CH:10

1.2K 38 1
                                    

မောင့် နွယ်သာကီ
အပိုင်း(၁၀)

ကာလနဂါးပေါက်စက ဘယ်တုန်းထဲက မအိပ်ထားရသည်လည်း မသိ မနက်(၁၀)နာရီထိုးတဲ့အထိ စောင်ပုံထဲမှာ ‌ပုဇွန်ထုပ်လို ကွေးနေတုန်း..။ ညက alcohol 5%လေးကိုမူးပြီး အခုထိအမူးမပြေသေးလို့ အိပ်နေလားမသိ..မျက်လုံးကို ဖွင့်မလာချေ။
ဒီလှိုင်းစောင်ပုံထဲကလူရဲ့ မျက်စောင်းထိုးနားကခုံမှာထိုင်ပြီး ဆေးလိပ်သောက်ကာ စိုက်ကြည့်နေမိသည်။

“ ခင်ဗျား သိပ်လှလာတယ် နွယ်..  မောင် ချမနင်းချင်လောက်အောင်အထိ ခင်ဗျား သိပ်လှလာတယ်..ခင်ဗျားက မောင့်အတွက် ချနင်းရမယ့် လှေကားတစ်စင်းဖြစ်ပေမယ့် မောင်ချမနင်းချင်တော့ဘူး နွယ်.. ခင်ဗျားသာ မောင် တွယ်တက်လို့ရမယ့် ကြိုးလေးတစ်ချောင်းဖြစ်ခဲ့ရင် မောင် ဒီလိုအတွေးများနေစရာအကြောင်းမရှိဘူး နွယ်.. အဲ့နေ့က ခင်ဗျား ကျုပ်ကိုခေါ်ခဲ့တာ သိပ်မှားတယ် နွယ်သာကီ”

စီးကရက်တွေက သူ့စိတ်ကို အလုံအလောက်မထိန်းချုပ်ပေးနိုင်ဘူးထင်ပါရဲ့..အေးစိမ့်နေတဲ့ air-conခန်းထဲမှာ သူ့ကိုအတွေးများပြီး ချွေးစေးတွေထွက်စေတယ်..။
သူ ဘေးက ဖုန်းကိုကိုင်ပြီး ကိုလွမ်ကိုခေါ်လိုက်သည်။

“ကိုလွမ် ကျုပ်ကို ဟယ်ရီကော်ပတာနဲ့ Royal Hotelမှာ လာခေါ်ဖို့လွှတ်လိုက်..ကျုပ် ဆိုင်ကယ်စီးလို့မရလို့ "

သူပြောလိုက်တော့ တစ်ဖက်က စိုးရိမ်တကြီးမေးသံကိုကြားလိုက်ရပါသည်။

“ ကျုပ် ဘာမှမဖြစ်ဘူး ကျုပ်ဆိုင်ကယ်တစ်ဖက်နဲ့ အိပ်နေတဲ့သူကို လေယာဉ်ကွင်းထိ မသယ်သွားနိုင်လို့ “

သူပြောပြီး တစ်ဖက်က ဘယ်သူလဲ..ဘာလဲမေးနေသည့် စကားများကိုမကြားချင်ယောင်ဆောင်ကာ ဖုန်းချလိုက်ပါသည်။

ဖုန်းကို စားပွဲပေါ်တင်ခဲ့ပြီး air-conအရှိန်လျှော့ခဲ့ကာ ရေချိုးခန်းထဲကိုပဲ သူဝင်လာခဲ့သည်။ သူ တစ်နေ့ကို သုံးခါအထက်ရေချိုးရသည်။ မချိုးလျှင် ခဏခဏ ‌ချွေးတွေစိုရဲနေသည့် သူ့ခန္ဓာကိုယ်ကို သူ မသတီလှ။ အနံ့အသက်မကောင်းတာမဟုတ်သော်လည်း ကိုယ့်ကိုကိုယ်မသတီတာဖြစ်သည်။

သူ ခေါင်းလျှော်ရည်ကို လက်ထဲထည့်လိုက်ကာ ချွေးတွေစိုနေသည့် ဆံပင်ခပ်အုပ်အုပ်ကို ‌ဖိကုပ်ကာ လျှော်လိုက်ပြီးနောက် တောင့်တင်းသည့် ရင်အုပ်နှင့် ဝမ်းဗိုက်ရှိ ထင်းနေသော ကြွက်သားများကို ခပ်ကြမ်းကြမ်းပွတ်သပ်ကာ ရေချိုးလိုက်သည်။ ‌ပြီးနောက် တဘတ်ကိုခါး၌ ပတ်ကာ ခေါင်းသုတ်ပုဝါကို ခေါင်းပေါ်တင်ပြီး ခပ်ကြမ်းကြမ်းသုတ်ကာ အေးမည့် ချည်အင်္ကျီအမည်းရောင်ကို ခေါင်းကစွပ်ပြီးဝတ်၍ ဒူးအထက် ဂျင်းဘောင်းဘီတိုကို ဝတ်လိုက်လေသည်။ ဘောင်းဘီတိုမို့ ခြေသလုံးတုတ်တုတ်ကြီးတွေပေါ်၌ ရှိသည့် အမွှေးအမျှင်များကို ကင်းကင်းရှင်းရှင်းမြင်ရလေသည်။

