Chapter 149 + 150

8.7K 1.3K 117
                                    

ကုဖုန်းက ကုမျိုးနွယ်ပိုင် သူ့ရဲ့ကု,ကုမ္ပဏီကို
ပြန်လာခဲ့ပြီး သူ့ရုံးခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတယ် ။ သူ့ကိုယ်က တရှိန်ရှိန်ထွက်နေတဲ့ ခက်ထန်ကြမ်းကြုတ်မှုတွေနဲ့ လူသတ်ချင်စိတ်တွေကို ဒီလိုနည်းနဲ့သာ လျော့ချနိုင်မှာ ။ မဟုတ်ရင် သူ ဘာထလုပ်မိမလဲ မသိဘူး ။

ဒီအတောအတွင်းမှာ သူ အရမ်းကို အလုပ်များနေခဲ့ရတာ ။ ပတ်သတ်ဆက်နွယ်မှုတွေ ဖြတ်ချရ ၊ လျှို့ဝှက်စုံစမ်းမှုတွေလုပ်ရ ၊ အခွန်ကိစ္စ အစရှိသဖြင့် မအားလပ်နိုင်အောင်ကို အလုပ်ရှုပ်ခဲ့ရပြီး ခေါင်းတွေတောင် မူးနောက်နောက်ဖြစ်နေပြီ ။

ဒီရက်ပိုင်း အစားအသောက်ကလည်းမမှန်သလို မကြာခဏလည်း သောက်ဖြစ်နေတာကြောင့် သူ့အစာအိမ်က သိပ်မကောင်းချင်တော့ဘူး ။ နည်းနည်းတောင် အောင့်တောင့်အောင့်တောင့်နဲ့ ။

ဗိုက်ကို အုပ်ကိုင်ပြီး အံဆွဲထဲက အစာအိမ်လေနာပျောက်ဆေးကိုထုတ်သောက်လိုက်တယ် ။ ခဏလောက်အနားယူလိုက်မှပဲ ဗိုက်အောင့်တာ အနည်းငယ် သက်သာသွားတော့တယ် ။

တံခါးခေါက်သံထွက်လာတာကြောင့် မျက်ဝန်းတွေမှေးမှိတ်ထားလျက်နဲ့ပဲ ဝင်လာခိုင်းလိုက်တယ် ။
"ဝင်ခဲ့ "

အန်နာ တံခါးကိုတွန်းဖွင့်ပြီး အထဲကို လျှောက်လာတယ် ။ ပင်ပန်းနွမ်းနယ်နေတဲ့မျက်နှာနဲ့ ခုံနောက်ကျောကို ခပ်လျောလျောမှီထိုင်နေတဲ့ ကုဖုန်းကိုမြင်တော့ သူမလည်း သက်ပြင်းချမိရဲ့ ။

သူမက ပစ္စည်းအပိုင်းအစတစ်ခုကို ကုဖုန်းရှေ့ချပေးပြီး
"ဥက္ကဌ ကု , အခွန်ဌာနနဲ့ ကိစ္စတော့ ပြီးပြတ်သွားပြီ...ဒါက အခုချိန်ထိ သူတို့ရှာတွေ့တဲ့ ပစ္စည်းတွေနဲ့ အထောက်အထားတွေကို သူတို့လက်ထဲကနေ ကျွန်မတို့ကို လွှဲပြောင်းပေးလိုက်တာပါ "

ဒီကိစ္စက ဝူကျန်းမင် မွှေထားတဲ့ ကိစ္စ ။
သူ့ကြောင့်သာ အခွန်ဌာနက ဂရုပြုမိလာတာ ။ ခုတော့ ထွက်လာမယ့်ရလာဒ်ကို တိတ်တိတ်ဆိတ်ဆိတ် ထိုင်စောင့်နေရုံပဲပေါ့ ။

ကုဖုန်း ခေါင်းဆတ်ပြပြီး မျက်နှာကြက်ကိုကြည့်ကာ
"အာဏာကိုအလွဲသုံးစားလုပ်ပြီး တရားမဝင်ဆေးတွေ မှောင်ခိုရောင်းချနေတာနဲ့တင် ဝူကျန်းမင်တစ်ယောက်တော့ ထောင်ထမင်း ထောင်ဟင်းစားရတော့မယ်..စောင့်ကြည့်ရသေးတာပေါ့ "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now