Chapter 64(Uni+Zawgyi)

18.4K 2.4K 541
                                    

Unicode

လမ်းတစ်လျှောက်တွင် လီရှော့သည် ကျိုးကျင်ရှင်း နောက်ဆုံးပြောသွားသောစကားကို တွေးနေမိသည်။

"ကျွန်တော်ကတော့ ဒါက ကျောက်ကျင်ရှင်းနဲ့ဆက်စပ်နေမယ်လို့ သံသယရှိတယ်"

တကယ်ပဲ ကျောက်ကျင်ရှင်း ဖြစ်နိုင်လား။ သူ့ပုံစံကလည်း ထိုကဲ့သို့သောကိစ္စတွေကို လုပ်နိုင်မယ့်သူပေါက်သည်။ မည်သို့ပင်ဆိုစေ ရှောက်ချွင်၏ ပြောင်တိပင်မဟုတ်ပါလော...။

လီရှော့ စိတ်ခံစားချက်တွေက ကသောင်းကနင်းဖြစ်နေသည်။ သူ့အနေဖြင့် ဘယ်အရာကိုမျှ အတည်မပြုရသေးသော်လည်း ရင်ဘတ်ထဲမှာတော့ မီးတောက်နေပြီဖြစ်၏။

အိမ်တစ်အိမ်ကိုအလည်သွားရာမှာ လက်ဗလာဖြင့်သွားခြင်းက သိပ်မကောင်းလှပေ။ လီရှော့သည် စတိုးဆိုင်ရှေ့ကနေဖြတ်မောင်းလာချိန်မှာ လက်ဆောင်နည်းနည်းပါးပါးဝယ်လိုက်သည်။ အကုန်လုံးဟာ ကလေးကစားစရာများနှင့်အဟာရဖြည့်ပစ္စည်းတွေချည်းပင်။ ကျိုးကျင်ရှင်းပြောဖူးသည်။ သူ့အိမ်မှာ ကလေးက တစ်ယောက်ထက်မက သုံးယောက်ရှိသည်ဟု။သို့သော် ကျိန်းသေသည်ကတော့ တစ်ယောက်တည်းကသာ အရင်းအချာဖြစ်လေသည်။

သူက ကျိုးကျင်ရှင်း၏ အိမ်သို့ ပစ္စည်းတစ်ပြုံကြီးကိုသယ်လာရင်း တံခါးဘဲလ်ကို နှိပ်လိုက်သည်။တံခါးက ဖြည်းညှင်းစွာပွင့်လာသော်လည်း မည်သူ့ကိုမျှမတွေ့ရပါပေ။သူ ကြောင်အသွားပြီးမှ အောက်ကိုငုံ့ကြည့်မိသွားသည်။ ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသည့် ငါးနှစ် ခြောက်နှစ်အရွယ်မိန်းကလေးတစ်ယောက်က လည်ဆန့်ကာ သူ့အား မော့ကြည့်နေလေသည်။သူမမျက်နှာက ဖြူဖြူဖွေးဖွေးဖြစ်ကာ မျက်လုံးတို့က နက်မှောင်တောက်ပသည်။ အလွန်အမင်းကို ချစ်စရာကောင်းပေသည်။

လီရှော့က ဆောင့်ကြောင့်ထိုင်လိုက်ရင်း သူမကိုပြုံးပြလိုက်သည်။

"မင်္ဂလာပါ ဦးဦးက...."

ကလေးမလေးက ရှက်ရွံ့ဟန်ဖြင့်ခေါင်းလှည့်ကာ ထွက်ပြေးလေသည်။

လီရှော့သည် တစ်ဝက်တစ်ပျက်ပွင့်ဟနေသော တံခါးကိုကြည့်ရင်း ဝင်ရနိုးနိုး၊ နောက်ဆုတ်ရနိုးနိုး ဖြစ်သွားရသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now