သူလုပ်သမျှ အပြုအမူတိုင်းက မညင်သာပါသော်လည်း ဟိုကာလနဂါးကတော့ မနိုးလာချေ..။

“ ဟွင်း..ခင်ဗျား ဒီလိုပဲ အိပ်နေမယ်ဆို ခင်ဗျားကို ကျုပ်ထားခဲ့မှာနော် နွယ်သာကီ “

သူ့အသံကို တစ်ဖက်ကမကြားသည့်အလား ခေါင်းအုံးပေါ်အိကျနေသည့် ပါးနှင့် လုံးထွက်နေသည့် နှုတ်ခမ်းရဲရဲ..။ နှုတ်ခမ်းရဲရဲက ပွစိပွစိနဲ့ ဟိုစောင်းလိုက် ဒီစောင်းလိုက်နှင့် ဘာတွေပြောနေမှန်းမသိ..။

“ ခင်ဗျားကတော့ လူကိုဆွနေတာပဲ နွယ်သာကီ”

သူထပ်ငေးမည်အပြု ဘဲလ်အသံကြောင့် တံခါးသွားဖွင့်ကြည့်လိုက်သည်။

“ အဆင်အသင့်ဖြစ်ပါပြီ BBrown “

“ အင်း “

ဆိုကာ သူတံခါးပြန်ပိတ်လိုက်ပြီး အိပ်နေသည့် လူကို ဒူးဆစ်ကနေ အသာလေး မ ရသည်။

“ အင်း..ဟင်း “

“ ကျွတ်..ကျွတ်..ဟာ ဒီလူကွာ “

ဟိုလူက ကလေးညည်းသလို လာညည်းတော့ သူ့မှာ ကလေးတွေကို ဖင်ပုတ်ပြီး ပြန်ချော့သလို သူ့လက်ဝါးကြီးက ဟိုလူ့ရဲ့ တင်ပါးလုံးလုံးကို နှစ်ချက်လောက်ပုတ်ကာ ပါးစပ်ကနေလည်း ပြန်ချော့နေစေ၏။
သူ့လုပ်ရက်တွေသည် သူကိုယ်တိုင်တောင် သတိမထားမိပါပဲ ဖြစ်သွားလေတော့ သူ့မှာ ဘဝင်မကျ..။

ဟယ်ရီကော်ပတာပေါ်ရောက်တော့ သူ့မှာ သားသည်မအေလို နွယ်သာကီ့ကိုရင်မှာပိုက်ပြီး ထိုင်ထားရသည်။ သူဘယ်လောက်လှုတ်လှုတ် မနိုးသည်မို့ ဖောင်းအိအိပါးနှစ်ဖက်ကို ဖျစ်ညှစ်လိုက်ကာ..

“ အခုနေ ခင်ဗျားကို ကျုပ်က မဖွယ်မရာပြုမိရင်တောင် ခင်ဗျားကိုနိုးမှာမဟုတ်ဘူးမလား နွယ်သာကီ..ဟမ်..”

“ အင်း…အဲ့တော့‌ မောင် မဒိန်းကောင်ဖြစ်သွားမှာပေါ့ “

ပြန်ပြောလာသည့် လူကို သူစူးစိုက်ကြည့်လိုက်သည်။

“ ခင်ဗျား နိုးနေရဲ့သားနဲ့ အချီခံချင်လို့ အိပ်ချင်ယောင်ဆောင်နေတာလား “

“ အို..မောင်ရယ် စွပ်စွဲချက်တွေများနေပါပြီ မောင် နွယ့်ပါးကို ဟောဒီ့လို ဟောဒီ့လိုလေး ဆွဲတော့မှ နွယ်နိုးလာရတာ‌ပါ‌မောင်ရယ်”

သူ့ပါးနှစ်ဖက်ကို သူ့ဘာသာ တစ်ဖက်ချင်းစွဲကာ မျက်တောင်လေးပေကလပ် ပေကလပ်နှင့် လုပ်ပြနေသေးသည်။

ဖရိုဖရဲဖြစ်နေသည့် ဆံနွယ်‌ရှည်ရှည်တွေနှင့် အိပ်ထားတာကြာ၍ ဖောင်းနေသည့်မျက်ခွံလေးတွေ..။ ဖရိုဖရဲအင်္ကျီမှတစ်ဆင့်မြင်ရသည့် ညှပ်ရိုးထင်းထင်းလေးရယ်..။ အို လှပလိုက်ပါဘိ..။

