💕 - 31

585 27 1
                                    

✍️ Unicode

ဒီနေ့ကသီတင်းကျွတ်လပြည့်နေ့။ဈေးရောဆိုင်တွေရောအကုန်ပိတ်တယ်။နေမင်းခန့်တို့တစ်မိသားစုလုံးလည်းတရားနာသွားဖို့ပြင်ကြတယ်။

နေမင်းခန့်တို့မိသားစုမှမဟုတ်ပါဘူး။တစ်ရွာလုံးကလူတွေလည်းဘုန်းတော်ကြီးကျောင်းကိုတရားနာသွားဖို့တက်တက်ကြွကြွပါပဲ။

နေမင်းခန့်တို့ကတရားနာရုံတင်မကဘူး။ဒီနေ့တရားနာမဲ့ပရိတ်သတ်ကိုပါထမင်းကျွေးအလှူလုပ်ဖို့ပြင်ထားတာ။ပုဇွန်ခြောက်နဲ့ကြက်သွန်ကြော်၊ကုလားပဲနှပ်၊သီးစုံချဉ်ဟင်းနဲ့ငါးခြောက်စပ်သီးကျော်ကိုမနေ့ကတည်းကချက်ထားပြီးသား။

ဒီနေ့တော့မုန်လာထုပ်နဲ့ရေကန်စွန်းရွက်ကိုအစိမ်းကျော်ရုံပဲ။ဒါလည်းကျော်ရုံပဲလိုတော့တာ။အားလုံးအဆင်သင့်လုပ်ထားပြီးသား။ထမင်းတွေဟင်းတွေကတော့ထုံးစံအတိုင်းအရီးထွေးညိုနဲ့အေးသီတို့ဦးဆောင်ပြီးချက်ကြပြုတ်ကြတာပါပဲ။

ဝတ်ကောင်းစားလှဝတ်ပြီးဟိုကဒီကထွက်လာတဲ့လူတွေရွာလယ်လမ်းမမှာလှုပ်လှုပ်ရွရွ။တချို့ကဆွမ်းလင်ပန်းကိုခေါင်းပေါ်ရွက်ပြီးတချို့ကတော့ဆွမ်းချိုင့်ကိုလက်ကဆွဲလို့။

ရွာထဲကသက်ကြီးရွယ်အိုတွေကိုမနေ့ကစဆွမ်းပို့ကြပေမဲ့ ဆရာတော်ကျောင်းကိုတော့အခုလိုတရားနာသွားတဲ့လပြည့်နေ့မှပို့ကြတာ။ဒါ့ကြောင့်ဘယ်သူ့ကိုပဲကြည့်လိုက်ကြည့်လိုက်ဆွမ်းချိုင့်ကိုယ်စီနဲ့ဖြစ်နေတာ။

နေမင်းခန့်တို့လည်းဝတ်ကောင်းစားလှနဲ့ပါပဲ။ဒါပေမဲ့အသစ်ချုပ်ထားတာတော့မဟုတ်ဘူး။ဂေဟာကိုသွားလှူတုန်းကချုပ်ထားတဲ့ဝတ်စုံတွေပဲပြန်ဝတ်လာကြတာ။

ဘိုးညီကခဏခဏဆုံးမလေ့ရှိတယ်။အဝတ်မက်တော့ကြွေးတဲ့၊အစားမက်တော့ချေးတဲ့။အဝတ်အစားမက်ရင်အကြွေးပဲအဖတ်တင်တယ်။သင့်တင့်ရုံပဲဝတ်ရမတဲ့။

အမြဲတမ်းစားကောင်းသောက်ဖွယ်စားနေတော့လည်းအိမ်သာပြည့်တာပဲအဖတ်တင်သတဲ့။ကျန်းမာရေးနဲ့ညီညွတ်အောင်စားရင်တော်ပြီတဲ့။

ဘိုးညီရဲ့ဆုံးမစကားတိုင်းကိုမောင်ကအပြည့်အဝလိုက်နာတယ်။ဘိုးညီကဆေးမှူးဟောင်းဆိုတော့ကျန်းမာရေး၊လူမှုရေးနဲ့ပတ်သက်တဲ့ဗဟုသုတလည်းကြွယ်တယ်မလား။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now