Arc(1.13)- Yolic Alilloy

1.2K 174 36
                                    

မက်မန်းဝိုင်!

ငယ်စဉ်က မက်မန်းဝိုင်နဲ့ပတ်သတ်ပြီး မမေ့နိုင်တဲ့အမှတ်တရတစ်ခုရှိခဲ့ဖူးသည်။ ခမည်းတော်မွေးနေ့တွင် အရေးပါသော နိုင်ငံ၏မင်းသားတစ်ပါးအနေနဲ့ လူးကပ်စ်တတ်ရောက်ခဲ့ရသည်။ သူ့ဘေးမှာ နောင်တစ်ချိန်ကြင်ယာတော်ဖြစ်လာမည့် မိန်းကလေး၂ယောက်ခြံရံခြင်းဖြင့်ပေါ့။

ဆံပင်အဖြူရောင်နှင့် မျက်လုံးအပြာတို့ရှိသော ကောင်မလေးမှာ အေးစက်စက်အငွေ့အသက်တွေကို ထုတ်လွှင့်လျက်ရှိသည်။ တည်နေသောမျက်နှာထားမှာလည်း ၆နှစ်အရွယ်ကလေးမလေးတစ်ယောက်ဟု ထင်ရက်စရာပင်မရှိအောင် အရယ်အပြုံးမဲ့လွန်းလှသည်။ ထိုမိန်းကလေးအနားကပ်လိုက်တိုင်း ရေခဲနန်းတော်ကြီးထဲ ပြုတ်ကျသွားသလို အေးစိမ့်နေခြင်းကြောင့် လူးကပ်စ်မကြိုက်။

ထိုမိန်းကလေးနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် သူ့ဘေးနားက ကောင်မလေးမှာတော့ နွေဦးရာသီလေးနှင့်ပင်တူတော့သည်။ အသားရောင်ပေါ်ပန်းရောင်သန်းနေသည့် ဆံနွယ်လေးတွေနှင့် ရယ်လိုက်တိုင်း မှိတ်ကျသွားသည့် ရွှေညိုရောင်မျက်ဝန်းလေးတွေက မြင်ရသည့်သူ့ရင်ကို တစ်လှပ်လှပ်ခုန်စေသည်။ ချစ်စရာကောင်းလွန်းသည်။ နွေးထွေးသည့် နွေဦးမှာ ဖူးပွင့်နေသော ပန်းကလေးတစ်ပွင့်ကဲ့သို့ သူမဟာ လှပသည်။

"ဒီနေ့ ငါကိုယ်တော်ရဲ့ မွေးနေ့မင်္ဂလာမှာ သားတော်ရော ချွေးမတော်အလောင်းအလျာတွေရော စုံအောင်တွေ့ရလို့ ငါကိုယ်တော် ကျေနပ်ဝမ်းသာပီတိဖြစ်မိတယ်"

"အရှင့်ရဲ့ ဘုန်းတော်ကြောင့်ပါ!!"

ဘုရင်မင်းမြတ် ဝီလျှံဟာ လက်ထဲက ဝိုင်ထည့်ထားသည့် ရွှေခွက်ကိုမြောက်ရင်းဆိုလေတော့ ပွဲတတ်လာသူ မှူးမတ်အပေါင်းဟာလည်း ဘုန်းတော်ဘွဲ့ကိုချီးမြောက်ဖို့ မေ့မနေခဲ့ပေ။

"ဒီလို ဝမ်းမြောက်ဖွယ်အချိန်အခါမှာ ငါကိုယ်တော်ရဲ့ သားတော် မင်းသားလူးကပ်စ်ကို တစ်ခွက်ချီးမြောက်တော်မူမယ်"

လူးကပ်စ် ရိုသေစွာဖြင့် မတ်တပ်ရပ်လိုက်ကာ ဦးညွှတ်ရင်း

"သားတော် ဝမ်းမြောက်စွာဖြင့် လက်ခံပါတယ်"

"အရှင်! ကျွန်တော်မျိုးမ ဝင်ရောက်နှောက်ယှက်မိလို့ စိတ်မရှိပါလင့်။ မင်းသားဟာ အခုမှ ၈နှစ်အရွယ်သာ ရှိသောကြောင့် ငယ်တော်မူပါသေးတယ်။ သောက်သုံးရန်မသင့်ပါသောကြောင့် အရှင်တစ်ခြားနည်းလမ်းဖြင့် ချီးမြှောက်စေလိုပါတယ်"

Dream MakerWhere stories live. Discover now