တစ်ဆိတ်လောက် ယောင်္ကျားတစ်ယောက် အိပ်ရာထချိန်က နွယ်သာကီ့လို ကောင်းချီးအဖျာဖျာနဲ့ ပြည့်စုံတတ်ပါသလား။

“ တော် တော် ဒီလိုလုပ်ပြနေရအောင် ခင်ဗျားကိုယ် ခင်ဗျား ကလေးထင်နေသလား နွယ်သာကီ..စကားမများနဲ့ ခါးပတ်ပတ်ပြီး ထိုင်နေတော့”

“ ဟုတ် မောင်”

ဒါတွေပါပဲ။ သူပဲစကားများပြီး နည်းနည်းလောက်မာန်လိုက်ရင် မျက်တောင်လေးစင်းကာ နာခံဟန်ပြတော့ သက်သက်မဲ့ ဒီလူက လူဆိုးဖြစ်တယ်။

သူကသာ အတွေးလွန်နေတာ ဘေးကလူက တိမ်တွေအောက်က တစ်စ တစ်စပေါ်လာသည့် အိမ်တွေ၊လယ်ကွင်းတွေ၊ ချောင်းတွေ မြစ်တွေ အလုံးစုံကို ပြတင်းပေါက်မှန်ကိုကိုင်ပြီး ကလေးတစ်ယောက်သဖွယ်အဆန်းတကျယ် ကြည့်နေသေး၏။

“ မောင် မောင် နွယ်တို့ ဘယ်သွားနေတာလဲ”

“ မိုး…ခင်ဗျား ပါးစပ်ပိတ်ပြီးလိုက်စမ်းပါ နွယ်သာကီရယ် စကားမရှည်နေပါနဲ့”

“ ဟုတ် မောင် နွယ် စကားမပြောတော့ပါဘူး”

အေး..ခင်ဗျားလုပ်နေလိုက်…။

“ ကြိုဆိုပါတယ် သခင်လေး အညိုကောင်”

“ ချီး မင်း စ ဖို့ပဲသိတယ်”

မြေပြင်ပေါ် သက်ဆင်းတော့ လာကြိုသယောင်ဆောင်သည့် ဧရာဇင်က စစချင်း ‌ဆောက်နဲ့ထွင်းပါလေသည်။
အမှန်..ဒီကောင် ကိုလွမ်ပြောလိုက်လို့ လာစပ်စုမှန်းသိတာပေါ့..။

“ ဟိုးထား အနောက်ကအလှတရားလေးက အားပါးပါး လှလိုက်တာကွာ “

ဧရာဇင် တကယ်မေ့မြောသွားချင်သည်အထိပင်..ထိုအလှတရားမှာမှင်သက်သွားပါသည်။ ကပို့ကရို့ဖြစ်နေသည့် ဆံနွယ်တွေမှာ ချွေးပေါက်တွေကပ်ငြိနေသည့် လည်တိုင်ကျော့ကျော့က လာပါ ကိုက်ပါဟုခေါ်နေသယောင်..။

ဒီလိုအလှတရားလေးနဲ့တွေ့တော့လည်း သူအထပ်ပုဂ္ဂိုလ်ဖြစ်ချင်သား..။
အို အခုလည်း ဒီခန္ဓာနဲ့ ဒီခန္ဓာ အလှလေးကို သိမ်းပိုက်လို့ရသားပဲ အဟစ်…။

“ သွားရေတွေသိမ်းထား..ငါကိုလွမ်နဲ့ တိုင်လိုက်တော့မှ ငိုမဲ့ငိုမဲ့ဖြစ်နေရမယ်..”

“ ချီးပဲဟေ့ လှတာလေးမြင်လို့ ငမ်းမိတာကို”

“ မငမ်းနဲ့ သူ့ယောင်္ကျား ငါက မကြိုက်ဘူး လစ်”

ဆိုကာ သူနွယ်သာကီ့လက်ကို ဆွဲလျက် အကြည့်စူးစူးတို့ပို့လွှတ်ကာ ခြေလှမ်းကျဲကြီးတွေဖြင့် သူ့အထပ်သူတက်လာသည်။ အနောက်က နွယ်သာကီရဲ့ ခြေသံ တဖက်ဖက်ကြားရ၏။ မောနေမှာသိသော်လည်း စားမတက်၊ဝါးမတက်ကြည့်နေသည့် ဟာများကြောင့် မရပ်ပေးဖြစ်..။

“ နွယ်သာကီ..ဒါ ကျုပ်ပိုင်တဲ့အထပ်..အခုချိန်ကစ ကျုပ်ယောင်္ကျားဖြစ်တဲ့ခင်ဗျားက ကျုပ်ရဲ့နေရာကလွဲလို့ ဘယ်မှသွားခွင့်မရှိဘူး နားလည်လား “

“ အင်း နွယ့်ယောင်္ကျားရဲ့နေရာကလွဲလို့ နွယ်ဘယ်မှ မသွားရဘူး”

