💕 - 18

752 27 2
                                    

✍️ Unicode

ထန်းရေအခါးဆိုတာက ချိုနေတဲ့ထန်းရေကိုတမင်ခါးသွားအောင်လုပ်ယူရတာ။အပင်ကထွက်လာတဲ့ထန်းရေကချိုချိုလေးရယ်။

အဲဒီချိုနေတဲ့ထန်းရေကမမူးဘူး။ဒီတော့မူးသွားအောင်ထန်းရေကိုခါးအောင်ဖောက်ယူရတယ်။ခက်ခက်ခဲခဲတော့မဟုတ်ပါဘူး။မုန်ပင်ကအခေါက်ကိုခွာပြီးထည့်လိုက်ရုံပါပဲ။

မုန်ပင်ကရတဲ့မုန်ခေါက်ကအပြာနဲ့အဖြူဆိုပြီးနှစ်မျိုးရှိတယ်။အဖြူကိုအသုံးနည်းပြီးအပြာကိုသုံးကြတာများတယ်။အဲဒီမုန်ခေါက်ကိုတစ်ချို့ကတော့မီးကင်ရုံကင်ပြီး တချို့ကတော့မီးထဲထည့်ဖုတ်လိုက်ကြတယ်။

မီးကင်တာပဲဖြစ်ဖြစ်၊မီးဖုတ်တာပဲဖြစ်ဖြစ် အဲလိုလုပ်ထားပြီးသားမုန်ခေါက်ကိုလက်နှစ်သစ်လောက်အတုံးလေးတွေတုံးပြီး လက်တစ်ဆစ်စာလောက်စီပိုင်းဖြတ်ရတယ်။

ပြီးတော့မှထန်းရေအခါးဖောက်မဲ့အိုးထဲကိုတစ်ပိုင်းစီထည့်ရတယ်။တစ်ပိုင်းထက်ပိုထည့်ရင်ထန်းရေကပျက်သွားတယ်။ထန်းရေအနံ့မရတော့ဘဲ သစ်ခေါက်ရေလိုလိုဘာလိုလိုဖြစ်သွားတတ်တယ်။

ဒါတင်ပဲလားဆိုရင်တော့မဟုတ်သေးဘူး။မုန်ခေါက်ထည့်ပြီးသားအိုးထဲကိုအရည်လင်ဆိုတာထပ်ထည့်ရသေးတယ်။အရည်လင်ဆိုတာကတော့ သူများအခါးဖောက်ပြီးသားထန်းရေကိုအနည်ထိုင်အောင်လုပ်ထားတဲ့အရည်ပါ။

အနည်ထိုင်သွားတဲ့အခါ ကြည်လင်သွားတာမို့ အရည်လင်လို့ခေါ်တာထင်ပါရဲ့။အဲဒီလိုမုန်ခေါက်ရောအရည်လင်ပါထည့်ထားတဲ့မြူအိုးနဲ့ထန်းရေခံလိုက်တဲ့အခါ ထန်းရေအချိုကနေအခါးဖြစ်သွားတယ်။

တချို့ကတော့လည်းမုန်ခေါက်အစားသစ်ရာခေါက်ထည့်ကြသတဲ့။အရည်လင်အစားအရက်ထည့်ကြတယ်ပြောတာပဲ။အုန်းကြီးသာကျောပြောတာတွေကိုကြားဖူးတာပါ။

အဲဒီထည့်ရာကရလာတဲ့ထန်းရေအခါးကမှမူးတော့တာ။အခုလည်းထန်းရေအခါးကိုနေမင်းခန့်သောက်နေတာထန်းမှုတ်နဲ့သုံးလေးငါးမှုတ်လောက်ရှိနေပြီ။သောက်နေကြမဟုတ်တာရောမို့တော်တော့်ကိုရီဝေဝေဖြစ်နေခဲ့ပြီ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now