Chapter - 25

2.1K 301 16
                                    

Chapter (25)

ကျီပိုင်နဲ့ ရွှီရွှီ ထပ်ဝင်လာပြန်တာကို ယဲ့ချောင် မြင်ရချိန်မှာတော့ သူ့မှာ စိတ်ပူပန်မှုတို့ လျော့နည်းနေပြီ ဆိုပေမဲ့ ပို၍ပင် သတိကြီးကြီး ထားနေတာ ဖြစ်သည်။

ကျီပိုင် က သူ့ကို စီးကရက် တစ်လိပ် ကမ်းပေးလိုက်တော့ သူ့ထံမှ ကျေးဇူးစကား တိုးဖွဖွ ရွတ်ဆိုလာသည်။ စီးကရက်ကို မီးညှိချိန်မှာ သူ့လက်တွေက အနည်းငယ် တုန်ယင်နေ၏။

"ခင်ဗျားရဲ့ အစောပိုင်း ထွက်ဆိုချက်က အရမ်း ရိုးစင်းလွန်းနေတယ်။ ခင်ဗျားအနေနဲ့ ကျတော်တို့နဲ့ ကူညီပူးပေါင်းပေးပြီး အမှုဖြစ်တဲ့ညက ဖြစ်ရပ် အသေးစိတ်ကို ပြန်ပြောပြပေးလို့ ရနိုင်မလား။" ကျီပိုင်က အသံနိမ့်နိမ့်ဖြင့် ပြောလာသည်။

ယဲ့ချောင်က ဖောင်းမို့နေတဲ့ မျက်ဝန်းတွေနဲ့ ပင့်ကြည့်လာကာ သက်ပြင်းချသည်။

"ကျမမှာ ထပ်ပြောစရာ မရှိတော့ဘူး။ ကျမ မှတ်မိသလောက် အကုန် ပြောပြီးနေပြီ"

ကျီပိုင်ကတော့ သူ့ရဲ့ ငြင်းဆန်မှုကို မကြားသည်လား၊ လျစ်လျူရှုထားသည်လား မသိ။

"ခင်ဗျား မှုခင်းဖြစ်ရာ နေရာကို ရောက်ချိန်မှာ တခြား ကားတစ်စီးစီး၊ ဒါမှမဟုတ် တစ်ယောက်ယောက် ထွက်သွားတာများ မြင်မိသေးလား"

ယဲ့ချောင်က စားပွဲဆီသို့ အကြည့်လွှဲကာ ခေါင်းယမ်းလာ၏။ "ဟင့်အင်း"

"စံအိမ်ထဲကို အစ်မ ဘယ်လို ဝင်ခဲ့လဲ" ရွှီရွှီက ဝင်မေးသည်။

ယဲ့ချောင်က မဖြေပေးခင် ခဏမျှ တန့်နေပြီးကာမှ

"ယဲ့ဇီရှီ တံခါး လာဖွင့်ပေးတယ်"

ကျီပိုင် သူ့ကို ကြည့်ကာ ဖြေးဖြေးချင်း မေးခွန်းထုတ်လာသည်။

"အချိန်က ည ဆယ်နာရီလောက် ဖြစ်နေပြီ၊ သူက တောင်ပေါ်စံအိမ်ထဲမှာ ရှိနေတယ်၊ အနားမှာလည်း ဘယ်သူမှ မရှိနေဘူး။ ဒါဆို ခင်ဗျား ယဲ့ဇီရှီကို တစ်ယောက်တည်း သွားတွေ့တယ်ဆိုတေ့ သူက ခင်ဗျားကို တစ်ခုခု လုပ်လိုက်မှာ မကြောက်ဘူးလား"

ယဲ့ချောင် ရင်ထဲက နာကျင်လာသည်။ ကျီပိုင်ရဲ့ စကားလုံးတွေက ထိုညက တောင်ပေါ်မှာ လရောင်အောက် သစ်ပင်တွေ တစ္ဆေသရဲများလို ယိမ်းနွဲ့နေခြင်းနှင့်၊ အသံတိတ် ကျိတ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ပုံရိပ်တွေကို ပြန် မြင်ယောင်လာစေသည်။ သူ့ကားကို လမ်းဘေးမှာ ရပ်ထားခဲ့ကာ သိပ်မဝေးတဲ့ နေရာဆီက မီးရောင် လင်းနေတဲ့ တောင်ပေါ် စံအိမ်ဆီ လှမ်းကြည့်နေခဲ့သည်။ သူ့ နှလုံးသားက အရှင်လတ်လတ် အပြုတ်ခံရသူလို နာကျင်ခံစားနေခဲ့ရသည်။ သူ့ခင်ပွန်း ဖြစ်သူနှင့် ဝမ်းကွဲညီမတို့ ဒီလို လျှို့ဝှက်အိမ်ထဲမှာ ရှိနေကြပြီး၊ မိမိရဲ့ ခင်ပွန်းသည်က တခြားမိန်းမရဲ့ ကိုယ်ခန္ဓာကိုယ်ကို တပ်မက် မက်မောကာ တရကြမ်း သိမ်းယူနေမည့်ပုံကို မြင်ယောင် ပုံဖော်နေမိခဲ့သည်။ အော်ဂလီဆန်မှုကြောင့် အန်ထွက်ချင်မိခဲ့သည်။ သို့ပေမဲ့ ချောမောခန့်ညားသော၊ စွမ်းဆောင်ရည် ပြည့်ဝသော ခင်ပွန်းဖြစ်သူကို ပြန်စဉ်းစားမိပြန်တော့၊ သူ့စိတ်ထဲ သံယောဇဉ်လို တစုံတရာက လွှမ်းမိုးလာသလို ရှိပြီး၊ ဘာမှ မတတ်နိုင်စွာ ကားထဲမှ ထွက်လာခဲ့ရသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now