မောင့်အထပ်လို့ပြောသည့် တတိယထပ်သည် ရေခဲတိုက်အလား အေးစက်နေပါ၏။ နွယ် စိမ့်ခနဲ စိမ့်ခနဲ အေးလာပေမယ့် မောင်ကတော့ နေသားကျနေသည့်အလား အိပ်ခန်းကို တန်းခေါ်သွားလေသည်။

“ ဒါကျုပ်တို့အိပ်ခန်း အခုမျက်နှာလေးဘာလေးသစ်ပြီးရင် ပြန်ထွက်လာခဲ့ နေ့လည်စာစားမယ်..ခင်ဗျားပုံက ကြောင်ချေးရုပ်ပေါက်နေတာကို သိရဲ့လား”

“ ဟင့်အင်း..ဒါမဲ့ မောင်က ချစ်မှာပဲမလား “

“ဟက်..ကျုပ်ဘဝကိုခင်ဗျားနင်းခြေလိုက်ကထဲက ကျုပ်မှာ ခင်ဗျားအတွက် အချစ်ဆိုတာမရှိတော့ဘူး နွယ်သာကီ..အပိုတွေပြောမနေဘဲ ခိုင်းတာလုပ်..”

သူ ထိုအခန်းကနေ bar counterအသေးစားဆီသို့ ထွက်လာခဲ့သည်။ သူဘာကို စိတ်အခန့်မသင့်လည်း သူမသိချေ။  အမှန်ဆို နွယ်သာကီကို ဒီလိုပြောလိုက်ရလို့ သူနေသာထိုင်သာရှိသင့်တာလေ…။

သူ ဖန်ခွက်ထဲWhiskeyနှစ်ပတ်လောက်ထည့်ကာ ရေခဲမရောဘဲ ဒီအတိုင်းမော့ချလိုက်လေသည်။

ဘာတွေကများ ငါ့ကိုအလိုမကျစေတာလဲ.. ငါပျော်နေတယ်..‌နွယ်သာကီ့ကို မျက်နှာညှိုးအောင်လုပ်နိုင်လို့ ငါသိပ်ဝမ်းသာနေတယ်..။
နှုတ်မှထိုသို့ရေရွတ်နေပေမယ့် ရင်ဘတ်ထဲမှာတော့ တစ်ဆို့ဆို့ကြီးနေကာ နေရထိုင်ရခက်နေချေပြီ..။

ကျုပ်ကို ထပ်ချည်နှောင်ချင်နေတာလား နွယ်သာကီ..ကျုပ်က အရင်ကလို ခပ်တုံးတုံး နွယ်ဖျက်ကပ်ကြေးမဟုတ်တော့တာ ခင်ဗျားသိပ်ကံဆိုးသွားတယ်…
အတွေးတွေကို ယမကာငွေ့နှင့်လွင့်သွားစေပြီးနောက် ရှိသည့် ခေါက်ဆွဲကို အဆီအငန်တည့်အောင် ပြုတ်လိုက်ပြီး တစ်ပန်းကန်ကို အဖုံးအုပ်ထား၍ တစ်ပန်းကန်ကို အဖုံးဖွင့်ကာ မြန်မြန်အေးအောင် ယပ်ထိုင်ခတ်နေလိုက်သည်။

“ ဟက်..နွယ်သာကီတို့ကတော့ ရွှေဘုံစံမင်းသားပီသပါပေတယ်..။ သွားမခေါ်ရင် လာကိုမလာဘူး “

သူ အိပ်ခန်းသို့သွားသည့်တစ်လျှောက်မှာ အင်္ကျီကို ချွတ်သွားလိုက်သည်။ အိပ်ခန်းနားရောက်ခါနီးမှာ သူဖျဖျလေးမြင်နေရသည့်ပုံရိပ်တစ်ခု..။

အပြင်ကို ခြေလှမ်းမလိုလုပ်လိုက် ပြန်ယုတ်လိုက်နှင့် အလုပ်ရှုတ်နေသည့်လူ..။ သူ(၁၅)စက္ကန့်လောက်ရပ်ကြည့်နေသည်အထိ ထိုသို့လုပ်နေတုန်း…။

“ အဲ့တာဘာဖြစ်နေတာလဲ နွယ်သာကီ”

သူ့အသံ တစ်ထပ်လုံးဟိန်းသွားစေတော့ တုန်တတ်သွားသည့် ကိုယ်လုံးလေး..။

“ မောင်ကလည်း ‌နွယ်က မောင့်ထက်(၁)နှစ်‌ကျော်ကြီးတာကို နွယ်သာကီလို့ပဲခေါ်နေတာပဲ “

ပွစိပွစိနှင့် တီးတိုးရေရွတ်နေသည့် နွယ်..။          နွယ် မောင့်ကိုကြောက်ပါတယ်..ဒါပေမဲ့လေ ပြန်ပြောတာက တစ်ပိုင်း ကြောက်တာကတစ်ပိုင်းမို့…။

