အခန်း ( ၂၃ )

964 199 9
                                    

// Unicode //

“ ထွေးထုတ်... ထွေးထုတ် "

လုလင်းရှီသည် ရေလောင်းရန် ဂရုမစိုက်အားတော့ဘဲ စိုးရိမ်တကြီးဖြင့် တာ့ဟေး၏ပါးစပ်ကို ဖွင့်ကာ ထွေးထုတ်ခိုင်းနေခဲ့သည်။ ကံမကောင်းစွာဖြင့် တာ့ဟေးက ခရမ်းချဉ်သီးကို ကိုက်ပြီး အလျင်အမြန် မျိုချလိုက်သဖြင့် ဘာအစအနမှ မတွေ့ရတော့ပေ။

လုလင်းရှီမှာ ပြောစရာပင် ပျောက်ရှသွားခဲ့ကာ တာ့ဟေး တစ်ခုခုဖြစ်မည်ကို စိုးရိမ်သဖြင့် တာ့ဟေး၏ခေါင်းကို သူ့လက်ချောင်းတို့ဖြင့် အကြိမ်ပေါင်းများစွာ ပုတ်ပြီး ပြစ်တင်ကြိမ်းမောင်းလိုက်သည်။

“ ဘာလို့ အရမ်းကာရော စားလိုက်တာလဲ "

တာ့ဟေးက သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားလျက် လုလင်းရှီကို အပြစ်ကင်းစင်ဟန်ဖြင့် စွေကြည့်နေခဲ့သည်။

သူ ခရမ်းချဉ်သီးကို စားပြီးနေပြီဖြစ်သဖြင့် လုလင်းရှီက ဘာမှလုပ်၍ မရတော့ပေ။ တာ့ဟေး တစ်ခုခု ဖြစ်လာမလား စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ခွေး နှင့် လူတို့သည် ညသန်းခေါင်ထိ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့သည်။ တာ့ဟေးက စိတ်အားထက်သန်နေသေးသော်လည်း လုလင်းရှီက အတော်လေး အိပ်ငိုက်နေပြီဖြစ်သဖြင့် ထိန်းမနိုင်တော့ဘဲ မှိန်းခနဲ အိပ်ပျော်သွားခဲ့သည်။

သူ ညည့်နက်မှ အိပ်ပျော်သွားခဲ့သဖြင့် လုလင်းရှီသည် နောက်နေ့ မနက် ၅ နာရီတွင် မထနိုင်တော့ဘဲ ပန်းဈေးသို့ သွားရမည့်အချိန်ကို လွတ်သွားခဲ့သည်။ ဝမ်စုရှို့ သူ့ကို ဖုန်းခေါ်လာချိန်မှ နိုးလာခဲ့သည်။

“ မား အလုပ်ဆင်းရင် အန်တီလင်း အိမ်ကို တစ်ချက်သွားရမယ်... မနက်ကျ မား အိမ်ကို ပြန်မလာတော့ဘူး... မနက်စာကို ကိုယ့်ဘာသာကိုယ် သွားဝယ်ဖို့ မမေ့နဲ့နော် "

ဝမ်စုရှို့က အနည်းငယ် မှာတမ်းခြွေပြီးနောက် လုလင်းရှီ တစ်ခုခုပြောလာမည်ကို မစောင့်နေတော့ဘဲ ဖုန်းချလိုက်သည်။ လုလင်းရှီသည် မျက်လုံးများကို ပွတ်သပ်ပြီး ဖုန်းကို အဝေးတွင် ထားလိုက်ကာ ရုတ်တရက် မနေ့ညက အကြောင်းကို မှတ်မိသွားခဲ့သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now