(Unicode)
တစ်ရက်နဲ့တစ်ရက်ကုန်ဆုံးတာမြန်လာလိုက်တာ တစ်လဆိုသည့်အချိန်လေးကဘာမှမဟုတ်သလိုပင်။လကုန်ပြီးနှစ်ကူးပြီဆိုတာနဲ့ လူကြီးတွေမင်္ဂလာရက်သတ်မှတ်ပြီး ပြင်ဆင်သင့်တာတွေလည်းအားလုံးပြင်ဆင်ပြီးပြီဖြစ်သည်။
မင်္ဂလာရက်နီးလာသည်နှင့် ကိုယ်စီပူလောင်နေကြသည့်သူတွေထဲနှင်းသဒ္ဒါပါဝင်သည်။သူမနဲ့လင်းခေးကို လူကြီးချင်းစေ့စပ်မင်္ဂလာကြောင်းလှမ်းပြီးသည့်နေ့ကစလို့ လူရိုးနဲ့သူမလည်းလုံးလုံးအဆက်အသွယ်ပြတ်သွားခဲ့သည်။အရင်ကဆိုလျှင် သူမဆီသို့တစ်နည်းနည်းဖြင့်အရောက်လာတွေ့တက်တဲ့သူက စေ့စပ်ကြောင်းလမ်းသည့််နေ့စလို့ သူမရှေ့ပေါ်မလာတော့တာကြောင့် နှင်းသဒ္ဒါကဘဲလူရိုးနဲ့တွေ့ရန် အရဲစွန့်ပြီးမိဘတွေအလစ်ချောင်းထွက်လာခဲ့ရသည်။
သူမနဲ့လူရိုးကြိုတင်ချိန်းထားခြင်းမရှိဘဲ သူမတစ်ယောက်ထဲဆန္ဒနဲ့လာခဲ့တာကြောင့် လူရိုးအိမ်ကိုမိန်းကလေးတန်မဲ့သွားရှာရမှာလဲနှင်းသဒ္ဒါမရဲပါ။ထို့ကြောင့် ရှေ့မျက်နှာနောက်ထားပြီး လင်းခေးကိုအကူအညီတောင်းရန်သာ လင်းခေးအိမ်သို့အရင်လာခဲ့ခြင်းဖြစ်၏။
"မမမိုး"
အိမ်ရှေ့မှာနွားစာစဥ်းနေတဲ့မေမိုး ခေါ်သံကြောင့်ခြံရှေ့ကြည့်မိရာ နှင်းသဒ္ဒါဖြစ်နေတာကြောင့် လုပ်လက်စအလုပ်ကိုထားခဲ့ပြီး ဝမ်းသာအားရဖြင့်သာနှင်းသဒ္ဒါရှိရာလာခဲ့သည်။
နှင်းသဒ္ဒါလည်း မေမိုးသူမကိုမြင်မှခြံထဲသို့ဝင်လာရဲ၏။
"အကြောင်းမကြားဘာမကြားနဲ့ပါလားသဒ္ဒါရယ်...တစ်ယောက်ထဲလာတာလား"
"ဟုတ်တယ်မမမိုး...လင်းခေးအိမ်မှာရှိလား"
"ရှိတယ်သဒ္ဒါရဲ့...အိမ်ထဲဝင်သွားလိုက် မမမိုးကနွားစာစဥ်းလက်စကြီးမိုလို့"
"ဟုတ်ကဲ့မမမိုး"
မေမိုးသူမလုပ်စရာရှိတာပြန်လုပ်နေတာနဲ့ နှင်းသဒ္ဒါလည်းလင်းခေးကိုတွေ့ရန် အိမ်ထဲကိုသာဝင်လာခဲ့သည်။
အိမ်ထဲတွင်စာအုပ်တစ်အုပ်ကိုင်ဖက်နေတဲ့လင်းခေးကတော့ ဆိုင်းမဆင့်ဘုံမဆင့်တစ်ယောက်ထဲရောက်လာတဲ့သူမကိုမြင်ပြီးအံသြသွားပုံရသည်။သူမကိုမြင်တာနဲ့ ထိုင်ရာမှပင်ထရပ်လာတယ်လေ။