💕 - 4

1.6K 54 4
                                    

✍️ Unicode

ငှက်ပျောညွန့်အစိမ်းနုရောင်ဖျော့ဖျော့နဲ့ဘူးသီးတွေဟာ နှင်းမှုန်တွေရဲ့အအေးဒဏ်ကိုခံယူရင်း စားပွဲပေါ်မှာဣန္ဒြေမပျက်ငုတ်တုတ်ထိုင်နေကြတယ်။

အလင်းရောင်တန်းတွေနဲ့နှင်းစက်တွေကတော့ရန်ဖြစ်ထားကြဟန်တူရဲ့။ကမ္ဘာမြေပေါ်ဆင်းသက်လာမဲ့ ရောင်စဉ်တန်းတွေကိုနှင်းမှုန်တွေကပိတ်ဆီးလို့ထားနေတုန်း။

" မင်းတို့နှစ်ယောက်ကဘယ်လိုလုပ်ပြီးဖူးစာဆုံလာကြတာလဲ…… "

တိတ်ဆိတ်ငြိမ်သက်နေတဲ့အခြေအနေမှာ အဘိုးညီညီတိုးရဲ့စကားသံကြောင့်ပတ်ဝန်းကျင်ဟာအသက်ပြန်ဝင်လာတယ်။

စကောထဲမှာလဲလျှောင်းနေကြတဲ့ဘူးသီးချောင်းကလေးတွေတောင် ရုတ်တရက်ဖောက်ထွက်လာတဲ့အဘိုးညီညီတိုးရဲ့အသံကို ခေါင်းထောင်ကြည့်ကြဟန်တူရဲ့။

" ကျွန်တော်တို့နှစ်ယောက်က မိဘမဲ့ဂေဟာမှာဆုံခဲ့ကြတာ…… "

နှင်းမှုန်တွေကြားကအလင်းရောင်ဟာနှင်းစက်တွေကိုအရှုံးပေးလိုက်တာလားမသိဘူး။သူ့ရဲ့အလင်းတန်းတွေကိုပြန်ရုပ်သိမ်းသွားတယ်။မှုန်မှိုင်းနေဆဲမနက်ခင်းဟာအခုဆိုပိုတောင်မှိန်သွားသလိုလို။

ဖူးစာဆုံတယ်ဆိုတာကိုမသုံးချင်တာပဲလား၊နှစ်ယောက်သားကချစ်သူ‌တွေပါဆိုတာကို ပြောဖို့ရှက်နေတာပဲလား၊ဒါမှမဟုတ် အတိတ်ကိုပြန်လွမ်းသွားတာပဲလားမသိတဲ့ မောင့်စကားသံကတည်တည်ငြိမ်ငြိမ်နဲ့ထွက်လာပေမဲ့နေမင်းခန့်အားမရဘူး။

မောင်နဲ့နေမင်းခန့်စဆုံကြတဲ့နေ့ကလေးကိုမှတ်မိနေသေးတယ်။ဒီအချိန်တုန်းကတော့နေမင်းခန့်နဲ့မောင်တို့နှစ်ယောက်လုံးရဲ့အသက်ကရှိလှမှငါးနှစ်ပေါ့။

ဂေဟာမှူးကမောင်နဲ့အတူတူနေဖို့ နေမင်းခန့်ကိုခေါ်ပြောခဲ့တဲ့အချိန်မှာ မျက်လုံး‌တွေနီနေအောင်ငိုထားတဲ့မောင့်ကိုဂေဟာမှူးရဲ့ရှေ့မှာနေမင်းခန့်စတွေ့ခဲ့တာပဲ။

လူမှန်းမသိတတ်ခင်ကစ မိဘမဲ့ဂေဟာရှေ့မှာစွန့်ပစ်ခံခဲ့ရတဲ့နေမင်းခန့်ကတော့ဂေဟာမှူးရဲ့သားတစ်ယောက်လိုတောင်ဖြစ်နေခဲ့တော့တာကိုး။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now