{Zawgyi}
... ဓားဘယ်လောက် ရှတယ် မြည့်တယ် ပြောပြော...
ဓားအိမ်အပြင်ဘက် မရောက်သရွေ့
ဘာမှမဖြစ်ဘူး...။
ဒီတော့...
သိပ်ပြီး အန္တရာယ်ကြီးတဲ့ အဲ့ဒီဓားကို
ထိန်းထားနိုင်တဲ့ ဓားအိမ်ကသာ....။***
ညပိုင်း
ကျွန်တော်တို့ တောထဲက ပြန်လာပြီး အိမ်ရောက်သည်နှင့် မီးဖိုခန်းဝင်ပြီး တကုပ်ကုပ် လုပ်နေမိသည်။ အစ်ကိုကတော့ ကျွန်တော့်ကို မီးဖိုခန်းထဲ ထားပြီးသည်နှင့် ဆန်ကြိတ် ၊ နွားစားကျွေးတာမျိုး လုပ်နေသည်။
ဂိမာန် ရာသီဥတုမို့ နေ့တာရှည်ပြီး ညတာရှည်လျားသည်။ တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန် ဆိုသည့်အတိုင်း ပူအိုက်မှုက ဘယ်အရာနှင့်မျှ အစားထိုးလို့ မရ....။
ဟင်းအိုးတစ်အိုးပြီး တစ်အိုးဆိုတာထက် ကျွန်တော်ကြိုက်တဲ့ ဟင်းတွေကိုပဲ စားချင်လို့ ချက်နေတာမျိုးပင်...။ ကျွန်တော့်အကြိုက်အတွက် အစ်ကိုရော အစ်ကို့မေမေတို့ပါ မတားပါ။ သို့ပေမယ့် ဥပဒ်ဖြစ်စေမှာ စိုးလို့ အများကြီးတော့ မကျွေးပါလေ...။
ဟင်းချက်ပြီးစီးသည်နှင့် အပြင်က ရာသီဥတုကို ကြည့်လိုက်မိတော့ အနည်းငယ် မှောင်ရီပျိုးနေလေပြီ။ ကျွန်တော်လည်း လက်သုတ်ဝတ်ကို လက်က အပေအကျန် ဆေးကျောထားသည့် ရေများကို သုတ်ငင်လိုက်ပြီး အစ်ကို့ကို လိုက်ရှာနေမိသည်။
အိမ်အောက် ဧည့်ခန်းမှာတော့ အိမ်ဘေးနားမှ ကလေးတွေ ကာတွန်းကား ကြည့်နေသည်။ အစ်ကို့အမေနှင့်အဖေကတော့ ဧည့်ခန်းတစ်ဖက်က ကုတင်ပေါ်မှာ စာရင်းလုပ်နေသည်။ ထို့နောက် ကျွန်တော်လည်း အစ်ကိုရှိနေတတ်သည့် ဆန်ကြိတ်စက်ရုံအနား သွားကြည့်မိသည်။