(Unicode)
မနက်စောစောစီးစီး ဒေါ်အေးသွယ်ဘုရားဝတ်ပြုရန်အတွက် မေမိုးလိုအပ်တာတွေလိုက်လံပြင်ဆင်ပေးနေခဲ့ရသည်။အားလုံးပြင်ဆင်ပြီးလို့ ဒေါ်အေးသွယ်ဘုရားဝတ်ပြုမည့်အချိန်ရောက်မှ သူမလည်းဘုရားခန်းထဲကထွက်လာခဲ့ရ၏။
မေမိုးအပေါ်ထပ်ကဆင်းလုဆဲဆဲ ရုတ်တရက်ပင်တိုင့်အားသတိရသွားသဖြင့် ပင်တိုင်ရှိရာအခန်းသို့သာအကြည့်ရောက်သွား၏။သည်ရက်ပိုင်းအတွင်း ပင်တိုင်သိသိသာသာအိပ်ရာထတွေနောက်ကျလာသဖြင့် သူရဆီစာသင်သွားဖို့မေမိုးကဘဲနှိုးနှိုးပေးနေရသည်။
အခုလည်းအခန်းတံခါးပိတ်ထားသေးပုံထောက်လျှင် ပင်တိုင်နိုးသေးမည့်ပုံမပေါ်သေးချေ၊မေမိုးသာ ပင်တိုင့်ကိုနှိုးရန်အခန်းဆီသို့လာခဲ့လိုက်သည်။
ပိတ်လို့ထားတဲ့အခန်းတံခါးအား မေမိုးအနည်းငယ်တွန်းကြည့်တော့ အထဲကကလန့်ချမထားပေ၊ပင်တိုင်နိုးနေပြီလားပင်မသိတာကြောင့် မေးမိုးအခန်းကိုသာတွန်းဖွင့်လိုက်၏။သူမလက်များအခန်းတွခါးကိုတွန်းဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် နှုတ်ကလဲ....
"ပင်တိုင်...နှိုးနေပြီလား"
ဘုတ်.....ဒုန်း....
တံခါးတွန်းဖွင့်လာတဲ့သူမကိုမြင်သည်နှင့်တစ်ပြိုင်နက် စာကြည့်စားပွဲပေါ်ကစာအုပ်တစ်ချို့မှာပင်တိုင့်လက်ဖြင့်တိုက်ကျသွားသလို ပင်တိုင်လည်းလက်ကလေးနောက်ပစ်လျက်သာ မေမိုးကိုရပ်ကြည့်နေလေသည်။
သူမကိုမြင်ပြီးပင်တိုင်အထိတ်တလန့်ဖြစ်သွားကာ ပင်တိုင်ဘာဖွက်လိုက်မှန်းတာမေမိုးမသိသော်လည်း တစ်ခုခုကိုဖွက်လိုက်သည်ကိုတော့ မေမိုးမြင်ဖြစ်အောင်မြင်လိုက်သေးသည်။
ပင်တိုင်ဘာဖွက်လိုက်လေလဲသိရအောင်..."ဘာဖွက်လိုက်တာလဲပင်တိုင်"
မျက်နှာထားတည်တည်ကြီးနဲ့မေးလာတဲ့မေမိုး ပင်တိုင်ရှိရာသို့တဖြည်းဖြည်းကပ်လာသဖြင့် ပင်တိုင်လက်ထဲကအရာလေးကိုသာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။ခပ်နွေးနွေးရှိတဲ့မနက်ခင်းက သိပ်ပြီးမပူပြင်းလှသော်လည်း မေမိုးမြင်သွားပြီလားပင်မသိတာကြောင့် ပင်တိုင့်ရင်ထဲမှာတော့အပူလုံးကြီးကာပူပြင်းနေတော့သည်။