အခန်း ( ၁၀ )

1.4K 265 12
                                    


// Unicode //

အခန်း ( ၁၀ )

ဝမ်စုရှို့သည် လုလင်းရှီ၏ အလုပ်လုပ်ပြီး သူမအား ထောက်ပံ့ပေးမည်ဟူသော မှတ်ချက်ကို လေးလေးနက်နက် မမှတ်ယူထားခဲ့ပေ။ လုလင်းရှီ ကျောင်းပြန်တတ်ရန် သူမ မျှော်လင့်နေဆဲ ဖြစ်သည်။ သူမသည် လူ့အဖွဲ့အစည်းတွင် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပြီး ပညာရေးချို့တဲ့မှုကြောင့် များစွာဒုက္ခရောက်ခဲ့ရသည်။ ထို့ကြောင့် လုလင်းရှီကို သူမနှင့် လုယိဆွေ့ကဲ့သို့ တူညီသောလမ်းကို မလျှောက်လှမ်းရန် မျှော်လင့်နေခဲ့သည်။ လုလင်းရှီသည် ယခု ငယ်သေးသော်လည်း အသက်ကြီးလာချိန်တွင် ပညာမတတ်ခြင်း၏ ဒုက္ခဆင်းရဲများကို နားလည်လာလိမ့်မည်။

အနည်းငယ် ရှင်းလင်းပြီးနောက် ဝမ်စုရှို့သည် စတင်ချက်ပြုတ်တော့သည်။ ဖုန်းကော၏လူများသည် ရေခဲသေတ္တာကို သယ်ထုတ်သွားခဲ့သော်လည်း အခြား မီးဖိုချောင်သုံးပစ္စည်းများကို အခြေခံအားဖြင့် မထိခဲ့ပေ။ ဝမ်စုရှို့ တစ်ချက်ကြည့်လိုက်ရာ သူမနှင့် လုလင်းရှီတို့အတွက် တစ်နပ်စားရန် လုံလောက်သော အသီးအရွက်နှင့် အသားအနည်းငယ်ကို ‌တွေ့လိုက်သည်။

“ ဗိုက်ဆာနေပြီလား... မား ချက်ပြုတ်လိုက်မယ်... အထဲဝင်ပြီး ခဏလောက် လှဲနေလိုက်လေ "

လုလင်းရှီသည် ဆေးရုံဆင်းလာကာစ ဖြစ်သဖြင့် သူ့ခန္ဓာကိုယ်က ပင်ပန်းနွမ်းနွယ်မှုဒဏ်ကို ခံနိုင်ရည်မရှိမည်ကို သူမ စိုးရိမ်နေမိသည်။ ထို့ကြောင့် သူ့ကို အမြန်အနားယူရန် တိုက်တွန်းလိုက်သည်။

လုလင်းရှီမှာ နေကောင်းနေပြီဖြစ်ပြီး သူမအား ကူညီရန် နေခဲ့ချင်သော်လည်း မီးဖိုချောင်ထဲ သူ တစ်ခါမှ မရောက်ခဲ့ဖူးပေ။ သူ နေခဲ့လျှင်ပင် လုပ်ပေးနိုင်တာ ဘာမှမရှိသည်ကို သိသဖြင့် လုလင်းရှီသည် နာနာခံခံဖြင့် ပြန်ဆုတ်ပြီး အိမ်ကို ဆက်ပြီး သန့်ရှင်းရေး လုပ်လိုက်သည်။

နေရာက သိပ်မကျယ်ပေ။ အိပ်ခန်းနှစ်ခန်းပါသော အိမ်ငယ်လေးတစ်လုံးပင်။ ရှေးကျသော အိမ်အမျိုးအစား ဖြစ်သောကြောင့် အိပ်ခန်းများမှာ ကျယ်ဝန်းသော်လည်း ဧည့်ခန်းက ကျဉ်းသည်။ အိပ်ခန်းနှစ်ခုမှာ တောင်နှင့် မြောက်ဘက်သို့ မျက်နှာမူထားသဖြင့် ဧည့်ခန်းကို အလယ်က ညှပ်ထားပြီး ပြတင်းပေါက် မရှိသဖြင့် အနည်းငယ် မှောင်နေခဲ့သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now