💕- 16

876 35 1
                                    

✍️ Unicode

" သရက်ပင်အောက်ကဝိုင်းအတွက် ကြက်ဥပလာတာနှစ်ပွဲ… လက်ဖက်ရည်ဖန်ချိုနှစ်ခွက်…… "

" ဒီဘက်ကထမင်းဆီဆမ်း ငါးပွဲချပေးမယ်… ငါးရံ့ခြောက်ထောင်းတစ်ပွဲရောပါမယ်ဗျို့…… "

" ကံကော်ပင်အောက်ကို အီကြာကွေးတစ်ပွဲပို့မယ်…… "

နေမင်းခန့်တို့ဆိုင်ကလေးထဲမှာ စားစရာသောက်စရာမှာတဲ့အသံတွေနဲ့ဆူညံလို့နေတယ်။အမြဲတမ်းလူရှုပ်တတ်တာမဟုတ်ပေမဲ့ လိုင်းကားတွေရပ်တဲ့ဒီလိုအချိန်မှာတော့ခရီးသည်‌တွေပေါတာမို့ လက်မလည်အောင်ရောင်းရတယ်။

လိုင်းကားတွေက နေမင်းခန့်တို့ရွာကလေးကိုမနက်ကောညပါခုနစ်နာရီဝန်းကျင်လောက်ရောက်လာတတ်တယ်။ခရီးသည်တွေမနက်အဆာပြေစားချိန် ညစာထမင်းစားချိန်နဲ့ကွက်တိပေါ့။

နေမင်းခန့်တို့ဈေးမှာနေကြကားဆရာက လက်ဖက်ရည်ဆိုင်လေးဖွင့်ပါလားကားတွေနားဖို့ပြောပေးမယ်ဆိုတာနဲ့ပဲ လက်ဖက်ရည်ဆိုင်လေးဖွင့်ကြည့်ဖို့စိတ်ကူးမိကြတယ်။

ဒီလိုနဲ့ပဲ အိမ်ဝင်းအလယ်မှာရှိနေတဲ့ အိမ်အဟောင်းကြီးကို အိမ်ခြံစည်းရိုးနားကိုရွှေ့ပြီးတိုင်တွေအောက်ကနေသံဖိနပ်ခံထားလိုက်တယ်။

ဒီတော့အိမ်ဝိုင်းကပိုကျယ်သွားတယ်။ဒါတင်မကဘူး။အိမ်ရှေ့မျက်နှာစာကနေ အနောက်ဘက်ကလယ်ကွင်းတွေကိုဒီအတိုင်းမြင်နေရတဲ့အခါ တော်တော့်ကိုသာသာယာယာဖြစ်သွားတော့တာ။

ကုန်စုံဆိုင်ကလေးကိုလည်းဖျက်ပစ်လိုက်တယ်။အာစီတိုက်သုံးထပ်ခပ်ကြီးကြီးဆောက်ပြီး အောက်ဆုံးထပ်ကိုကုန်စုံဆိုင်လုပ်တယ်။ပြီးတော့မှလက်ဖက်ရည်ဆိုင်ပါအောက်ထပ်နဲ့တွဲပြီး တစ်ခါတည်းဆောက်ထားလိုက်တယ်။

မောင်ကအမြော်အမြင်ရှိပါတယ်။လက်ဖက်ရည်ဆိုင်ကိုလည်းခပ်ကြီးကြီးဆောက်ပြီးနှစ်ခန်းခွဲလိုက်တယ်။တစ်ခန်းမှာလက်ဖက်ရည်ရောင်းပြီးတစ်ခန်းကထမင်းဆိုင်လေးဖွင့်တယ်။

ကုန်စုံဆိုင်အပါအဝင်လက်ဖက်ရည်ဆိုင်ကောထမင်းဆိုင်ကောတိုးလျိုပေါက်သွားလို့ရအောင်အပေါက်တွေနဲ့ဆက်ထားလိုက်တော့တစ်ဆိုင်နဲ့တစ်ဆိုင်သပ်သပ်မကူးရတော့ဘူးပေါ့။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now