အခန်း ( ၃၉ )

396 82 1
                                    




// Unicode //



လုလင်းရှီးနှင့် ယန်ယွဲ့တို့ ရှောင်ဟွားယွမ်သို့ ရောက်သောအခါ ၉ နာရီခွဲလုနီးပါး ရှိနေပြီဖြစ်သည်။ သူတို့ အိမ်ကနေ ထွက်လာချိန်က အချိန်များစွာ ကျန်ရှိနေသေးသည်ဟု တွေးထင်ထားသော်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လမ်းပေါ်တွင် ရေများ တင်ကျန်နေခဲ့သည်။ သူတို့မှာ လမ်းလွှဲကနေသာ သွားရပြီး လမ်းသွားလမ်းလာများကို ရှောင်တိမ်းနေရသဖြင့် အချိန်များစွာ ယူလိုက်ရသည်။

ဖုန်းချန်ရှိ ရေနုတ်မြောင်းများမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက တည်ဆောက်ထားခြင်းဖြစ်ပြီး အကျိုးသက်ရောက်မှု များစွာမရှိတော့ဘဲ နှစ်များစွာကြာအောင် ဖာထေးပြပြင်နေခဲ့ရသည်။ အများအားဖြင့် မိုးသည်းထန်စွာ ရွာသောအခါများတွင် ရေများ အလွယ်တကူ တင်ကျန်နေတတ်သည်။ သို့သော် ယခုတစ်ကြိမ် မိုးသက်မုန်တိုင်းသည် နှစ်အနည်းငယ်အတွင်း အပြင်းထန်ဆုံးဖြစ်ပြီး အတော်လေး ဖရိုဖရဲဖြစ်နေသည်။ ဘတ်စ်ကားအများအပြားမှာ ၎င်းတို့၏လမ်းကြောင်းများကို အတင်းအကြပ် ပြောင်းလဲလိုက်ရသည်။

ဝမ်စုရှို့မှာ သူမအလုပ်တွင် ပိတ်မိနေပြီး လုလင်းရှီကို အစောကြီး ဖုန်းဆက်လာကာ ဤအချိန်အတွင်း သူမ ပြန်မလာနိုင်သေးကြောင်း ရေပြန်ကျမည့်အချိန်ကို စောင့်ရမည်ဖြစ်ကြောင်း အသိပေးလာခဲ့သည်။ လုလင်းရှီထံမှ ယန်ယွဲ့ကလည်း မိုးကြောင့် မနေ့ညက သူမတို့အိမ်၌ တစ်ညအိပ်လိုက်ရကြောင်း ကြားသောအခါ ဝမ်စုရှို့က လုလင်းရှီအား ဧည့်သည်ကို ဖြစ်သလို မကျွေးမွေးရန် သေသေချာချာ မှာလိုက်သည်။ သူမကို လာခေါ်ရမလားဟု ယန်ယွဲ့ မေးသောအခါ ဝမ်စုရှို့က ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။

ကားမှာ မီးနီကြောင့် ရပ်သွားသည်။ လူသွားလမ်းပေါ်ရှိ လမ်းသွားလမ်လာများ၏ ဆူညံသံတို့မှာ ကားထဲသို့ ဝင်ရောက်လာပြီး နေရာတိုင်းတွင် ရေများတင်ကျန်နေသော်လည်း မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် ပူလောင်နေသော ဖုန်းချန်ဆီသို့ နှစ်ရှည်လများ စောင့်မျှော်နေသော အေးမြမှုကို ယူဆောင်လာသဖြင့် လူအုပ်ကြီးမှာ အတော်လေး ဝမ်းသာနေကြသည်။ အပြင်ဘက်က လေထုမှာ အတန်အသင့် ကောင်းမွန်နေသည်။ လုလင်းရှီတို့ အိမ်နောက်ဖေးကကဲ့သို့ မသာယာသော်လည်း အေးမြလန်းဆန်းနေသေးပြီး ယခင်နေ့ရက်များကဲ့သို့ အသက်ရှုရခက်သလို မခံစားရတော့ပေ။ ယန်ယွဲ့က ကားပြတင်းပေါက်ကို တောက်လျောက်ဖွင့်ထားပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေထုထဲ လွင့်မျောနေသော ဖုန်မှုန့်များ လွင့်စင်သွားပြီး ကောင်းကင်မှာ အနည်းငယ် ပြာလွင်သွားသလိုပင် ခံစားရသည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now