Chapter 9

311 40 1
                                    

Zawgyi Version

မုရုံရှင်းလျန်၏ သရုပ်ဆောင်မှုကို ကြည့်ပြီး မုရုံချီချီ နှုတ်ခမ်းများသည် တွန့်ကွေးသွားသည်။ ဒီသူဟာ သရုပ်ဆောင်တဲ့နေရာမှာတော့ တကယ်ကို ဆရာကြီးပဲ! မုရုံချင်းလျန်သာ ဒီလိုဆက်ပြီး ပြုမူနေအုံးမည်ဆိုပါက အနှေးနှင့် အမြန်ပင် မုရုံရှင်းလျန်လက်ထဲတွင် ခံရလိမ့်မည် ဖြစ်သည်။

မုရုံချီချီသည် သူမရင်ဘတ်အား ဖိထားသလိုလိုနှင့် ပွဲကို စောင့်ကြည့်နေသည်။ ရုတ်ချည်း သူမအပေါ် ကျရောက်နေသည့် အကြည့်တခုကို ခံစားမိလိုက်သည်။ သူမခေါင်းကို မော့လိုက်သောအခါ လီယွင်ချင်းကို မြင်လိုက်ရသည်။

ဒီယောက်ျားက တကယ်ကို ချောမောခန့်ညားနေတာပဲ!

အလွန်နက်မှောင်သော ဆံနွယ်တို့မှာ နားရွက်နောက်တွင် ပျင်းရိပျင်းတွဲဖြင့် တွဲလဲခိုနေသည်။ သူ့ဆံပင်ထဲတွင် ရိုးရှင်းသော ဝါးဆံထိုးတချောင်းသာ ရှိနေသည်။ မြသားရောင် ဝတ်စုံဝတ်ဆင်ထားခြင်းသည် သူ၏ အရပ်ရှည်ရှည်သွင်ပြင်ကို ပိုမိုထင်ရှားစေသည်။ ထိုမျက်လုံးတစုံကို ကြည့်လိုက်ပြန်လျှင် မေလမှ တိုက်ခတ်နေသည့် နွေဦးလေပြေလို ကြင်နာနူးညံ့နေသည်။ အကြည့်တချက်နှင့်ပင် လူတယောက်၏ နှလုံးသားကို နွေးထွေးသွားစေသည်။

ထိုနူးညံ့သိမ်မွေ့မှုသည် ဓားတချောင်းလည်း ဖြစ်ပေသည်။ ထိုယောက်ျား၏ နူးညံ့သိမ်မွေ့သော မျက်ဝန်းမှ တဆင့် ထိုမျက်ဝန်း၏ အောက်ခြေမှ အေးစက်မှုကို မုရုံချီချီ မြင်နေရသည်။ ထိုကဲ့သို့သော လူသည် နူးညံ့သိမ်မွေ့သူ၊ စိတ်အားထက်သန်သူဟု ထင်ရသော်လည်း အမှန်စင်စစ်တွင် အလွန်ရက်စက်သောသူပင် ဖြစ်သည်။ သူ့ကို သေချာပေါက် သူမ ရန်မစမိဖို့ လိုအပ်သည်။

တချက်တည်းနှင့်ပင် သူ့ကို ထပ်ပြီး မကြည့်မိတော့ဖို့ မုရုံချီချီ ဆုံးဖြတ်လိုက်သည်။ အပေါ်ယံတွင် နူးညံ့ပြီး နှလုံးသားထဲတွင် အေးစက်သော ထိုကဲ့သို့ လူကို မုရုံချီချီ မသိစိတ်ထဲက ဖယ်ထုတ်လိုက်သည်။

လီယွင်ချင်းက သူမကို စုံစမ်းစစ်ဆေးသလို မျက်လုံးများနှင့် ကြည့်နေသည်ဟု မုရုံချီချီ ခံစားမိသောကြောင့် သူမမျက်လွှာကို ချလိုက်ကာ မုရုံချင်းလျန်၏ ကန်ချက်က သူမကို တကယ်ပင် နာကျင်စေသကဲ့သို့ သူမရင်ဘတ်ကို ဖိထားလိုက်သည်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now