Chapter 18

683 37 2
                                    

အခန်း ၁၆။ ကိုကို့ရဲ့စေ့စပ်ပွဲ

ဒီဇင်ဘာလကုန်​တော့မည်ဖြစ်သဖြင့် ဒုတိယနှစ်ဝက် စာမေးပွဲနီးလာပြီ။ အတန်းတင်စာမေးပွဲအတွက် လေ့ကျင့်​နေတဲ့ ယုယတို့မှာ​တော့ အခုချိန်မှာ အကြိတ်အနှယ်ဖြစ်​နေကြပါပြီ။ တစ်နှစ်လုံးသင်ခဲ့တဲ့ ဘာသာစုံသင်ခန်းစာတွေကို သုံးလနဲ့အပြတ် ပြန်လေ့ကျင့်ရသည်မှာမလွယ်ကူလှပါ။ အခုရက်ပိုင်းအတွင်း ယုယတစ်​ယောက် တစ်နေ့ကိုခြောက်နာရီထပ်မနည်း စာလုပ်ရပါသည်ဟုပြောရင် ထိပ်ဆုံးကရီမယ့်သူဟာ သိင်္ခကျော်စွာပင်ဖြစ်ပါလိမ့်မည်။

အခုလည်း ​ကျောင်းကပြန်​ရောက်တည်းက ည​နေ​ခြောက်နာရီအထိ ဂိုက်နှင့်နှစ်ပါးသွားခဲ့ရသည်။ ယုယရဲ့လက်ချောင်းလေးတွေဆို စာရေးရတာများလွန်းလို့ ချိုင့်တဲ့နေရာကချိုင့် ဖောင်းတဲ့နေရာကဖောင်း ဖြစ်နေပြီ။ တစ်နေကုန်ထိုင်ခုံပေါ်မှာချည်း ထိုင်နေခဲ့ရတာမို့ ခြေထောက်တွေလည်း ​ညောင်းလှပြီ။ မျက်လုံးတွေလည်း ကိုက်လှပြီဖြစ်သည်။

ဂိုက်ပြန်သွားပြီးလို့ အကြောဆန့်မယ်ရှိသေးသည် အခန်းထဲကို ကြီးကြီးဝင်လာပြီး ယုယဗီဒိုကိုလာမွှေနေသည်။ အိပ်ရာပေါ်မှာ လှဲရင်း ကြီးကြီးကိုလှည့်မကြည့်အားပါ။ မျက်လုံးကိုမျက်စဉ်းခတ်ကာ ထမင်းစားချိန်အထိအိပ်ပစ်လိုက်မည်ဟုကြံရွယ်ထားပါသည်။

"ယုယ အိပ်မလို့လား"

"ဟုတ်...ထမင်းစားချိန်အထိခဏလောက်အိပ်မလို့"

ကြီးကြီးကိုကျောပေးပြီးစောင်ကို ပုံခုံးပေါ်ထိဆွဲခြုံလိုက်သည်။ ထိုအခါ ကြီးကြီးက ယုယနှဖူးကိုလာစမ်းကာ စောင်ကိုခါးအထိပြန်ဆွဲချသည်။

"ညနေဘက်တွေမအိပ်နဲ့ ဖျားလိမ့်မယ်"

"ကြီးကြီးရာ....သမီးအရမ်းအိပ်ချင်​နေတယ် ​ခြေ​ထောက်​တွေ လက်​တွေလည်းတအား ညောင်းနေပြီ"

"အဲ့တာဆိုနာရီဝက်လောက်ပဲအိပ်ချေ"

"ဟုတ်...."

ကြီးကြီးက ကုတင်​ပေါ်မှာလာထိုင်ပြီး ယုယရဲ့​ခြေထောက်နဲ့ လက်ဖဝါးတွေကိုယူကာ အကြောပြေရုံနှိပ်ပေးသွားသည်။ ခဏနေတော့ ယုယဗီဒိုထဲကအင်္ကျီတွေကိုထုတ်နေပြန်သည်။ တဂျွတ်ဂျွတ်နဲ့အသံတွေမြည်နေတော့ ယုယမှာအိပ်ချင်တိုင်း အိပ်လို့မရဖြစ်ရပြန်သည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now