ညကတည်းကအိမ်ပြန်လာပြီး ငိုနေမိတာတစ်မှေးမှမမှေးရသေး။ ငိုရလွန်းလို့မျက်လုံးတွေလဲမို့အစ်နေလောက်ရောပေါ့။
"သားလေး"
အခန်းဝကအမေ့အသံကြောင့်မျက်ရည်တွေကပျာကယာသုတ်ပြီး လှည့်ကြည့်မိတယ်။ အခန်းတံခါးကိုမှီပြီး အမေကအပြုံးတစ်ပွင့်နဲ့ပြောလာတယ်။
"သား... အမေဝင်လာမယ်နော်"
အမေဝင်လာမယ်နော်.... တဲ့။ အမေများတစ်ခုခုသိနေတာလား။ ငါကရောဘာကိုမှသတိမထားမိပဲရုပ်ပျက်ဆင်းပျက်ကြီးငိုနေမိတာလား။
"ဟုတ်... အမေ.... လာလေ... သားကိုတစ်ခုခုပြောစရာရှိလို့လား"
"ပြောစရာဆိုတာထက်သတိပေးစရာရှိတယ်ဆိုရမှာပဲ"
ဘေးနားလာထိုင်ပြီး အမေ့စကားကိုသာအာရုံစိုက်လိုက်တယ်။ မျက်မှောင်ကျုံ့ရင်းပေါ့။
"သားလေး... ညကနှိုင်းမင်္ဂလာပွဲကပြန်လာတာသိလိုက်တယ် ပြီးတော့ တစ်ညလုံးငိုနေတာကိုလဲသတိထားမိတယ်"
ကျွန်တော့်ကိုဖက်ထားပြီးစိတ်မကောင်းစွာပြောနေတဲ့အမေ။ ကျွန်တော်ဘာတစ်ခွန်းမှပြန်မပြောပဲ သူမပြောတာကိုသာနားထောင်နေလိုက်တယ်။
"သားရယ်... နှိုင်းတို့အဆင့်အတန်းနဲ့အမေတို့အဆင့်တန်းဆိုတာမိုးနဲ့မြေလိုကွာခြားပါတယ် သားစိတ်နာနေလားဟင် ဒီလိုမပြည့်မစုံနဲ့ကြီးပြင်းခဲ့ရလို့ အမေတို့ကိုရောစိတ်ကုန်နေပြီလား"
စိတ်နာလားဆိုတော့... တစ်ကယ်ကိုစိတ်နာပါတယ်။ စိတ်ကုန်လားဆိုတော့.... စိတ်မကုန်ပါဘူး။ အမေတို့မှာဘာအပြစ်မှမှမရှိတာ ဘာလို့စိတ်ကုန်ရမှာလဲ။ ဆင်းရဲစွာမွေးဖွားလာတာက အပြစ်မှမဟုတ်တာ။
"သား နှိုင်းကိုသဘောကျနေတာအမေအရင်ကတည်းကသတိထားမိပါတယ် အခုမှအမေဒါတွေလာပြောနေတာ နောက်များကျနေလားဟင်"
"နောက်မကျပါဘူး.... ကျွန်တော်ကမမနှိုင်းကြောင့်ငိုတာမဟုတ်ပါဘူး တစ်ခြားကိစ္စကြောင့်ပါ အမေစိတ်မပူနဲ့နော် ကျွန်တော်ကိုယ့်ဘဝကိုယ်နားလည်ပါတယ်"