နွယ် မက်မောပါတယ် မောင်ရယ် “

မောင့်လှုပ်ရှားမှုတွေရပ်တန့်သွားကာ သူ့ကို ခပ်တွေတွေစိုက်ကြည့်လာလေသည်။

“ နွယ်ပြောတာကိုယုံပါ မောင်ရယ် “

“ ကျုပ် ခင်ဗျားကို ဒီလိုရယူဖို့မှမဟုတ်ဘဲ နွယ်သာကီ..”

“ ဒါကရယူတာ‌၊ပေးဆပ်တာတွေတစ်ခုမှမရှိတဲ့ နွယ်တို့နှစ်ယောက်ရဲ့ သက်ဆိုင်ခြင်းပန်းချီကားထက်မှာရေးဆွဲတဲ့ ပိုင်ဆိုင်ခြင်းဆေးချက်တွေပါ မောင်ရယ်”

နွယ့်ဘက်က ဖွင့်ဟမှုကြောင့်ရော မောင့်ဘက်က လိုအင်ဆန္ဒကြောင့်ပါ ပန်းချီကားချပ်တစ်ခုကို နှစ်ကိုယ်တူ စတင်ရေးဆွဲရန် သဘောတူလိုက်ကြ၏။

နာကျင်မှုနှင့် သာယာမှုစပ်ကြား နယ်မြေကို အပြာနုရောင်အချစ်ညလို့ နွယ်သက်မှတ်လိုက်ပါလျှင် ထိုညကိုအလှဆင်နေသည့် ကြယ်လေးတွေနှင့် လမင်းကြီးသည် နွယ်တို့၏ ဆန္ဒပြည့်ဝမှုအလီလီသာဖြစ်လေတော့သည်..။

အပိုင်မဖြစ်ခင်ရော အပိုင်ဖြစ်ပြီးသွားတော့ရော သိပ်ချစ်ရပါတယ် မောင်…။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now