{Unicode}မင်း မရှိတဲ့ အတွေးနဲ့...
မင်း ပုံရိပ် မရှိတဲ့ နေရာနဲ့...
ငါ နေသား မကျဘူး.... ပျိုးငယ်။***
သင်္ကြန်အကျနေ့....
မနေ့ညက မိုးဖွဲနှင့်အတူ ပွင့်ခဲ့သည့် ပိတောက်ပန်းများက တစ်ပင်လုံး၀ါကာ သစ်ရွက်အချို့တောင် မမြင်ရတော့။ ကျွန်တော် ဒီနေ့ မနက် ၈နာရီလောက်မှပင် အိပ်ရာ ထနိုင်ခဲ့ပါသည်။ အစ်ကိုက ဒီနေ့ အိပ်ရာက စော ထသွားပြီး ကျွန်တော် မျက်နှာသစ်နေချိန်မှာတော့ အစ်ကိုက ဧည့်ခန်းမှာ ခပ်တည်တည်ဖြင့် ထိုင်နေသည်။
ထင်သည်တော့ အစ်ကိုက မနေ့က အဖြစ်အပျက်အတွက် အတော်လေး စိတ်ဆိုးနေပုံရသည်။ ကျွန်တော်လည်း အစ်ကို့ကို ဘယ်လိုဘယ်ပုံ ချော့ရမလဲ မသိ ဖြစ်နေမိသည်။
ထိုအချိန်မှာပင်....
"ပျိုးငယ်လေး... သီလယူ မလိုက်ဘူးလား?"
ဧည့်ခန်းမှ မမသဇင်ဦး အသံကို ကြားနေရသည်။
ကျွန်တော်လည်း ဧည်ခန်းမှာ ရှိနေသည့် အစ်ကို့ကို တစ်ချက်ကြည့်မိလိုက်သည်။ အစ်ကိုက လက်ထဲက ဖုန်းကို ကြည့်နေရာမှ ရပ်လိုက်ပြီး အိမ်ပေါ်သို့ တက်သွားတာမို့ ကျွန်တော်လည်း အလျင်အမြန်ပင် အစ်ကို့နောက်မှ လိုက်ပါ၍....။မမသဇင်ဦးကတော့ ကျွန်တော်နှင့် သူ့မောင် အခြေအနေကို တစ်ချက်ကြည့်နေပြီး သက်ပြင်းချကာ ခေါင်းကို ခါရမ်းသည်။ ကျွန်တော်လည်း လှေကားထစ်များအတိုင်း အစ်ကိုရှိနေရာ အိမ်ပေါ်သို့ လိုက်တက်မိသည်။
အိမ်ပေါ်ကို ရောက်တော့ အစ်ကိုက သူ့အင်္ကျီများကို လဲဖယ်ဖို့ ပြင်နေသည်မို့ ကျွန်တော်လည်း အလိုက်တသိ အစ်ကို့အင်္ကျီမှ ကြယ်သီးများကို တပ်ပေးဖို့ ပြင်မိသည်။ အစ်ကိုကတော့ ကျွန်တော့်ကို ကြည့်မလာပေမယ့် ကျွန်တော် ကြယ်သီးတပ်ပေးနေသည်ကိုတော့ မတားခဲ့ပါလေ။ အစ်ကိုက ဘုန်းကြီးကျောင်းသွားပြီး သီလယူဖို့ ပြင်ဆင်ပြီးသည့် အချိန်မှာတော့ ကျွန်တော်လည်း ....