Arc(1.7)- Yolic Alilloy

1.1K 154 11
                                    

ဖုန်းတွေ အင်တာနက်တွေ တယ်လီဗေးရှင်းတွေမရှိတဲ့ အခုခေတ်အချိန်အခါမှာ သတင်းမျိုးစုံရရှိနိုင်ဖို့အကောင်းဆုံးက မည်သည့်နေရာဖြစ်ပါမည်နည်း? သေချာပေါက် လူပေါင်းစုံရှိတဲ့ စားသောက်ဆိုင်တွေပေါ့။

အတင်းအဖျင်းပဲဖြစ်ဖြစ် အစစ်အမှန်ပဲဖြစ်ဖြစ် ကောလဟာလတစ်ခုကို ဖြန့်ချင်ရင်ရော? ဘူးအပေါက်တစ်ရာသာ ပိတ်လို့လွယ်မယ် ပါးစပ်ဆယ်ပေါက်ကိုတော့ဖြင့် ပိတ်လို့မနိုင်ဆိုသည့်အတိုင်း လူအချင်းချင်းဖြန့်ခြင်းကသာ အကောင်းဆုံးပဲလေ။

ယိုးလစ်အခုရောက်နေသည့်နေရာကား ဘတ်စ်တစ်မြို့တော်တစ်ခုလုံးမှာ အကောင်းဆုံးဆောင်ကြာမြိုင်ဖြစ်သည့် ဟေးတပ်စ်။ အကောင်းမွန်ဆုံးသော ဖျော်ဖြေမှုတွေနဲ့ နိုင်ငံရဲ့အလှဆုံးသော မိန်းမပျိုတွေ ရှိတဲ့နေရာ။ နောက်ပြီး ပိုက်ဆံရှိရုံနဲ့ နန်းတွင်းလျှို့ဝှက်ချက်ပါမကျန် သိနိုင်တဲ့နေရာ...။

ယခင်ယိုးလစ်ရဲ့မှတ်ဉာဏ်အရ ဇာတ်လိုက်ဟာ တစ်လကို ၂ခါလောက်နန်းပြင်ကို ထွက်လေ့ရှိသည်။ တရားဝင်တိုက်ခန်းလှည့်လည်သလိုမဟုတ်ဘဲ သာမာန်လူအသွင်ရုပ်ဖျက်ကာ ဟေးတပ်စ်ကို လာသည်။ ပြောရလျှင် ဒီဆောင်ကြာမြိုင်တွင် ဇာတ်လိုက်ကို နိုင်ငံအုပ်ချုပ်ရေးတွင် အကောင်းဆုံးဖြစ်အောင် အဓိကထောက်ပံ့ပေးသူတစ်ဦးရှိသည်လေ။

လူးကပ်စ်က ထိုလူ့အကူအညီနှင့် သစ္စာဖောက်တွေရဲ့ လျှို့ဝှက်ချက်အတော်များများနှင့်အားနည်းချက်များကို သိပြီးရှင်းပစ်နိုင်ခဲ့သည်သာဖြစ်သည်။ သေချာတာပေါ့ နေ့ချင်းညချင်းအလီလွိုင်းအိမ်တော်ရဲ့ ပျက်စီးမှုသည်လည်း ထိုသတင်းပေးလက်ချက်မကင်းနိုင်ဘူးဆိုတာ။

"မစ္စတာလေးရှင့် ဘာတွေများ စဉ်းစားနေလို့ တို့ကိုတောင် မကြည့်ရတာလဲလို့~"

ညူတူတူအသံနှင့်အတူ ပေါင်ပေါ်နယ်ကျော်လာသည့်လလက်ကလေးကို ယိုးလစ်ဖမ်းကိုင်ရင်း အပြုံးတို့က မျက်နှာထက်ဖြစ်တည်သွားတယ်။ ဖွံ့ထွားထွားရင် နှစ်မွှာကို ပိုပေါ်လွင်အောင် တင်းကျပ်စွာစီးထားရင်း မျက်နှာထက်မိတ်ကပ်ရောင်စုံနဲ့ ထိုမိန်းကလေးက ယိုးလစ်ပခုံးပေါ် နွဲ့လျစွာမှီလေတယ်။

Dream MakerWhere stories live. Discover now