Chapter - 58

1.7K 188 2
                                    

Chapter - 58

ရွီှရွှီ ကျီပိုင်ကို ဖုန်းဆက်ပြီးချိန်မှာ၊ တက္ကစီ တစ်စီး ငှားပြီး ရဲဌာနသို့ ရောက်ချလာ၏။ မိုးကောင်းကင်က မှောင်နေဆဲ ဖြစ်ကာ လေအေးအေးက သူတစ်ကိုယ်လုံးကိုပင် အေးစက် နေစေသည်။ ရဲဌာန၏ အဝင် လှေကားထစ်များအတိုင်း တက်လာမိစဉ် လှေကားထစ်အဆုံးမှာ လက်ထဲ ဖုန်းကိုင်လျက်သား ရှိနေသည့် ကျီပိုင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

" ကိုယ်တို့ အထဲ ဝင် ပြီးမှ ပြောကြတာပေါ့။"

ကျီပိုင်က ရွှီရွှီရဲ့ ဖြူဖျော့နေသော်လည်း တက်ကြွနေသည့် အသွင်ကို ကြည့်ကာ ရင်ထဲက နာကျင်လာသည်မို့ ချစ်သူလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းမိသည်။

အခုအချိန်မှာတော့ အခြား မှုခင်းရဲတပ်ဖွဲ့ဝင်အားလုံးပင် တာဝန်ကျရာဆီ ထွက်သွားကြပြီ ဖြစ်ရာ၊ ကျီပိုင်ကတော့ တိုးတက်မှု အခြေအနေကို စခန်းမှူးထံ တင်ပြရန် ပြန်လာခဲ့တာပင်။ ပြီးရင်တော့ တစ်ရေးလောက် အိပ်ဖို့ စဉ်းစားထားခဲ့သည်။ လူသူ မရှိ ဖြစ်နေသည့် မှုခင်းရဲတပ်ဖွဲ့၏ ရုံးခန်းကျယ်ကြီးထဲမှာ ကျီပိုင်က ရွှီရွှီကို ဆိုဖာပေါ် အရင် ထိုင်စေသည်။ ထို့နောက် ရွှီရွှီအတွက် ရေနွေးတစ်ခွက် ငှဲ့ပေးကာ ..
"ကဲ .. စ ပြောလို့ ရပြီ။"
ရွှီရွှီ က ကျီပိုင်နှင့် နှိုင်းစာလျှင်တော့ အမှု ဖြေရှင်းသည့် အတွေ့အကြုံ နည်းနေသေးသည် .. အထူးသဖြင့် သူတို့ အလုပ်ရဲ့ အရေးကြီးဆုံး အပိုင်းဖြစ်သည့် အခုလို ပြစ်မှုမျိုးကို စုံစမ်း စစ်ဆေးရာမှာပင်။ ကျီပိုင်ရဲ့ ဉာဏ်ရည်ထက်မြက်မှု နှင့် ကြုံထားဖူးသည့် အတွေ့အကြုံများကို ပေါင်းစပ်နိုင်မှု တို့က ရွှီရွှီ ထက် သာနေသည်။ သို့ပေမဲ့လည်း ယခု အမှုတွေမှာက သဲလွန်စ အနည်းအကျဉ်းသာ ကျန်ခဲ့သည် သာမက၊ လူသတ်သမားရဲ့ မှန်းဆမရတဲ့ ပြစ်မှု ကျူးလွန်ပုံမျိုးက ၊ ဒီအမှုကို ပုံမှန် နည်းလမ်းများဖြင့် စစ်ဆေးဖို့ရာ အခက်တွေ့နေစေသည်။ တစ်ဖက်ကလည်း ရွှီရွှီရဲ့ စိတ်ပညာဗေဒပိုင်း ဆိုင်ရာ သုံးသပ်ချက်များကလည်း သိပ် မထိရောက်သလို၊ ဘောင်တစ်ခုအတွင်း သတ်မှတ်နိုင်ခြင်းလည်း မရှိခဲ့။
ရွှီရွှီက ခေါင်းညိတ်ကာ စပြောလာ၏။
"ပြီးခဲ့တဲ့ ရက်တွေမှာ ကျမကိုယ်ကျမ အဲ့ဒီ နှာဗူးလူသတ်သမားရဲ့ ကိုယ်စား တွေးပြီး ပုံဖော်ကြည့်မိတယ်။ သူ ဘယ်လိုတွေးနေတယ် ဆိုတာ စဉ်းစားမိတော့ .. နည်းနည်း ထူးဆန်းတဲ့ စဉ်းစားစရာတွေ စ .ရလာတယ်။"
သူ ဒီလိုတွေ ပြောနေချိန်မှာ ကျီပိုင်ရဲ့ အကြည့်တွေကတော့ သူ့ရဲ့ ဝမ်းဗိုက်နေရာလေးပေါ်မှ မျက်နှာမလွဲနိုင်ခဲ့။ ဒါကို မြင်သော်လည်း လျစ်လျူရှုကာ ဘောပင်နှင့် စာရွက် တစ်ရွက်ကို ဆတ်ခနဲ ဆွဲယူလိုက်သည်။ နောက်တော့ စကားပြောရင်း ပုံပါ ခပ်မြန်မြန် ရေးခြစ်တော့သည်။
" ပထမအချက်က ပြီးခဲ့တဲ့ ၃ လ အတွင်း တရားခံ ဆီမှာ ကိစ္စကြီးကြီးမားမား တစ်ခုခု ဖြစ်သွားခဲ့ရလိမ့်မယ်။"
-ဒါက ဘာလို့လည်း ဆိုတော့ ကျမတို့ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဖြစ်ခဲ့တဲ့ အမှု အကုန်လုံးကို ပြန်ဆန်းစစ်ခဲ့ပေမဲ့ ဒီလိုမျိုး လူပျောက်တဲ့ အမှုမျိုး ရှိမနေဘူး။ ဒါက ပိုင်အားနန်ဟာ ပထမဆုံး ခံရသူ ဖြစ်တယ် ဆိုတာ ပြနေတယ်။"
-လူတစ်ယောက် ပြုမူလိုက်တဲ့ လှုပ်ရှားမှုတိုင်းမှာ ဘာကြောင့်လုပ်ရတယ် ဆိုတဲ့ ရွေးချယ်ရတဲ့ အကြောင်းရင်း တစ်ခု အမြဲ ရှိနေတယ်။ သိပ် မသိသာရင်တောင်မှ မသိစိတ်ရဲ့ ရွေးချယ်မှုကြောင့်လည်း ဖြစ်နေနိုင်တယ်။ တရားခံက ဒီလို အမှုမျိုး ဘာလို့ ကျူးလွန်ရတာလဲ ဆိုတဲ့ အကြောင်းရင်းက သူ့ဘဝမှာ ပြောင်းလဲမှု တချို့ ရှိနေခဲ့လို့ပဲ။"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now