Chapter 31 (Unicode)

12.9K 1.8K 299
                                    

လီရှော့ တွေးကြည့်လိုက်တော့ အမှန်အတိုင်းပြောခြင်းကလည်း အမြဲကောင်းမနေဟု သူခံစားမိလိုက်သည်။ သူက လိမ်ညာလည်း မပြောချင်ပြန်ပေ။ ထို့ကြောင့်ပင် မုသားမပါလင်္ကာမချော ဆိုလိုက်မိသည်။

"သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ သွားတွေ့မလို့"

"သူငယ်ချင်းဟောင်းနဲ့ နေရာဟောင်းလေးမှာ တွေ့မယ်ပေါ့လေ"

ကျောက်ကျင်ရှင်းက မျက်ဝန်းတို့ကို အနည်းငယ်မှေးကျဥ်းလိုက်ရင်း

"မဟုတ်မှလွဲရော ခင်ဗျားရဲ့ရည်းစားဟောင်းလား"

လီရှော့ ကျောက်ကျင်ရှင်း၏ မျက်ဝန်းများထဲသို့စိုက်ကြည့်ကာ ဖြေလိုက်သည်။

"ဟုတ်တယ်"

ကျောက်ကျင်ရှင်းက "ကျစ်"ခနဲ စုပ်သပ်ရင်း

"ကျွန်တော့်ကို နည်းနည်းလေးတောင်မချော့ပါလား"

"ကိုယ် လိမ်ရတာမျိုး မကြိုက်ဘူး။ လိုလည်း မလိုအပ်ဘူး"

ကျောက်ကျင်ရှင်းက သူ့ရင်ဘတ်နှင့် လီရှော့ရင်ဘတ်အား ဖိကပ်ပစ်လိုက်သည်။ နှစ်ဦးသားက မျက်နှာချင်း ထိစပ်လုနီးပါးဖြစ်နေကာ တစ်ယောက်အသက်ရှုသံက တစ်ယောက်မျက်နှာပေါ် ရိုက်ခတ်လို့နေ၏။ ကျောက်ကျင်ရှင်း မျက်လုံးတို့က အန္တရာယ်ရှိသော အရိပ်အယောင်များဖြင့် ဖြတ်ခနဲလက်သွားကာ

"ကျွန်တော်က သွားခွင့်မပြုဘူး ဆိုရင်ရော"

လီရှော့ မသိလိုက်စွာပင် တံတွေးမြိုချသည့်အပြုအမူအား ပြုမိသွားသည်။

"ကိုယ့်ကိုမလွှတ်စရာ မင်းမှာဘာအကြောင်းရင်း ရှိလို့လဲ"

ကျောက်ကျင်ရှင်းက ဘယ်လိုအကြောင်းရင်းတွေပေးမယ်ဆိုတာ သူလည်းမပြောတတ်။ သူ့အနေနှင့် သေချာရေရာသည့် အကြောင်းရင်းကိုတော့ မျှော်လင့်နေမိသည်။ သို့သော်လည်း သူဘာအကြောင်းရင်းမျိုးကိုမျှော်လင့်နေတာလဲ ဟူသည်ကိုလည်း မပြောနိုင်ပြန်ပေ။

ကျောက်ကျင်ရှင်းက သူ့အား အတော်ကြာအောင်စိုက်ကြည့်နေပြီးမှ ပြုံးကာ

"ကြည့်ရတာ ခင်ဗျားကို မလွှတ်စရာ ဘာအကြောင်းရင်းမှ မရှိပုံပဲ။ ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်က ခင်ဗျားလိုလူစားမှ မဟုတ်ပဲ။ ကျွန်တော်က လိမ်ခဲ့ ညာခဲ့တဲ့ကောင်ကိုး"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now