CH:24

864 32 0
                                    

မောင့်နွယ်သာကီ
အပိုင်း(၂၄)

အတိတ်တွေကနေ နွယ်ဘယ်လောက်ပဲရုန်းထွက်နေပါစေ မရှင်း‌လင်းသေးတဲ့အတိတ်တွေက နွယ့်ကို ပြန်ပိတ်လှောင်ပြန်ပါသည်။
အဲ့အတိတ်တွေက နွယ်ကိုယ်တိုင်လုပ်တာမဟုတ်ခဲ့သော်လည်း နွယ့်ကြောင့်ဖြစ်တည်လာလို့ထင်သည်။

မောင်က နွယ့်ကိုလာကြည့်ပြီး နွယ့်လက်ကို ခပ်ဖွဖွကိုင်ကာ နှစ်သိပ်ပေးပြန်သည်။

“ နွယ် မတွေ့ချင်ရင် မောင်ပြန်လွှတ်လိုက်မယ်”

“ ဟင့်အင်း မောင်..မရှင်းလင်းတဲ့အတိတ်တွေက ‌နွယ့်ဆီကနေတစ်ဆင့် နွယ့်ကလေးတွေကို လာနွယ်လိမ့်မယ် မောင် “

“ အင်း နွယ်မှန်ပါတယ်။ ဘာပဲဖြစ်ဖြစ် နွယ့်ဘက်မှာ မောင်နဲ့ ကလေးတွေရှိ‌တယ်နော် “

“ အွန်း “

အိမ်ထောင်ရေးတစ်ခုက တစ်ဦးနှင့် တစ်ဦးအပြန်အလှန်မှီခိုနေကြခြင်းဟု နွယ်အနက်အဓိပ္ပာယ်ဖွင့်ဆိုချင်သည်။ သားသမီး ရတနာက အိမ်ထောင်ရေးရဲ့ ကောင်းချီးပေါ့..။

သတ္တိတွေအပြန်အလှန်ပေးရင်း သံယောဇဉ်ခိုင်မာမှုတွေတည်ဆောက်ရင်း နားလည်မှုတွေပေးရင်း ဤအချစ် ဤသစ္စာဟာ ခိုင်မာရစေလို၏။

“ ဝင်ခွင့်ပေးလိုက် B “

Bထွက်သွားသည်နှင့် အခန်းထဲကို ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်နှင့် အသက်ကြီးကြီး လူတစ်ယောက်ဝင်လာလေသည်။

“ Long time no see သားနွယ် “

“ Long time no see ကိုကို “

ထိုလူနှစ်ဦးက နွယ့်ကို ဦးတည်ကာနှုတ်ဆက်ပြီး နွယ့်တစ်ဖက်ဘေးရှိ ခုံမှာ ခွင့်မတောင်းပါပဲနှင့် ဝင်ထိုင်လိုက်သည်။

ဒီလှိုင်း ခပ်တည်တည်နှင့် နွယ့်လက်ကိုကိုင်ကာ ထိုသူတွေကို အေးစက်စက် စိုက်ကြည့်နေလိုက်သည်။

“ ဘာကိစ္စရှိလို့လဲ ဦးနေမာန် “

နွယ်လည်း မောင့်နည်းတူ ရေခဲအလားအေးစက်သည့် အသံနှုန်းနှင့်မေးလိုက်သည်။

“ သားနွယ်က အခုထိ mailမဖွင့်ကြည့်ရသေးဘူးထင်တယ်။ ဖေဖေက သားနွယ်ရဲ့ အဖေအရင်းလေ “

“ sorry ဦးနေမာန် မလိုအပ်ဘူးထင်လို့ ကျွန်တော်မကြည့်ရသေးဘူး “

“ ဟား..ဟား ဟုတ်ပါပြီကွာ..။ ဒါနဲ့ ဘယ်လိုနေသေးလဲ သားနွယ် “

“ အခုထိတော့ မသေသေးပါဘူး “

နွယ့်အနေနဲ့ ထားသွားခဲ့တဲ့ ဖအေ၊ သေခါနီးတောင်လာမကြည့်တဲ့ ဖအေကို စိတ်ဆိုးနေတာမျိုးမဟုတ်ဘဲ ထပ်မပတ်သက်ချင်တော့တာဖြစ်သည်။

ထပ်နွယ်လာမယ့် အတိတ်တွေကို ဒီအချိန်မှာပဲ နွယ်ဖျက်တောက်ချင်မိပါရဲ့..။

ဦးနေမာန်မျက်နှာပျက်သွားပေမယ့် ဟန်ဆောင်ကောင်းသူ‌တို့ ပီပီ ချက်ချင်းပြုံးပြလာသည်။

“ ဦးနေမာန် ကျွန်တော်တို့ကိုထားသွားတုန်းက ကျွန်တော်မွေးပြီးရဲ့လား “

နွယ် အပြုံးနုနုဖန်တီးလျက် သိပ်ကိုအသိချင်ဆုံးအရာကို တန်းမေးလိုက်တော့ ဦးနေမာန်မျက်နှာ ထိန်းမရအောင်ပျက်သွားပါသည်။

