အပိုင်း ၇၀ ။ မီးတောက်လေးဘဝ

2.6K 464 0
                                    

[Zawgyi]

ရှန့်ခယ်၏ ဒဏ်ရာတွေ အကုန်ပျောက်ကင်းပြီးနောက် သူက ရေအောက်အဆောက်ဦးမှ ပင်လယ်ထဲသို့ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း သူ့၏ လက်ရှိအခြေအနေ System ကြေညာထားသည့် မစ်ရှင်ကြောင့် အလွန် စိတ်ဖိစီးနေမိ၏။ ထိုအရာကို သူ့မှာ သဲလွန်စ လုံးဝ မရှိပေ။
System က သူ့ကို ညွှန်ပြသည့် မှတ်ချက်အရ တနည်းအားဖြင့်ဆိုရလျှင် သူ စိတ်ကူးထားသည့် တကယ့် ရေသူထီး သို့မဟုတ် ရေသူမကို ရှာဖွေရန် မလိုအပ်လောက်ချေ။ သို့သော် ဒီမစ်ရှင်က သဲလွန်စ မပါရှိသည့်အတွက် ပိုခက်ခဲပေသည်။ ဥပမာဆိုရလျှင် ပုံတူ သို့မဟုတ် ရေသူမျိုးနွယ်ရဲ့ ရုပ်ထုဆိုရင်ရော အဆင်ပြေမလား......
ဒါမှမဟုတ် 'ရေသူမျိုးနွယ်' လို့ရေးထားသည့် ရေအောက်မှာ နစ်မြှပ်နေသည့် သင်္ဘောကို ရှာရမလား...... လင်းပိုင်ခန္ဓာနှင့် လူသားဝိညာဉ်ရှိတဲ့ သူကိုယ်တိုင် ဆိုရင်ရော ........
ရေသူမျိုးနွယ်နှင့်တူညီနိုင်သည့် အရာတွေ အများကြီး ရှိသည်။ လိုအပ်ချက်နှင့် ကိုက်ညီဖို့ ဘယ်လိုသော အရာတွေ လိုအပ်တာလဲ.... ထို့အပြင် သူမစ်ရှင် ဆောင်ရွက်နေစဉ်မှာ သူရဲကောင်းဆန်ဆန် သေဆုံးရဦးမည် ဖြစ်သည်။ သူက အရင်ရှာတွေ့ခဲ့မယ်ဆိုလျှင် (ကပ်ဘေးက သူ့ဆီလာမည့်အစား) သူကိုယ်သူ သေဆုံးဖို့ အခွင့်ရေး ဖန်တီးဖို့ လိုအပ်မှာလား....
အား...... ဘဝကြီးက ပြုတ်ကျနိုင်သည့် မြောင်းနှင့် ပြည့်နေ၏။
ရှန့်ခယ်က ခေါင်းကို မော့ထားလိုက်ပြီး ကျယ်ပြန့်သည့် ပင်လယ်ပြင်ကို နက်နက်နဲနဲ ဆင်ခြင်လေ့လာလိုက်သည်။
ချင်ယွန် ရောက်ရှိလာသည့်အခါ ခပ်မှောင်မှောင်ဖြစ်နေသည့် နေဝင်ချိန်အောက်မှာ ပူပင်သောကဖြင့် အတွေးနက်နေသည့် မီးတောက်လေး ကိုတွေ့လိုက်ရသည်။
ချင်ယွန်က လင်းပိုင်တွေသည် လွတ်လပ်မှုကို မြတ်နိုးသည့် သတ္တဝါတွေဖြစ်ကြောင်း ရုတ်တရက် တွေးမိသွားသည်။ သူတို့ကို နေရာကန့်သတ်ထားခြင်းက သူတို့အတွက် မပျော်ရွှင်နိုင်ပေ။ သို့သော်လည်း သူတို့ကို ပြန်လွှတ်ပေးလိုက်ရင် သူတို့အတွက် အန္တရာယ်ကင်းဖို့ဆိုတာ ခက်ခဲလှပေသည်။ ထို့အပြင် သူလည်း သူတို့နဲ့ ဝေးကွာ၍ မနေနိုင်ချေ။
ရှန့်ခယ်က ချင်ယွန်ရောက်ရှိလာမှုကို ခံစားမိပြီး ချက်ချင်း ပူပင်သောကတွေ အဝေးပစ်လိုက်ပြီး သူ့ဆီ လျှင်မြန်စွာ ကူးခတ်သွားခဲ့သည်။
ချင်ယွန်က သူ့ခေါင်းကို ပွတ်သပ်ပေးပြီး ညင်သာစွာမေးလိုက်သည် "ပင်လယ်ဆီ သွားချင်လား"
ရှန့်ခယ်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး : ငါသွားချင်နေတာကို မင်းတကယ် မြင်နိုင်တယ်လား...... မျှော်လင့်တဲ့အတိုင်း ငါတို့က အမှန်တကယ် စိတ်ချင်းဆက်နေတာပဲ...
