💕 - 26

628 28 0
                                    

✍️ Unicode

အလွဲတွေကိုအုပ်ကြီးကယူလာခဲ့တာဆိုပေမဲ့ အဲဒီအလွဲတွေကိုမောင်ကိုယ်တိုင်ကလိုလိုချင်ချင်လက်ခံခဲ့တာ။မောင်ကိုယ်တိုင်က အလွဲတွေကိုတမင်ကြိုဆိုခဲ့တာလို့ပြောရမှာ။

အဲဒီအလွဲတွေရဲ့အစကတော့မြတမာဆိုတဲ့နေမင်းခန့်တို့ရွာကလေးကို ငယ်ငယ်ချောချောဆရာဝန်မလေးရောက်လာရာကနေစတာပါပဲ။

နေမင်းခန့်တို့ရွာကလေးမှာတိုက်နယ်ဆေးရုံရတာသိပ်မကြာသေးဘူး။အဆောက်အဦးတွေပြီးပြီဖြစ်ပေမဲ့ ဆရာဝန်ရောက်မလာသေးတာရော၊ဝန်ထမ်းတွေမစုံသေးတာရောနဲ့စမဖွင့်ဖြစ်သေးတာ။

အဲလိုနဲ့ပဲနေမင်းခန့်တို့မြတမာရွာကလေးကိုပထမဆုံးဆရာဝန်ရောက်လာရောဆိုပါတော့။ဆရာဝန်ကမိန်းကလေး။မိန်းကလေးမှာတောင်မှငယ်ငယ်ချောချောလှလှလေး။

ငယ်ငယ်ချောချောမှာမှပိုက်ဆံလည်းချမ်းသာဟန်တူပါရဲ့။ဒီလိုကနေဆရာဝန်မလေးကဆေးရုံကဝန်ထမ်းအိမ်ရာမှာမနေချင်ဘူးဖြစ်လာပါရော။မနေချင်တာကလည်းတမင်သက်သက်ညစ်တာ‌တော့မဟုတ်လောက်ဘူး။

ဆေးရုံကရွာနဲ့နည်းနည်းလှမ်းတာရော၊ဝန်ထမ်းအိမ်ရာမှာကယောက်ျားလေးတွေများများဖြစ်နေတာကြောင့်ရောနေမှာပေါ့။

မိသားစုနှစ်စုလောက်နဲ့ယောက်ျားလေးတွေချည်းရှိတဲ့ဝန်ထမ်းအိမ်ရာမှာဆရာဝန်မလေးမနေချင်တာလည်းဆန်းတော့မဆန်းပါဘူး။မိန်းကလေးအဖော်ရယ်လို့တောင်မရှိပဲဟာကိုး။

ဒီတော့အုပ်ကြီးကဆရာဝန်မလေးကိုနေမင်းခန့်တို့အိမ်ခေါ်ချလာတာ။ဆရာဝန်မလေးအတွက်ရွာထဲမှာအိမ်ကလေးတစ်လုံးဆောက်ဖို့လုပ်နေပါတယ်တဲ့။အိမ်ကလေးမပြီးမချင်းနေမင်းခန့်တို့အိမ်မှာခဏထားချင်သတဲ့လေ။

နေမင်းခန့်ကတော့သိပ်မထားချင်ဘူး။မကူညီချင်တာမျိုးတော့မဟုတ်ပေမဲ့ တခြားတစိမ်းတစ်ယောက်နဲ့တစ်အိမ်ထဲမှာနေမင်းခန့်မနေချင်ဘူး။တစိမ်းတစ်ယောက်နဲ့အတူတူနေရတာလွတ်လပ်တယ်လို့မခံစားရဘူး။

ပြီးတော့ယောက်ျာလေးတွေချည်းရှိတဲ့နေမင်းခန့်တို့အိမ်မှာမိန်းကလေးတစ်ယောက်ကအဆင်ပြေမနေမှာကိုတွေးမိတာရောပေါ့လေ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now