Chapter 3

1.1K 46 0
                                    

အခန်း ၃။ မနှစ်ကနွေရာသီမှာ နင်ဘာလုပ်ခဲ့လဲ ငါသိ​တယ်

"ယုယ....ယုယ...ကျစ်...ကျစ်..."

လူလေးယောက်ထိုင်တဲ့စားပွဲမှာ ယုယနဲ့မေသက်ထား နှစ်ယောက်သာရှိသည်။ မြေပုံဆွဲရတဲ့ပထဝီအချိန်မျိုးဆိုရင် နေရာအကျယ်ကြီးယူထားတာမို့ အသံတိုးတိုးလေးနဲ့ပြောသော် တစ်ဖက်လူကမကြား။ မေသက်ထားသည် ထိုင်ခုံတွေရွှေ့လာပြီး သူ့မြေပုံကိုလှအောင် ရှယ်သနေတဲ့ ယုယပုခုံးကိုရိုက်လိုက်သည်။

"ယုယမင်းမော်..."

"ဟင်..."

"...​နောက်တန်းကကောင် နင့်ကိုကြည့်နေပြန်ပြီ"

ဆရာမကိုကြည့်လိုက်တော့ ​သင်ပုန်းမှာ စာလှည့်ရေးနေတုန်းမို့ ယုယအ​နောက်ကို လှည့်ကြည့်လိုက်သည်။

သူပဲ။ နောက်ဆုံးတန်းမှာ ခုံကို​ကျောမှီထိုင်ပြီး စာလိုက်မရေးပဲ ယုယကိုစိုက်ကြည့်နေတဲ့ သိ​င်္ခ​ကျော်စွာ​ပေါ့။

ယုယကို ​နှောင့်ယှက်ဖို့ ​သူ​သစ္စာဆိုထားသလား။ ကျောင်းလာပြီးစာမသင်ပဲ ဒီလို​တွေလုပ်နေတော့မှာလားမသိပါ။ နှစ်စတုန်းကလို ​ဖော်ရွေတတ်တဲ့ သူငယ်ချင်းအရည်ခွံကိုချွတ်ပြီးတဲ့နောက်ပိုင်း တစ်နေ့တစ်နေ့ ယုယကိုပဲနှောင့်ယှက်ဖို့တွေးနေသလားမသိပါ။

နေ့တိုင်းသူ ဒီလိုထိုင်ကြည့်နေတာကို ယုယမှာ အသားကျနေရပြီ။ အရင်ကလောက် စိတ်ရှုပ်ဖို့မကောင်းတော့​ပေမယ့် ခါတိုင်းလိုပဲ စိတ်ရှုပ်ချင်ယောင်ဆောင်လိုက်သည်။ မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကိုကိုက်ပြလိုက်တော့ သူ့နှုတ်ခမ်းထောင့်လေး တစ်ဖက်တည်းဆန်းကြယ်စွာ ​ကော့တတ်သွားသည်။ အကြည့်ချင်းဆုံခိုက်လေးမှာ သူကမျက်လုံးတစ်ဖက်ကို ဖျက်ခနဲမှိတ်ပြ​တော့ ယုယမျက်လုံးတွေ ပြူးကျယ်သွားရသည်။

အရှေ့ကို မြန်မြန်ပြန်လှည့်လိုက်ရသည်။ အပေါ်ထပ်ဆွယ်တာကို ဆုပ်ကိုင်ရင်း နှလုံးခုန်သံတွေကိုသတိထားမိသည်။ မေသက်ထား ဖေဖေရဲ့ကော်ဖီက ကဖင်းဓာတ်များနေလို့လား။ ညကအိပ်ရေးပျက်ခဲ့လို့လား။ ရင်တုန်လိုက်တာ။

"သူနင့်ကိုများကြိုက်နေသလားမသိဘူး"

မေသက်ထားက စာအရေးမပျက်ပဲ ဆရာမမကြားအောင် တိုးတိုးလေးပြောလေသည်။ မေ့စကားကြောင့် ယုယမှာ ရင်တုန်တာ​တွေပျောက်ပြီး နှလုံးခုန်ပါရပ်ရတော့မည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now