"အခြေအနေတစ်ခုကို ကတိပေးသရွေ့ ငါ မင်းကို ပင်လယ်ဆီ ခေါ်သွားမယ်" ချင်ယွန်က ဆွေးနွေးသည့်အသံဖြင့် ပြောလိုက်သည်။
ပြောပြော..... ရှန့်ခယ်ကအာရုံစိုက်ထားသည့် မျက်နှာဖြင့် သူ့ရေယက်တောင်ကို ကမ်းခြေပေါ် တင်ထားပြီး မြေကြီးကို ကာရံကိုက်အောင် ရိုက်ခတ်နေသည်။
ချင်ယွန်ရဲ့ မြင်ကွင်းက ရိုက်ခတ်နေသည့် ရေယက်တောင်ပေါ် ကျရောက်သွားသည် "... အဲဒါက မင်းရဲ့ ကျောဘက်မှာ နေရာခံတဲ့ စက်တပ်ထားမယ် အဲလိုဆို.... မင်းကို အဖော်ပြုဖို့ရာ ဘေးကနေ ကျွမ်းကျင်ရေငုပ်သမားအဖွဲ့နဲ့ ရေငုပ်သင်္ဘောကို စီးပြီး လိုက်လာလို့ရတယ်လေ"
"မင်း ကစားလို့ ကျေနပ်ရင် ငါတို့နဲ့ ပြန်လိုက်ခဲ့လေ..... ဘယ်လိုထင်လဲ"
လုံးဝပြဿနာမရှိဘူး...... မင်းက ငါရဲ့ ထောက်ပံ့သူ စပွန်ဆာပဲ..... မင်းပြောသမျှ နားထောင်မယ်......
ရှန့်ခယ်က ခေါင်းကိုမော့ရင်း သူ့လင်းပိုင်မျက်နှာမှာ အပြုံးချိတ်ဆွဲပြီး သူ့ခြေထောက်နား သွားပွတ်သီးပွတ်သပ် လုပ်နေလေသည်။
"ဟင်... အဲဆို သဘောတူညီမှု ရပြီနော် " ချင်ယွန်က တိရစ္ဆာန်တွေနှင့် ဆက်ဆံရတာ ရိုးရှင်းတယ်လို့ ပထမဆုံး ခံစားမိတာ ဖြစ်သည်။ သူ့ မီးတောက်လေး က တကယ်ကို ဉာဏ်ကောင်းပြီး ညှာတာတတ်လေသည်။
ချင်ယွန်က သူ ပြောထားသည့်အတိုင်း လုပ်ခဲ့သည်။ နောက်ရက်မှာ သူက သင်္ဘောသုံးစင်းကို အကြိုလွတ်ပြီး လမ်းကြောင်းနှင့် အ‌ရေးပေါ်ပစ္စည်းတွေ စီမံခိုင်းထားသည်။ ထို့နောက် ခြေရာခံစက် တပ်ဆင်ထားသည့် မီးတောက်လေးနဲ့ အတူ ပင်လယ်ဘက် ထွက်လာခဲ့သည်။
လှိုင်းလုံးလေးကို ရေအောက်ပြတိုက် အဆောက်ဦးမှာ စိတ်ချရအောင် ချန်ရစ်ထားခဲ့သည်။ သူ ထိုနေရာမှာရှိသရွေ့ သူအနေနဲ့ မီးတောက်လေး လွတ်လွတ်လပ်လပ် ကူးနိုင်ဖို့ စိုးရိမ်ဖွယ် မရှိပေ။
ရှန့်ခယ်က ချင်ယွန်၏ speedboat နောက်မှလိုက်လာပြီး ပင်လယ်ပြင်မှာ အားတက်သရော ကူးခတ်နေသည်။ သနားစရာကောင်းသည့် လှိုင်းလုံးလေးလေးက ပင်လယ်လိပ်နှစ်ကောင်၏ လိမ်ညာမှုခံရပြီး ပင်လယ်ပြင်မှာ လေကောင်းလေသန့် ရှုရဖို့ အခွင့်ရေးဆုံးရှုံးသွားလေသည်။
ရှန့်ခယ်က လေထဲထွက်ပေါ်လာသည့်အခါ ရေစက်တွေ ဖွာကျနေပြီး သူ့၏ လှပပြီး တင့်တယ်လှသည့် ခန္ဓာကိုယ်ကို ဖော်ပြနေလေသည်။
ချင်ယွန်က လက်တန်းမှာ မှီပြီး ပင်လယ်လေကို ရှုရှိုက်နေလေသည်။ သူက မီးတောက်လေး၏ ပျော်ရွှင်စွာ လှိုင်းလုံးကြား ခုန်ပေါက်မှု၊ ကျွမ်းထိုးမှုနှင့် ကူးခတ်မှုတွေကို ညင်သာစွာငေးကြည့်နေသည်။ ထိုအရာက သူ့စိုးရိမ်မှုတွေကို အဝေးသယ်ဆောင်သွားသလို ဖြစ်သည်။
