{Unicode}
... ဟုတ်တယ်...
ငါက ရူးနေတာ...
မင်းအမည်တ,ပြီး ယဥ်ယဥ်လေးနဲ့ ရူးနေတာ....***
နယုန်လ...
ညနေပိုင်း...
"ရော့... ဒီမှာ ပျိုးငယ်...။ မနက်ဖြန် အုပ်တင်ဖို့ လိုက်ခဲ့ရမယ်နော်...။"
အမျိုးသမီး အမျိုးသားခေါင်းဆောင် နှစ်ယောက်လုံး အိမ်မှာရောက်လာပြီး ကျွန်တော့်ကို မနက်ဖြန် တစ်ဖက်ရွာမှာ ကန်တော့အုပ်တင် ရှိတာကို လာပြီးဖိတ်တာပင်...။
ထိုအခါမှာတော့ ထိုအစ်မတို့ကို အားနာသလိုဖြင့် ကြည့်လိုက်ပြီး အိမ်အပြင်ကျောက်ကန်ဘက်မှာ စက်တစ်ခုပြင်နေသည့် အစ်ကို့ကို ကြည့်လိုက်မိတော့သည်။
"... မဖြစ်လောက်ဘူး ထင်တယ်... မမွန်ရယ်...။"
"အယ်... ဘာကိုမဖြစ်နိုင်ရမှာလဲ? သိပ်ပြီး ဖြစ်နိုင်တာပေါ့...။ ဒါက ရိုးရိုးတန်းတန်း ဖိတ်တာမဟုတ်ဘူးနော်...။ အထူးအလေးထားပြီး ဖိတ်တာ...။ တို့ရွာက အလှလေးကို တစ်ဖက်မှာ ကြွားချင်လို့ လိုက်ခဲ့စမ်းပါ...။ လုံးဝ.... ပျိုးငယ်လေးသာ ပါလာရင် အားလုံးက သဘောကျ အာရုံစိုက်ကြမှာ....။"
တော်ပါသေးသည်... အစ်ကိုက ဒီစကားများကို မကြားနိုင်လောက်သည့် နေရာတစ်ခုမှာရှိနေသည်မို့။ နို့မို့ဆို နေရာချင်းပင် ပွဲချင်းပြီးမလား မသိတော့....။
မနေ့ကမှ ကျွန်တော့်ကို ဓားကြိမ်း ကြိမ်းထားလို့မှ မပြီးသေး... ဒီနေ့မှသာ ထပ်ပြီးလုပ်မယ်ဆိုရင်တော့... အစ်ကို့ကို ကျွန်တော် ထိန်းနိုင်မှာ မဟုတ်တော့....။
"ဒီအတိုင်း ပျိုးငယ်... သိပ်ပြီးလည်း နေမကောင်းလို့ပါ မမွန်ရယ်...။"