Chapter 69(Uni+Zawgyi)

18.3K 2.4K 792
                                    

Unicode

လီရှော့ မိဘတွေက အမေရိကားပြန်ကြဖို့ အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။သူကတော့ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဝယ်ခြမ်းနေတာနှင့်ချည်း အချိန်ကုန်ခဲ့ရသည်။မပြန်ကြခင်မှာ သူကပုံးကြီးကြီးငါးပုံးလောက် ထုတ်ပိုးလိုက်သည်။ထိုပုံးအများစုက အမေရိကားမှာ မရနိုင်သည့် တရုတ်ဆေးများနှင့် ပါဝင်ပစ္စည်းများပင် ဖြစ်ပေသည်။

ပုံး၏နေရာတစ်ဝက်လောက်က နှလုံးဆေးမျိုးစုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များနှင့်သာ ပြည့်နေ၏။ လီရှော့က ကြမ်းပေါ်မှာ တင်ပျဥ်ခွေထိုင်ရင်း ပစ္စည်းတွေကိုစီထည့်တာ မလောက်ငှလေ သူ့စိတ်က လေးလံလာလေ ဖြစ်လာသည်။

မစ္စတာလီက အနားလာထိုင်ကာ ပြုံးရင်းစကားဆိုသည်။

"ဖေဖေ အခု တစ်နေ့ကိုဆေး ၆မျိုးလောက်သောက်နေရတာ။ အဲ့ဒါတွေကို ချိန်ကြည့်တာ ဥတစ်လုံးစာလောက်နီးပါး လေးသဟေ့"

"ကြမ်းပေါ်မှာ မထိုင်နဲ့လေ။ အေးတယ်"

လီရှော့က ဆိုဖာပေါ်က ကူရှင်ကို ဆွဲယူရင်း သူ့ဖခင်ထံကမ်းပေးလိုက်သည်။

မစ္စတာလီက ဘေးတွန်းဖယ်လိုက်ရင်း

"ရပါတယ်ကွာ။ ဆရာဝန်ကပြောထားတယ်။ ဖေဖေ တဖြည်းဖြည်းနဲ့ဆေးလျော့သောက်လို့ရတယ်တဲ့။ နောက်နှစ်ဝက်အတွင်းမှာ ဆေးတချို့တလေလောက်ပဲ ဆောင်ဖို့ လိုတော့တယ်တဲ့"

"ဖေဖေ....အရင်တစ်ခါ ဖေဖေ မတော်တဆဖြစ်သွားတုန်းက ကျွန်တော်တို့သေလောက်အောင်လန့်သွားတာ။ ခု ကျွန်တော်က ဖေဖေ့ဘေးမှာ ရှိမှာမဟုတ်ဘူး။ မေမေ့စကားကိုနားထောင်ပြီး ဆေးကိုအချိန်မှန်သောက်နော်။ဝိတ်ချဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့လည်း အာရုံစိုက်ထားဦး"

အဖြစ်အပျက်ကိုတွေးမိတိုင်းမှာ လီရှော့၏စိုးထိတ်မှုတွေက ရှိနေတုန်းပင်။နှလုံးရောဂါဟူသည်က ခေါင်းပေါ်မှာ တွဲလောင်းကျနေသည့် ခေါင်းဖြတ်စက်တစ်ခုအလား။ပုံမှန်ချိန်မှာ လူဟာ အဆင်ပြေနေပေမဲ့ ဘယ်အချိန်ထဖောက်မလဲမသိနိုင်သလို အချိန်မရွေးလည်း သေဆုံးနိုင်သည်။အမှန်တကယ်ကျတော့လည်း နှလုံးရောဂါရှိတာကလွဲလို့ သူ့ဖခင်၏ခန္ဓာကိုယ်က အခြားသောလုပ်ဆောင်မှုတွေက အတော်ကောင်းမွန်သည်။အခုချိန်မှာ သူအကြောက်ဆုံးက သူ့ဖခင်အနေဖြင့် ဒေါသထွက်တာ၊ စိတ်လှုပ်ရှားတာမျိုး ဖြစ်မှာကိုပင် ဖြစ်သည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now