“ ခင်ဗျား ဘာပြောတယ်”

“ ဟီး ဘာမှမဟုတ်တော့….မောင် နာ..နာလား ဟင်”

သွားဖြီးနေရာကနေ ချက်ချင်းပြိုတော့မယ့်မိုးလို မျက်နှာဖြစ်လာသည့်နွယ်သာကီရယ်ပါ..။

အကြောင်းပြချက်ကတော့ ဒီလှိုင်းအင်္ကျီချွတ်ထားရာမှ စတင်၏။ အလုပ်ကြမ်းလုပ်ခဲ့ရသူမို့ ဒီလှိုင်းကိုယ်ပေါ်မှာ အတွင်းကြေနာများနှင့် ထိခိုက်ရာများ မျိုးစုံ ကြိုးခုန်နေအောင် ပေါပါသည်။ လောလောလတ်လတ်ရထားတာတွေမဟုတ်ဘဲ လတော်တော်ကြာပြီမို့ အနာဖေးတက် အမာရွတ်တွေသာကျန်နေသည်ကို နွယ်သာကီကအခုမှမြင်ပုံရပြီး လာမေးလေသည်။

“ ကျစ်..ကျုပ်မနာဘူး မငိုနဲ့တော့ နွယ်သာကီ”

“ အီးဟီး..မောင်က မောင်က နွယ့်ကိုငိုအောင်လုပ်တဲ့လူဆိုးပဲ..။ မောင့်ကိုဒဏ်ရာတွေနဲ့ တွေ့ရတာ ဒီရင်ဘတ်ကို မီးစနဲ့ ထိုးနေသလိုပဲ မောင်ရဲ့..။ အဲ့အချိန်တုန်းက မောင် အရမ်းနာခဲ့တယ် မလား အိဟီး…”

ဝဲဘတ်ပခုံးပေါ်ရှိ ခပ်ညိုညိုအတွင်းကြေဒဏ်ရာကို ဖွဖွလေးထိတွေ့ကာ တအိအိငိုနေသူပါလေ..။ တချက်ချက်ရှိုက်တာ အသက်ငင်နေသလား အောက်မေ့ရသည်အထိ ရှိုက်သံပြင်းပါသည်။

“ မငိုနဲ့..ပြင်ပ ဒဏ်ရာတွေက ကျုပ်ကိုမနာစေပါဘူး နွယ်သာကီ”

ဒီလှိုင်း နွယ့်ပါးနုနုကို သူ့လက်ဖဝါးနှစ်ဖက်နှင့်ပွတ်ကာ မျက်ရည်သုတ်ပေးပြီး အကြည့်တို့က စိုးရွံ့နေသယောင်ရှိ၏။
ဒါတကယ် ခင်ဗျားပုံစံအစစ်လား ‌နွယ်~~
ဒီပုံစံလေးကိုပဲ မောင်လိုချင်တာမို့
ဒီပုံစံလေးကသာ အစစ်ဖြစ်လိုက်ပါ နွယ်ရယ်~~

“အခုမငိုနဲ့တော့ ဒီကနေတန်းတန်းသွား ဘယ်မှမကွေ့နဲ့ အဲ့မှာ medium kitchen ရှိတယ် အဲ့က စားပွဲပေါ်မှာ ပန်းကန်နဲ့အုပ်ထားတဲ့ ခေါက်ဆွဲပန်းကန်ကို စား နွယ်သာကီ...။ အပြင်မထွက်နဲ့နော်”

“ ဟုတ်...နွယ်က စောနကထဲက လာမလို့ဘဲ မောင်က အပြင်မထွက်ရဘူးဆိုလို့”

နဂိုကအသား‌ဖြူသူမို့ မျက်နှာမှစ လည်ပင်းတွေအထိ နီရဲနေလေသည်။ နှုတ်ခမ်းသားလေးတွေကတော့ တစက်စက်တုန်ရင်နေသည်။

“ အင်း လိမ္မာတယ် သွားတော့...ကျုပ်ရေချိုးပြီးရင် လိုက်လာခဲ့မယ် ”

ဒီလှိုင်း နွယ့်ခေါင်းကို ညင်ညင်သာသာလေး ပုတ်ကာ သွားစေလေသည်။

“ ဟုတ် ”

ဒီလှိုင်း အခန်းရှေ့ကနေ ထွက်သွားသည့်ပုံရိပ်လေးကို မှေးမှိန်သည်အထိ ငေးမောအပြီးမှာ ရေမြန်မြန်ချိုးလိုက်သည်။ ပြီးနောက် ဂျိုင်းပေါက်ကျယ်သည့် စွပ်ကျယ် နီညိုရောင်နှင့် ဆွဲသားဘောင်းဘီ အနက်တစ်ထည်ကိုထုတ်ကာဝတ်လိုက်သည်။