“ မွေးပြီးပြီ သားနွယ် ခြောက်လရှိပြီ “

“ ဪ “

“ မဟုတ်ဘူး သားနွယ် မင်းအမေက ဖေဖေ့ကို သိုက်တူးချင်နေတဲ့လူလို့ထင်နေခဲ့တာ သားခြောက်လပြည့်တဲ့နေ့မှ သူကသူဌေးသမီးဆိုတာပြောပြခဲ့တာ သားနွယ်။ ဘယ်လောက်ပဲချစ်ချစ် ဖေဖေ့မှာလည်း ယောင်္ကျားမာနရှိတယ် သားနွယ် အဲ့တာနဲ့ ဖေဖေလည်း….”

“ ထားခဲ့လိုက်တယ်လေ..ဦးနေမာန်ထားခဲ့တဲ့ ခြောက်လသား ကျွန်တော်က ‌ဖခင်ရဲ့ပြစ်ပယ်မှုကိုမြစ်ဖျားခံလာပြီး မိခင်ရဲ့အမုန်းနင့်နင့်နဲနဲကြီးကို ရခဲ့တယ်။ (၃၁)နှစ်လုံး ပထွေးပါမက ပထွေးရဲ့ အမေနဲ့ မယားပါသားကပါ ကျွန်တော့်ကိုယ် ကျွန်တော်ယုံကြည်ချက်တွေပျောက်ဆုံးအောင် နှိပ်စက်ခဲ့တယ်..။ အဆိုးဆုံးက ကျွန်တော်မလိုအပ်တဲ့ ငွေတွေကြောင့် ကျွန်တော့်ချစ်သူရဲ့ မိသားစု၊ကျွန်တော့် ကလေးကို ဆုံးရှုံးလိုက်ရတယ်။ ကျွန်တော့်ချစ်ရသူတွေလည်း သေလုမျောပါးခံစားခဲ့ရတယ်..ဒါတွေက ဦးနေမာန်ရဲ့ ယောင်္ကျားမာနကနေမြစ်ဖျားခံလာတဲ့ ကျွန်တော့်ရဲ့ ကံဆိုးခြင်းတွေပဲ ဦးနေမာန် “

ဦးနေမာန်ကို နွယ်စိုက်ကြည့်ကာ တစ်ခွန်းချင်းပြောလိုက်သည်။ နွယ် မျက်ရည်မကျမိဘူး။ ပြောချင်တာပြောလိုက်ရလို့ ပေါ့ပါးမှုတွေပဲခံစားရတယ်။ ရင်ဘတ်ထဲက အစိုင်အခဲကို တစ်စုံတစ်ယောက်ဆီ စုပြုံပြီး ဒေါသထွက်လိုက်ရလို့ နွယ်ကျေနပ်တယ်။
အဓိကက ယောင်္ကျားမာနလို့ပြောပြီး တာဝန်ယူမှုမရှိခဲ့တဲ့ ဦး‌နေမာန်ကို ပြောလိုက်ရလို့ နွယ်ပိုကျေနပ်တယ်။

“ သားနွယ်ကို မစာနာလို့မဟုတ်ပေမယ့် မင်းလည်း အဲ့လိုလှည့်စားခံရရင် မင်းလည်း ဖေဖေ့လိုလုပ်မိမှာပဲ သားနွယ်။ ဒါကို ဖေဖေ့ကိုပဲ အပြစ်တင်နေလို့မရဘူး “

“ ကျွန်တော် ဦးနေမာန်ကို အပြစ်တင်တာမဟုတ်ပါဘူး ဦးနေမာန်ထားခဲ့တဲ့ ခြောက်လသား ကျွန်တော့်အခက်အခဲတွေကို ပြောပြရုံပဲ..ပြီးတော့ ကျွန်တော်ကပဲဖြစ်ဖြစ် မောင်ကပဲဖြစ်ဖြစ် ဦးနေမာန်လို ဘာမဟုတ်တဲ့ လှည့်စားမှုသေးသေးလေးနဲ့ ချစ်ရသူတွေကို မပြစ်ပယ်ဘူး ဦးနေမာန် “

“ ကိုကို မင်းဖေဖေ့ကို ပြောတာသိပ်လွန်နေပြီ “

“ ဒီမှာ နေ့သစ် မင်းက ငါ့လို မခံစားဖူးတော့ ပြောအားရှိတာပေါ့ "

