Chapter - 19

2.1K 307 5
                                    

Chapter (19)

အိပ်ခန်းထဲက အိပ်ရာက တော်တော်ကြီးသည်။ ကြီးလွန်းလို့ အဲ့ဒီအိပ်ရာပေါ် ရွှီရွှီ ဆန့်အိပ်မယ် ဆိုရင်တောင် တစ်ဝက်လောက်ပဲ ရောက်နိုင်မှာ ဖြစ်သည်။ ပြတင်းပေါက် အပြင်ဘက်ဆီမှ ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေကြတဲ့၊ တောက်တောက်ပပ အလင်းစူးစူးတွေနဲ့ ညမြင်ကွင်းက ကြည့်ရတာ စိတ်အနှောက်အယှက် ဖြစ်လာနေသလို ရှိသည်။

အစကတော့ ဒါတွေဟာ ပတ်ဝန်းကျင် ပြောင်းလဲလို့ ဖြစ်တာပဲရယ်လို့ တွေးလိုက်ကာ၊ အိပ်ရာပေါ်လှဲချပြီး ခဏလောက် မျက်လုံးတွေ မှိတ်ထားလိုက်ပေမဲ့၊ နောက်တော့မှ ဗိုက်ဆာနေတာကို သတိပြုမိရတော့သည်။ နာရီကို ကြည့်မိတော့ သူ နောက်ဆုံးအနေနဲ့ ညနေ ၅ နာရီလောက်က လေယဉ်ပေါ်မှာ ကျွေးတဲ့ တစ်နပ်စာသာ စားခဲ့တာကို ပြန်အမှတ်ရမိသည်။ အခုက ည ၁၁ နာရီတောင် ရှိနေပြီလေ။ အချိန် အတန်ကြာလောက်တော့ ဆာလောင်မှုကို တောင့်ခံထားဖို့ ကြိုးစားကြည့်လိုက်သေးသည်၊ ဒါပေမဲ့ ခဏနေတော့ ထပ် မနေနိုင်တော့ဘဲ၊ အိပ်ရာထဲမှ ထလာမိတော့သည်။

ကျီပိုင် ညနေခင်းသတင်း ကြည့်နေရာမှ အိပ်ရာဝင်တော့မည်အပြု အပြင်ဘက်ဆီမှ ရွှေ့လျားသံသဲ့သဲ့ ကြားလိုက်ရသည်။

သူ တံခါးဖွင့်ကြည့်လိုက်တော့ အဖြူရောင် အိပ်ရာဝင် ဝတ်စုံနဲ့ ပိန်ပါးပါး ပုံရိပ်လေး က မီးဖိုဆောင်မှာ ပျင်းရိပျင်းတွဲပုံနဲ့ လှုပ်ရှားနေတာ မြင်လိုက်ရသည်။ ကျီပိုင်က အံ့သြမိတာက အကောင်ပေါက်ရဲ့ ညအိပ်ဝတ်စုံတွေက ဝက်ဝံရုပ်လေးတွေ၊ ပန်းပွင့်လေးတွေ ပါသည့် ဟာမျိုး ဝတ်လိမ့်မည်ဟု ထင်ထားခဲ့မိတာကြောင့်ပင်။ အခု သူ ဝတ်ထားတာက လည်ပင်းကျယ်ပြီး ခါးမှာ ကြိုးချည်ရတဲ့ ပုံစံမျိုး ဖြစ်သည်။ ကျီပိုင် ရယ်မိရတာက အဲ့ဒီ ဝတ်စုံက သူနဲ့ အရမ်းကြီးပြီး ရှည်နေတာကြောင့် ဖြစ်သည်။ သူ့ပုံစံက လူကြီး ဝတ်စုံကို တိတ်တိတ် ယူဝတ်ထားသည့် ကလေးတစ်ယောက်လို ဖြစ်နေတော့တာပင်။

တကယ်ကတော့ ရွှီရွှီ သည်လို ညအိပ်ဝတ်စုံကို ရွေးဝတ်တာက အကြောင်းရှိသည်၊ အသက် ၂၄ နှစ် ရှိပြီဖြစ်တဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ ဒီလို မိန်းမဆန်ဆန် ဝတ်စုံမျိုးသာ ဝတ်သင့်သည်ဟု တွေးတာကြောင့်ပင်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now