အရင်က သူ့အဝတ်လဲခန်းမှာ သူ့ပစ္စည်းတွေပဲ စီစီရီရီရှိ‌တတ်သော်လည်း ယခုမူ နွယ်သာကီ့ပစ္စည်းတွေထပ်တိုးလာ၏။
ဘဝထဲကို လူ‌တစ်ယောက်ထပ်တိုးလာသည့် ခံစားချက်ကို ဒီလှိုင်းခံစားလိုက်ရသည့်နောက် ဆုံးရှုံးခြင်းအနက်ကိုလည်း တစ်မဟုန်ချင်း ခံစားလိုက်မိပါ၏။
ကြောက်တယ်...ဝင်လာပြီးမှ ပြန်လျော့သွားမှာ...။

“ကျုပ် အလုပ်ကိစ္စသွားမလို့ ခင်ဗျား ဒီအထပ်ထဲမှာပဲနေ အပြင်လျှောက်မထွက်နဲ့ ကြားလား နွယ်သာကီ...အခန်းထဲက ညာဘက်ထောင့်က တံခါးကိုဖွင့်လိုက် မုန့်နဲ့ စာအုပ်တွေရှိတဲ့ အခန်းကိုရောက်သွားလိမ့်မယ်...။ ကုတင်နားက အံဆွဲထဲမှာ ခင်ဗျားအတွက်အသုံးဝင်မယ့် deviceတွေရှိတယ်... အခန်းရဲ့ဘယ်ဘက်ထောင့်က Refrigerator (ရေခဲသေတ္တာ)ထဲမှာ အအေးတွေ ရေတွေရှိတယ်.. alcoholဘက်ကို ယောင်လို့တောင် မကိုင်နဲ့ ကြားလား...။ ကျန်တာ ကြိုက်သလိုလုပ်...ဒီအထပ်ထဲက ဘယ်မှ ထွက်မသွားနဲ့ ကြားတယ်မလား။ အချုပ်အနှောင်တွေမကြိုက်လို့ အခန်းအပြင်ကနေ မပိတ်ခဲ့ဘူး။ စိတ်ချ ဘယ်ကောင်မှ ကျုပ်အထပ်မတက်လာရဲဘူး “

“ အင်း မောင် နွယ်နားထောင်ပါ့မယ်...ဒါနဲ့ နွယ့်အသက်က(၃၀)သိလား မောင်”

“ အဲ့တော့ ဘာဖြစ်လဲ”

မောင့်မျက်ထောင့်နီကြီး နွယ့်ဆီရောက်လာတော့ နွယ် သွားလေးဖြီးပြကာ ဇက်လေးပုသွားသည်။

“ နွယ်သာကီ ကြပ်ကြပ်သတိထား ခင်ဗျား “

“ ဟီး တာ့တာ မောင် အာဘွား မွမွ ”

မောင့်ပါးပြင်နှစ်ဖက်ကို ခြေဖျားထောက်ပြီး ဘယ်ပြန်ညာပြန်အနမ်းပေးကာ ကုတင်ပေါ်တန်းနေအောင်တက်လိုက်သည်။

ဒီလှိုင်းမှာတော့ သူ့ကို လုပ်ချင်သလိုလုပ်သွားသည့်သူကို မနိုင်စွာ အခန်းအပြင်မြန်မြန်ပြန်ထွက်ခဲ့လေသည်..။

ရန်ကုန်ကအိမ်မပြီးလို့သာ မိုးကုတ်ကိုခေါ်လာရတယ် လူများတဲ့ဒီအိမ်မှာ ကျွန်တော်ဖြင့် ခင်ဗျားကိုစိတ်မချပါဘူး နွယ်သာကီရယ်..။

“ အဲ့တာဆိုတော့ အိမ်ကနောက်အပတ်နေမှပြီးမှာပေါ့..”

“အင်း တစ်ပတ်လောက်ဆိုတာနဲ့ပြီးပါပြီ..”

“ မိုးကုတ်မှာပဲဟိုလူ့ကိုကြာကြာထားရင် ကျုပ်လုပ်လို့ ခင်ဗျားတပည့်တွေ အကုန်မသာပေါ်ကုန်လိမ့်မယ်”

ဒီလှိုင်း ဆိုဖာပေါ်မှာခြေချိတ်ထိုင်ကာ မျက်မှောင်ကြုတ်ကာ မေးနေလေသည်။ သူက သူ့အပိုင်ကို ရိုးရိုးတန်းတန်းကြည့်ရင်တောင် မကြိုက်တာမို့ တပ်မက်စွာကြည့်နိုင်သည့် ဒီကကောင်တွေကြောင့် သူပဲအသက်တိုရန်များရပါလိမ့်မည်။ ထို့ကြောင့် နွယ်သာကီ့ကိုခေါ်မယ့်အစီအစဉ်ရှိထဲက ရန်ကုန်မှာအိမ်ဆောက်ခိုင်းထားတာ အခုထိမပြီးသေး၍ အနည်းငယ်ဒေါသထွက်နေရသည်။ 

“ ဒါဆို ဒီလိုလုပ်..ပြင်ဦးလွင်ဘက်မှာ ပန်းခင်းနဲ့ခြံတစ်ခြံရှိတယ် အိမ်မပြီးခင်အထိ အဲ့ကိုသွားနေမလား..အဲ့မှာ ခြံစောင့်မိသားစုပဲရှိလိမ့်မယ်.. Honeymoonလဲဖြစ်တာပေါ့...”