တရှူးရှူးနှင့် ဒေါသထွက်လာသည့် ချစ်ရသူလေးကို ဒီလှိုင်းမထိန်းဖြစ်..။

နွယ်က အခု ချိန်ကိုက်ဗုံးတစ်လုံးနှင့်တူသည်။ နာရီတွေ စက္ကန့်တွေကို ရေတွက်ခဲ့တာကြာတော့ သူလည်း ပေါက်ကွဲချင်မှာပေါ့..။

ဦးနေမာန်နှင့် နိုင်ငံခြားသူတစ်ဦးရဲ့ သား နေ့သစ်…။
ဦးမဟာသာကီနှင့် ဒေါ်သီရိနွယ်တို့ရဲ့သားငယ် ဝေလွန်းသာကီ..။

နွယ်နှောင်းသာကီဆိုတာ ဒီမိသားစု နှစ်ခုကြားက မှားယွင်းမှုသေးသေးလေးတစ်ခုပဲ။ ဘယ်သူ့ကမှ နွယ့်ကို မငဲ့ခဲ့သလို ချစ်လည်းချစ်ခဲ့တာမှမဟုတ်တာ။

နွယ့်ဘဝက ဤသို့ လှည့်စားမှုလှလှလေးကြောင့် ဖြစ်ပေါ်လာတဲ့ မိသားစုနှစ်ခုကြားက မြေစာပင်လေးပဲ..။

“ ငါမင်းကို မခံစားဖူးလို့ပြောတာမဟုတ်ပါဘူး ကိုကို။ ဖေဖေလည်း မင်းကိုချစ်ပါတယ်။ မင်း‌ဒီလောက်တော့မပြောသင့်ဘူးလို့ ငါထင်တယ် “

“ ငါ့ကိုချစ်တယ်..အင်း ရယ်စရာပဲ ငါ့ကိုချစ်ရင် ခြောက်လသားအရွယ် ငါ့ကို မထားခဲ့ဘူး နေ့သစ်..။ အခုလည်း ငါ့ဆီက ဘာလိုချင်လို့ ငါ့ကို လာကောင်းပြနေတာလဲမှ မသိတာ…”

“ ကိုကို မင်းဆီကို ငါတို့ အကူအညီလာတောင်းတာမှန်ပါတယ်။ မင်းကိုအကျိုးလိုလို့ ညောင်ရေလာလောင်းတာမဟုတ်ပါဘူး “

“ ငါမင်းကိုပြောမယ် နေ့သစ်..အခုပဲကြည့် ငါသေလုမျောပါးဖြစ်နေလို့ လာတာမဟုတ်ဘဲ အကူညီလာတောင်းတာလေ မင်းတို့သိပ်တော်ပါတယ်။ အကူအညီက ဘာလိုတာလဲ ငွေလား။ မေမေ့အမွေတွေ မင်းတို့ကိုငါပေးမယ် ငါ့ကို ထပ်ပြီးလာမပတ်သက်နဲ့တော့ “

နွယ် အဆုံးအစွန်ထိပြောချလိုက်တော့ ဦးနေမာန်မျက်နှာပျက်သိသိသာသာပျက်သွားကာ နေ့သစ်က ဒေါသထွက်လာဟန်ရသည်။
ဟုတ်တာပေါ့ နေ့သစ်က ဦးနေမာန်ရဲ့သွေးပဲ။
မာနတစ်ခုကြောင့် အသည်းနှလုံးမရှိတဲ့ ဦးနေမာန်ရဲ့ သွေးပဲ..။

“Mommyနေမကောင်းလို့ မင်းကိုအကူအညီလာတောင်းတာ ကိုကို Mommyပြန်ကောင်းတာနဲ့ မင်းကို ငါကိုယ်တိုင် ပြန်ဆပ်မှာ ကိုကို...ပြီးတော့ ဖေဖေ့မှာ နှလုံးရောဂါရှိလို့ မင်းလည်း သားတစ်ယောက်အနေနဲ့ အဲ့လောက်ထိမပြောသင့်ဘူး “

“ အဲ့နှလုံးရောဂါရတဲ့အထိ စောက်လုပ်တွေလုပ်ခဲ့တာ ငါ့အတွက်လား။ မင်းအဖေကောင်းစားတော့ ငါ့ဆီပြန်လာခဲ့လား။ ငါ့ကို အဲ့ဒီ့အိမ်ကနေ ဆွဲထုတ်ခဲ့ဖူးလား တော်ပါတော့ နေ့သစ် မနက်ဖြန် ဟိုဘက်ကလူတွေကိုပါခေါ် ပြီး အမွေလွှဲ‌ပြောင်းစာချုပ်မှာ လက်မှတ်ထိုးပေးမှာမို့ ငါနဲ့ ငါ့မိသားစုကို စိတ်ဒုက္ခပေးဖို့ မကြံပါနဲ့..ထပ်လာနွယ်ဖို့လဲ မကြံပါနဲ့ ထွက်သွားကြပါတော့ “

