💕 - 6

1.3K 56 4
                                    

✍️ Unicode

ဒီနေ့တော့ကောင်းကင်တစ်ခုလုံးကကြည်ကြည်စင်စင်ရှိလို့နေတယ်။အရှေ့အရပ်ကထွက်လာတဲ့နေဝန်းနီကလည်းပြုံးပြူံးရွှင်ရွှင်နဲ့ရောင်ခြည်တစ်ထောင်အလင်းဆောင်လို့ပါပဲ။

ခပ်ပါးပါးသာကျနေတဲ့နှင်းမှုန်တွေက ညတုန်းက ကမ္ဘာပျက်သလို အဖြစ်အပျက်တွေကိုသူတို့မသိတဲ့ဟန်နဲ့တည်တည်ငြိမ်ငြိမ်ရှိကြတယ်။ဒေါသတကြီးတောက်လောက်ခဲ့တဲ့မီးတောက်တွေကသူတို့နဲ့မဆိုင်ပါဘူးလို့ပြောပြနေကြသလိုမျိုး။

ညတုန်းကရိုင်းစိုင်းခက်ထန်ခဲ့တဲ့မီးတောက်မီးစွယ်တွေကလည်းအခုတော့ဘယ်ကမ္ဘာဆီပြေးပုန်းနေတယ်မသိရဘူး။မီးကျွမ်းထားတဲ့အပိုင်းအစတွေနဲ့ပြာမှုန်တွေကိုသာခြေရာအဖြစ်ချန်ထားခဲ့ကြလေရဲ့။

အရင်နေ့တွေကဆူညံနေသမျှဟာ ဒီနေ့တော့တိတ်ဆိတ်လို့နေပြန်တယ်။တစ်ယောက်မှမရှိလို့တိတ်ဆိတ်နေတာမျိုးမဟုတ်ဘဲ လူတွေရှိရက်နဲ့ကိုတိတ်ဆိတ်နေတာမို့ နေမင်းခန့်စိတ်ထဲငိုချင်သလိုလိုတောင်ခံစားနေရတယ်။

မျက်နှာဖုံးတပ်ထားတာမဟုတ်တဲ့ဝမ်းနည်းမှုဟာတစ်ယောက်ကနေတစ်ယောက်ကိုကူးစက်သွားတယ်ထင်ပါရဲ့။မီးလောင်ပြင်ကိုရောက်လာကြတဲ့သူတော်တော်များများဟာ စကားသိပ်မပြောကြဘဲ လုပ်နိုင်တဲ့အလုပ်ကိုဝိုင်းကူလုပ်နေကြတယ်။

ဈေးတန်းတွေအကုန်မီးထဲပါသွားပေမဲ့ ဇာတ်ခုံမပါလို့တော်ပါသေးရဲ့လို့အောက်မေ့ကြရတယ်။ဘယ်ကမီးစလောင်တာလဲ၊ဘယ်သူ့ကြောင့်လဲ၊မေးကြမြန်းကြတွေလုပ်မနေကြပါဘူး။

လုပ်စရာရှိတာလုပ်ပြီးကူစရာရှိတာကူကြတာပါပဲ။ပြာတွေကိုသိမ်းကြ၊ကောင်းသေးတဲ့အိုးခွက်ပန်းကန်တွေကိုကောက်ကြနဲ့ လူတွေအားလုံးဟာ တိတ်တိတ်‌ဆိတ်ဆိတ်နဲ့ဝမ်းနည်းမှုကိုဖော်ပြကြတယ်။

ပစ္စည်းတွေမီးထဲပါသွားလို့ အော်ဟစ်ငိုယိုကြသူတွေတောင်အသံတိတ်သွားကြပါပြီ။သူတို့လည်းလုပ်စရာရှိတာလုပ်ကြရတာပါပဲ။မလုပ်လို့လည်းမဖြစ်ဘူးမလား။

မောင်ကတော့ဘာမှကောက်မနေဘဲ ဒီအတိုင်းသာထားလိုက်တော့တဲ့။ပြောသာပြောရတာပါ ပြန်ကောက်စရာရယ်လို့လည်းသိပ်ရှိတာမှမဟုတ်တာ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now