“ဘာHoneymoonလဲ အိမ်ထောင်ကျကျခြင်းကို နေစရာမရှိလို့ ဟိုပြောင်းဒီရွေ့နေရတဲ့ကိစ္စကို...”

“မင်းကိုကဇီဇာကြောင်တာလေ..ဒီမှာထားလဲရတာကို အလှတရားလေးကိုငါက ကာကွယ်ပေးမှာပေါ့ အဟစ်”

ဒီလှိုင်းနှင့် ကိုလွမ်စကားပြောနေစဉ် အနောက်မှ ဟိုကောင် ဧရာဝင်လာလေသည်။

ဒီလှိုင်းတို့က တစ်အိမ်ထဲအတူတူနေတာပေမယ့် ဒီနေ့ကျ သူတို့အတွဲသွားတဲ့ အလုပ်ဘက်အခြမ်းကို ဒီလှိုင်းလိုက်လာပြီး အိမ်အကြောင်းမေးနေရတာဖြစ်သည်။

“ ဟိုကောင်တွေထက် မင်းကိုပိုကြောက်လို့ ပြင်ဦးလွင်ကိုသွားတော့မယ်။ ကိုလွမ် ခင်ဗျားရဲ့ဟာကလေ ဟိုလူကိုကြည့်နေတာများ သွားရေတမျှားမျှားနဲ့ ခင်ဗျားဘယ်လိုပြစ်ဒဏ်ပေးမလဲ “

“ ဟုတ်လား ရာရာ..ကိုယ်မရှိတုန်း သူများယောင်္ကျားသွားငမ်းနေတယ်ပေါ့”

ပေါင်ပေါ်တက်ထိုင်နေသည့် ဧရာ့ကို လွမ်စေးမေးလိုက်လေသည်။

“ ဟီး ဟိုလူက အလှလေးကို ဦးရဲ့... အလှတရားကိုခံစားတာပါ နှာဘူးထတာ မဟုတ်ရပါဘူးနော်”

“ အင်းပါ ကိုယ်ယုံပေးလိမ့်မယ် “

ထိုစကားကိုထဲထဲဝင်ဝင်သိလျှင် အချဉ်စူးစူးရှာလကာရည်ရနံ့ကိုရပေလိမ့်မည်။ ဧရာဇင်တို့ကတော့ ကျောစိမ့်ကာ အသနားခံနေပြီဖြစ်၏။

“ ဒါဆို ကျုပ်ပြန်ပြီ။ အတွဲတွေကိုကြာကြာမကြည့်နိုင်ဘူး”

“ အံမယ် ကြင်စဦးလင်လေးဆီ ကြင်စသွားဦးချင်နေတာများ မသိရင်ခက်မယ်”

“ မင်းအပေါက်ပိတ်မလား ငါဆွဲထိုးရမလား ဧရာ”

ဒီလိုကြီးပြောလာတော့ ဒီလှိုင်းရှက်ပါသည်။ ဒီလှိုင်း ဟိုလူ့ကို ရယူထားတာ ဘာအတွက်ရယ်ကြောင့်မှမဟုတ်ပါပဲ..ဒီလှိုင်းအနားမှာ ထားချင်လို့ တစ်ခုထဲအတွက်ပဲ..။

လက်စားချေမယ် ဆိုတာ အသံကောင်းဟစ်တာပါ..။ ဒီလူ့ကို မယူဘဲ လက်စားချေလို့ရတဲ့ နည်းတွေမှ တပုံတပင်ကြီး..။

သူဝင်ဝင်လာချင်း သိပ်လှသည့် နွယ်သာကီကို ခြံထဲမှာတာဝန်စောင့်ကျသည့် ကောင်တွေက အဖြူရောင်သူယောင်မယ်သဖွယ် မျက်စိကျွတ်ကျမတတ်ကြည့်နေကြသည်မို့ သူ့ဒေါသငယ်ထိပ်ရောက်သွားလေသည်။

“ တောက်စ်..နွယ်သာကီ ခင်ဗျားကို ကျုပ်ဘာပြောထားလဲ”

ဆိုင်ကယ်စက်အမြန်သက်ပြီး အိမ်ရှေ့ရောက်နေသည့် နွယ်သာကီ့ကို လက်မောင်းကနေအားနဲ့ထည့်ကိုင်ကာ ဆွဲလှည့်လိုက်လေသည်။