ကျောင်းဆရာဦးနေမာန်ကနေ စီးပွားရေးလုပ်ငန်းရှင် ဦးနေမာန်ဖြစ်တော့လည်း နွယ်နှောင်းသာကီဆိုတဲ့ ပန်းတစ်ပွင့်ကို နွံအိုင်ထဲက လာမထုတ်ခဲ့..။ စီးပွားရေးတွေ သောက်သောက်လဲ ရှုံးမှ စင်မြင့်ပေါ်ရောက်နေပြီဖြစ်တဲ့ ပန်းတစ်ပွင့်ကို နွံထဲပြန်နှစ်ပြီး ကူချင်ယောင်ဆောင်လို့တော့ ဘယ်ရမလဲ..။

နွယ်သည်လည်း လူထဲက လူသားမို့ မုန်းတတ်သည်၊နာကျည်းတတ်သည်၊မိသားစုအသိုက်အမြုံကို ကာကွယ်တတ်သည်၊ နာကျင်တတ်သည်။

နွယ် မောင့်လက်ကိုတင်းတင်းကိုင်ကာ အခန်းထဲက လူတွေကိုနှင်ထုတ်လိုက်လေသည်။
လူတွေများ သူတို့ရချင်တာ ရသွားလို့လားမသိ ကြည်ကြည်ဖြူဖြူနဲ့ ပြန်ထွက်သွားလိုက်တာ အနောက်ကလူတွေကိုပါမေ့..။

“ မောင့်နွယ်သာကီက ရဲရင့်လာလိုက်တာ..ရဲရင့်လွန်းတဲ့ ဆူးနှင်းဆီကိုမောင်မကြိုက်ဘူး နွယ်..။ ဖြူစင်တဲ့ နွယ်သာကီပန်းကိုပဲ မောင်နမ်းရှိုက်ချင်တာ နွယ် “

လက်စားမချေဖို့ အထပ်ထပ်သတိပေးပါရစေ မောင့်နွယ်သာကီရယ်..။ လက်စားချေခြင်းတွေက ကိုယ်တိုင်ပိုနာကျင်ရတာကို ဒီကကောင်က အသိဆုံးမို့..။

“ မောင့်ရဲ့ မေတ္တာရိပ်မှာခိုလှုံမယ့် နွယ်သာကီပဲဖြစ်ချင်ပါတယ် မောင် “

မောင်က နွယ့်ကို‌ ထွေးပွေ့ကာနှစ်သိပ်‌ပေးပါသည်။မောင့်ရင်ခွင်မှာ ခိုလှုံလိုက်ရရင် နွယ့်ဒေါသတွေ၊ဝမ်းနည်းစိတ်တွေ စိုးစဉ်းမျှ မရှိတော့။

“ ဒီဆန်ပြုတ်က ပွသွားပြီ မောင်..မစားနဲ့တော့ နွယ့်ကို အခု သားငယ်ဆီ လိုက်ပို့ပါနော် မောင်”

“ အင်း သွားကြမယ် ဖြေးဖြေးထ မောင့်နွယ် “

ဖြည်းဖြည်းချင်းထခိုင်းပြီး ဝှီးချဲအပေါ်တင်ကာ သားငယ်ရဲ့အခန်းဆီသို့ နွယ်တို့နှစ်ယောက် ရယ်ရယ်မောမောနဲ့ ထွက်လာခဲ့သည်။

အခန်းရှေ့ရောက်တော့ ‌နွယ်က မထပါပဲ ကြောင်တိကြောင်တောင်လေးနှင့် ဒီလှိုင်းကို မော့ကြည့်လာသည်။

“ မောင် နွယ်ကြောက်တယ် “

“ ဟောဗျာ ကိုယ့်သားကို ကိုယ်ကြောက်ရသလား‌ မောင့်နွယ်သာကီရဲ့”

“ မသိဘူး တစ်မျိုးကြီးပဲ “

“ သွားပါပြီကွာ မောင့်အတွက် နွယ့်ရဲ့ရင်ခုန်သံတွေကို သားကအပိုင်သိမ်းသွားပြီထင်တယ် “

“ အို မောင်ကလေ “

နွယ်နှင့် မောင်အထဲကိုဖြည်းဖြည်းချင်းဝင်သွားခဲ့ပြီး ဖန်ပေါင်း‌ချောင်ထဲထည့်ထားသည့် သားငယ်ကို ငုံ့ကြည့်ကာ အသည်းတယားယား..။

အောက်စီဂျင်ပိုက်တွေ မတပ်ရတော့လို့ သားငယ်က ခြေကားယား လက်ကားယားနှင့် ပိုပြီးလွတ်လွတ်လပ်လပ်အိပ်နေသည်။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now