Arc(1.17)- Yolic Alilloy{Uni}

1.1K 84 23
                                    

နွေးထွေးတဲ့နေရောင်ဟာ ဖွင့်ထားတဲ့ပြတင်းတံခါးကနေတစ်ဆင့် အခန်းထဲကိုဖြာကျနေသည်။ နေရောင်ကျရောက်မှုကြောင့် အလင်းပြန်နေတဲ့ ရတနာပစ္စည်းတွေမှာ လည်း တစ်လက်လက်နှင့် ထပ်ဆင့်တောက်ပနေပြန်သည်။ နောက်ဆုံးအဆင့်ဝတ်စုံဝတ်ဆင်မှုအဖြစ် ကယ်လီဟာ သူ၏အရှင်မကိုယ်ပေါ်ကို အဖြူရောင်နှင့် ရွှေရောင်တွဲစပ်ချုပ်ထားပါသော တော်ဝင်ဝတ်ရုံကို ခြုံပေးလိုက်၏ ။

ယိုးလစ်ရဲ့ သေသပ်စွာထုံးဖွဲ့ထားပါသည့် ငွေမှင်ရောင် ဆံသားတို့ထက် ဧကရီအမှတ်အသားဖြစ်သည့် သလင်းဖြူရောင်သရဖူလေးက လိုက်ဖက်စွာနေရာယူလာသည်။ မှန်ထဲက မြင်နေရသည့် ကိုယ့်ပုံကိုယ့်ကြည့်ရင်း ကျေနပ်စွာပင် ယိုးလစ်ပြုံးလိုက်မိသည်။

ဒီနေ့ကား ယိုးလစ်ရဲ့ အသက် ၁၈နှစ်ပြည့်မွေးနေ့မင်္ဂလာရက်! ဒီကမ္ဘာရဲ့အဓိကဇာတ်လမ်းစတင်မည့် အရေးပါသောရက်လည်း ဖြစ်သည်လေ။

"အရှင်မ!"

အဆောင်တံခါးပွင့်သွားတော့ သူ၏အရှင်မထွက်လာပြီဆိုတာသိသဖြင့် ဗိုင်ရယ်လ် ဘယ်ဘက်ရင်အုံပေါ်ညာလက်တင်ကာ ဦးညွှတ်ဂါရဝပြုလိုက်သည်။ စကားမဆိုပါဘဲ ကျော့ရှင်းသောလက်ဟန်လေးတစ်ခုက သူ့အား နေမြဲတိုင်းနေရန် ပြောသည့်သဘော။ သူ ဦးညွှတ်ရာမှာ ပုံမှန်သတိအနေအထားသို့ တပ်စွဲလိုက်သည်။

"ဗိုင်ရယ်လ်"

နိုက်တင်ဂေးလ်ငှက်တေးသီသံလို နူးညံ့ပြီးကြည်လင်တဲ့ သူမရဲ့အသံ။ သူ၏ ရာထူးနာမအား မခေါ်ပါလေဘဲ နာမည်ကိုသာ တိုက်ရိုက်ခေါ်လေတာကြောင့် ဗိုင်ရယ်လ် အနည်းငယ်တော့ စိုးထိတ်သွားမိသည်။ ၂ယောက်ထဲရှိနေချိန် နာမည်ကိုသာ သူမခေါ်တတ်တာသိပေမယ့် ယခုအချိန်ကားနေ့ဘက်။ သူမဟာ ဧကရီတစ်ပါးဖြစ်သလို သူဟာ သူမရဲ့ ကိုယ်ရံတော်တစ်ယောက်သာ။

သေချာပေါက် သူမ၏နှုတ်ဖျားမှထွက်လာသည့် သူ့နာမည်ခေါ်သံကို သူပိုသဘောကျပါသော်ငြား ထိုအကြောင်းသည် သူတို့နှစ်ယောက်ကြားမှ လျှို့ဝှက်ချက်သာဖြစ်သည်။ အပြင်လူကြားပြီး သူမအားတစ်မျိုးတစ်မည်ထင်မှာ သူမလိုလားပေ။ သူမ​ေလးအား နှုတ်နှင့်ပင် အပြစ်ပြောကြမည်ကို သူမကြိုက်။ နန်းတော်တွင်းဆိုတာလည်း အတင်းစကားများသည်မလား။

Dream MakerWhere stories live. Discover now