သူနွယ်သာကီ့ကို မြင်မှ မူးဝေလာသည်။ ချွေးထွက်များလာတာကြောင့်လဲဖြစ်လိမ့်မည်..(သို့မဟုတ်) သွေးတွေပေနေသည့် နွယ်သာကီ့ဆင်စွယ်ရောင် အင်္ကျီလေးကြောင့်လည်းဖြစ်လိမ့်မည်။

“ နွယ်သာကီ ခင်ဗျား ဘာဖြစ် “

“ မောင့် ဆေးအိတ်..နွယ့်ကို ဆေးအိတ်ပေးပါ ဒီမှာ အကောင်လေးသွေးထွက်လွန်တော့မယ် မောင့် “

သူကြည့်လိုက်တော့ နွယ့်သာကီ့လက်ထဲမှာ မှိန်းနေသည့် ဝမ်းဗိုက်တစ်လျှောက် အစင်းရာနှင့် ရွှေဝါရောင်အမွှေးပွကြောင်တစ်ကောင်..။ သွေးများစွန်းနေသည်မို့ ရွှေဝါရောင်က ညစ်နွမ်းနွမ်း…။

“ ခင်ဗျားက ကျုပ်စကားကို ဘာမဟုတ်တဲ့အကောင်ကြောင့် ပယ်ဖျက်လိုက်တယ်ပေါ့ နွယ်သာကီ “

“ မောင့် ဆေးအိတ်လို့..”

နွယ် ဆောင့်ဆောင့်အောင့်အောင့်လေး ပြောလိုက်မိပါ၏။ နွယ်ဆိုတာ အကောင်သေးသေးလေးအပေါ်မှာကအစ သံယောဇဉ်ကြီးရှာသည့် နွယ်ပင်ပျော့လေးမို့…။

“ ခင်ဗျား ကျုပ်စကားကိုနားမထောင်ဘူးပဲ နွယ်သာကီ..ခင်ဗျားရဲ့လင်ကပြောထားတာကို ခင်ဗျားရဲ့ ဒီဦးနှောက်က အလေးအနက်ထားပြီး မှတ်ထားရမယ်ဆိုတာ မသိဘူးလား နွယ်သာကီ..ခင်ဗျား…”

ဒီလှိုင်း နွယ်သာကီ့နားထင်ကိုလက်ညိုးဖြင့် ထိုးကာ ဒေါသအကြီးအကျယ် ပေါက်ကွဲမိလေသည်။

“ တော်..တော်ပါတော့ မောင်ရယ်..နွယ့်ကို ဆေးအိတ်သာ အရင်ပေးပါ..ဒီအကောင်လေး သေလို့မဖြစ်ဘူး မောင်”

“ ဆေးအိတ်က ကျုပ်အခန်းထဲမှာပဲရှိတယ် သွား..အခု အခန်းပြန် “

ဒီလှိုင်းအနေနှင့် သတ္တဝါတွေမချစ်တတ်တော့သည်မှာ နှစ်နှင့်ချီနေပြီဖြစ်သည်။ သူသံယောဇဉ်လွယ်လွယ် မထားတတ်တော့တာလည်းပါမည်..။

နွယ်သာကီ ခြေလှမ်းကျဲတွေဖြင့် တက်သွားအပြီးမှာ သူတို့ကို စပ်စပ်စုစုကြည့်နေသည့် ကောင်တွေဘက်ကိုလှည့်ကာ အသံဟိန်းဟိန်းနှင့် ချုပ်တည်းထားသော ဒေါသတို့ ပေါက်ကွဲထွက်စွာ အော်လိုက်သည်။

“ ဒီနေ့က စပြီး ငါပိုင်တာကို မျက်လုံးနဲ့ စွေကြည့်ဖို့တောင် မကြိုးစားကြနဲ့..နွယ်သာကီဆိုတဲ့ အဲ့ဒီ့ယောင်္ကျားက ငါ့အပိုင် “

သူ‌သည် သူ့ဒေါသနှင့် သူထွက်သွားတာဖြစ်၍ အနောက်တွင် ကျန်ခဲ့သည့် လူတချို့၏ မိဖုရားကိုလိုချင်၍ ရှင်ဘုရင်ကို စစ်ပွဲပို့သည့် အမတ်များကဲ့သို့သော ကောက်ကျစ်လွန်းသည့် စကားကိုမကြားလိုက်ရချေ..။
ကြားလိုက်ပါကလည်း သူဂရုစိုက်မည်မဟုတ်..။

သူ့တိုင်းပြည်မှာ နွယ်သာကီဆိုတဲ့လူက မိဖုရားမှမဟုတ်ဘဲ…။
_______________________

Mg'd Nwel Thar Kii (Book version)Where stories live. Discover now