Arc(1.2)- Yolic Alilloy

1.2K 175 3
                                    

နှင်းတွေ ထူထဲစွာကျနေတဲ့ ဆောင်းနှစ်ဟာ ကုန်လို့ နွေဦးထဲရောက်လာခဲ့ပြီပေ…။ နာရီတွေဟာ လျှင်မြန်စွာ လှည့်ပတ်သလို အချိန်တွေဟာလည်းကုန်ဆုံးမြန်လွန်းလှတယ်။ အခုဆို Yolic ဟာ ကျန်းကျန်းမာမာ ပြန်လည်ရှိနေခဲ့ပြီ။

မိဖုရားကြီးတစ်ပါးရဲ့ အထက်တန်းကျတဲ့ အပြင်အဆင်တွေအစား Yolic ဟာ သပ်သပ်ရပ်ရပ်နဲ့ ပေါ့ပေါ့ပါးပါးရှိလှမယ့် အဝတ်အစား(ဂါဝန်) တွေကိုသာ ရွေးချယ်ဝတ်ဆင်ဖြစ်တယ်။ လှပပြီးတောက်ပနေတဲ့ မိဖုရားတစ်ပါးရဲ့အဆင်တန်ဆာတွေဟာ ဒီခန္ဓာထဲက ဝိဉာဉ်အတွက်တော့ အဆင်မပြေလေဘူး။ စိတ်လေးလံစေတဲ့အတွက် Yolic ဟာ အထက်တန်းကျတဲ့ အခမ်းအနားတွေတတ်ဖို့ကလွဲရင် အတတ်နိုင်ဆုံးမဝတ်ဆင်လိုလေဘူး။

ကယ်လီဟာနေမကောင်းဖြစ်ပြီးမှ ပြောင်းလဲသွားတဲ့ သူ့သခင်မရဲ့ပုံစံကို အံ့သြနေလေရဲ့။ တစ်ဖက်မှာလည်း သူဟာ သူ့သခင်မရဲ့ အခုပုံစံလေးကိုပဲ ပိုသဘောကျသလိုခံစားနေရတယ်။ နူးညံ့ပြီး ထိလွယ်ရှလွယ်တဲ့ ပုံစံပေမယ့် ဘယ်သူကမှ သူ့သခင်မကို လွှမ်းမိုးနိုင်တဲ့ ပုံစံမရှိလေဘူး။ ပေါ့ပါးပြီးလန်းဆန်းတဲ့ အငွေ့အသက်လေးတွေက သူ့သခင်မရဲ့ ဆွဲဆောင်နိုင်မှုကို ပိုပြီး မြှင့်တင်ပေးနေသလိုပဲ။ အမြဲတမ်းပြုံးနေတဲ့ သခင်မရဲ့မျက်နှာဟာ အရာရာကို လုပ်နိုင်တယ်လို့ ယုံကြည်မှုအပြည့်ရှိနေတဲ့ သူလို့ထင်ရတယ်။ သူတို့အစေခံတွေအကုန်လုံးအတွက် အားကိုးစရာ ယုံကြည်စရာ တံတိုင်းကြီးတစ်ခုလို ခံစားရစေတယ်။ ပြောရရင် အရင်က အေးတိအေးစက်နဲ့ အရှိန်အဝါအပြည့်ရှိနေတဲ့ သခင်မနဲ့ အခုပုံစံ သခင်မကို ကယ်လီ ပိုသဘောကျလေတယ်။

ရှေးခေတ် နွေဦးရာသီရဲ့ လှပတဲ့ ရူခင်းတွေကို မြင်ချင်မိတာကြောင့် ယိုးလစ် ပန်းဥယျာဉ်ထဲကို လမ်းလျှောက်ထွက်ခဲ့တယ်။ လွတ်လွတ်လပ်လပ် နေချင်မိတာရယ်ကြောင့် အခြားသူတွေကို ဥယျာဉ်အဝမှာသာ စောင့်ခိုင်းထားပြီး ကယ်လီကိုသာ အတူခေါ်ထားလိုက်တယ်။ ဒုကိုယ်ရံတော်မှူးကတော့ မိဖုရားရဲ့ လုံခြုံရေးကို ကာကွယ်ရန်ဆိုပြီး နောက်ကလိုက်ခဲ့လေရဲ့။

တော်ဝင်ဥယျာဉ်ဟာ နာမည်နဲ့ကို လိုက်ဖက်လွန်းလှတယ်။ ဥယျာဉ်တစ်ခုလုံးဟာ စိမ်းဆိုနေတဲ့ အရိပ်ရသစ်ပင်ကြီးတွေအပြင် ရှားပါးပြီး လှပတဲ့ပန်းမန်အစုံလည်း ဖူးပွင့်နေလေတယ်။ ပန်းရနံ့တွေဟာ ဥယျာဉ်တစ်ခုလုံးကို လွှမ်းခြုံပြီး မွေးပျံ့နေလေတော့ ယိုးလစ်ဟာ ဒီကနေပြန်တောင်မပြန်ချင်တော့ဘူး။ ထို့အပြင် ငှက်တွေကိုသဘောကျတဲ့ ရှင်ဘုရင် လူးကပ်စ်ကြောင့် ဥယျာဉ်မှာ ကျေးငှက်မျိုးစုံလည်း ရှိနေလေတယ်။ ယုန်လေးတွေအပါအဝင် အခြားသော ချစ်စရာအကောင်သေးသေးလေးတွေလည်း ရှိတာရယ်ကြောင့် တော်ဝင်ဥယျာဉ်ဟာ ဥယျာဉ်တစ်ခုမဟုတ်ဘဲ တောအုပ်သေးသေးလေးနဲ့တောင် တူနေသလိုပါပဲ။

Dream MakerWhere stories live. Discover now