အခန်း ( ၂ )

2.1K 342 9
                                    

// Unicode //


လုလင်းရှီသည် လုလင်းရှီအဖြစ် နိုးထလာခဲ့သည်မှာ နှစ်ရက်မျှရှိနေပြီ ဖြစ်သည်။ ၎င်းက ထူးဆန်းသော စကားဟုထင်ရသော်လည်း အမှန်တရားသည်က ထို့ထက်ပင် ပို၍ ဆန်းကြယ်နေသေးသည်။

လုလင်းရှီသည်လည်း ဘာဖြစ်သွားမှန်း နားမလည်တော့ချေ။ ခွဲစိတ်မှုပြီးနောက် သူသည် ကျုံးကျင်းရှိ လုမီးသားစု၏ အငယ်ဆုံးသား လုလင်းရှီ မဟုတ်တော့ဘဲ ဖုန်းချန်ရှိ လွန်ခဲ့သောနှစ်ရက်က ‌တွေ့ခဲ့သော အမျိုးသမီး၏သားဖြစ် လာခဲ့သည်။

လုလင်းရှီ ဤသည်ကို ပထမဆုံးရှာတွေ့စဉ်က သူသည် အချိန်အတော်ကြာအောင် ပြောစရာမဲ့သွားခဲ့သည်။ ဤခန္ဓာကိုယ်က သူ ရင်းနှီးနေခဲ့သော ခန္ဓာကိုယ် မဟုတ်တော့ချေ။ အတိတ်ကကဲ့သို့ ချည့်နဲ့ ပြီး ဖြူဖပ်ဖြူရော် ဖြစ်မနေတော့ပေ။ သူ့ ဤခန္ဓာကိုယ်အသစ်သည် တတ်ကြွဖြတ်လတ်ပြီး အားမာန်တို့ဖြင့် ပြည့်လျှံနေပေသည်။  အတိတ်၏ပုံရိပ်တို့ကို ပြန်လည်အမှတ်ရစေနိုင်သော တစ်ခုတည်းသော အရာမှာ သူ၏မျက်နှာသာဖြစ်သည်။ မျက်နှာနှစ်ခုမှာ လေးပုံသုံးပုံခန့်တူညီနေသော်လည်း ဤအသစ်က ပိုပြီးနှစ်လိုဖွယ်ကောင်းကာ ချောမောနေပြီး ဤခန္ဓာကိုယ်၏ မိခင်နှင့် ရုပ်ချင်းဆင်နေ‌၏။

လုလင်းရှီသည် သူ့ခွဲစိတ်မှုက မည်မျှ ဆန်းကြယ်ကြောင်း ဆရာဝန်ပြောသည်ကို ကြားခဲ့ရသည်။ ခွဲစိတ်မှုအတွင်း အချိန်အတိုင်းအတာတစ်ခုအရောက်တွင် သူသည် အရေးကြီးလက္ခဏာများကို ဆုံးရှုံးသွားခဲ့သည်။ မယုံနိုင်စရာကောင်းသည်က သူ့နှလုံးတို့ ရပ်သွားပြီးမှ စက္ကန့်အနည်းငယ်အကြာတွင် ဆန်းကြယ်စွာ ပြန်လည်ခုန်လာခဲ့သည်။ လုလင်းရှီသည် ၎င်းက ခွဲစိတ်မှုအတွင်း ဖြစ်ပေါ်တတ်သော အံ့ဖွယ်ကိစ္စရပ်မဟုတ်ဘဲ သေရွာမှ ပြန်ဆွဲခေါ်ခံရသော ဖြစ်ရပ်သာ ဖြစ်သည်ဟု ထင်သည်။ ဤခန္ဓာကိုယ်၏နှလုံး ပြန်ခုန်လာချိန်၌ ခန္ဓာကိုယ်ထဲတွင်ရှိနေသော လူမှာ မူလပိုင်ရှင်မဟုတ်တော့ဘဲ သူ ဖြစ်နေခဲ့သည်။ မူလပိုင်ရှင်က ဘယ်ရောက်သွားတာလဲ...။ သေဆုံးသွားပြီလား...။ သူ့လိုမျိုးပဲ တခြားခန္ဓာကိုယ်ထဲ ရောက်သွားတာလား...။ ဒါမှမဟုတ် သူ့ ခန္ဓာကိုယ်ထဲကိုလား...။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now