ချင်ယွန်သည် မီးတောက်ကလေးကို ခေါ်ထုတ်လာသည့် မြင်ကွင်းကို ဘေးနားရှိ သင်္ဘောက ရိုက်ယူထားမှန်း သတိမပြုမိခဲ့ပေ။ အွန်လိုင်းပေါ် ပျံ့နှံ့ပြီးနောက် အာရုံအားလုံးက မီးတောက်လေး၏ အပြုအမူအပေါ် စုပြုံသွားပြီး ဝက်ဘ်ဆိုက်တစ်ခုလုံး ပေါက်ကွဲမတတ် ရှုပ်ယှက်ခတ်နေခဲ့သည်။
【ဒါရိုက်တာချင်ကတော့ မျှော်လင့်တဲ့အတိုင်းပဲ... သူများတွေ ခွေးတွေ ကြောင်တွေနဲ့ လမ်းလျှောက်ထွက်တဲ့အချိန် သူက လင်းပိုင်နဲ့ လမ်းလျှောက်ထွက်လာတာပဲ..】
【သူ့ထက် ထူးချွန်တဲ့လူ မရှိတော့ဘူး...】
【ဒါရိုက်တာချင်... တစ်ယောက်တည်း မောင်ပိုင်စီးတာ မကောင်းဘူးနော်... လင်းပိုင်ကို အာလုံးပိုင်တယ်】
【အပေါ်ကအတိုင်းပဲ +၁】
【ပိုင်+ (၃.၁၄)】
【အဲဒါအပြင် ရိုက်ကူးနေတဲ့ သူငယ်ချင်းရေ ရှေ့နည်းနည်း ထပ်တိုးလို့ မရဘူးလား... မီးတောက်လေးကို နီးနီးကပ်ကပ် မြင်ဖို့က အရမ်းရှားလွန်းလို့ပါကွာ... 】
【ငါလည်း မတိုးချင်ဘူး ထင်နေလား... ဒါရိုက်တာချင်က အရမ်းကို ကာကွယ်လွန်းတာကွ.... အနီးနားမှာ သက်တော်စောင့်တွေ ခန့်ထားတာ... ငါ့သင်္ဘောသာ ရှေ့တိုးသွားရင် သူတို့က ပိတ်ထားလိမ့်မယ် 】
【လွန်လွန်းတယ် မဟုတ်ဘူးလား..】
【တကယ်ကို လွန်လွန်းတယ်!】
【အဲဆိုရေကူးပြီး ရှေ့တိုးလိုက်.】
【ဟဟ … မင်းက တိုက်ခိုက်ရေးရေငုပ်သမားတွေနဲ့ ရေငုပ်သင်္ဘောက အလှပြထားတယ် မှတ်နေတာလား】
【တကယ်ကို ကာကွယ်လွန်းတယ်.】
【သက်တော်စောင့်တွေ ရေငုပ်သမားတွေ ရေငူပ်သင်္ဘောတွေ မစ္စတာချင်တော့ မီးတောက်လေးအတွက် ၂မီလီယံလောက် အကုန်ခံထားတာပဲ...】
【ချမ်းသာလွန်းတယ်...】
【အရမ်းချမ်းသာလွန်းတယ်!】
【ရွှေရောင်အခွင့်ထူးခံ ချမ်းသာတယ်!】
【ငါလည်း နောက်ထပ် မီလီယံ ထပ်လှူဒါန်းချင်တယ်။ ချင်တစ်ယောက်တည်း မီးတောက်လေးကို ထောက်ပံ့ပေးနိုင်တာ မဟုတ်ဘူး..】
【အဲဆို ငါလည်း သုံးမီလီယံလောက် နည်းနည်း လှူချင်တယ်....】
【ဆင်းရဲသားတစ်ယောက်အနေနဲ့ ငါ့မှာ မီးတောက်လေးကို လှူဖို့မရှိဘူး.... ငါ့ကိုများ အစာထိုး လှူဒါန်းဖို့ စိတ်ကူးမရှိကြဘူးလား..】
【မင်း လင်းပိုင်အမလေး ဖြစ်သွားရင် စဉ်းစားပေးမယ်...】
【မဟုတ်ဘူးနော်...ငါကြားတာက လင်းပိုင်တွေက ဒွိလိင်ဆို.... မင်းအထီးဖြစ်နေလဲ မီးတောက်လေးရဲ့ မျက်နှာသာပေးတာ ခံရနိုင်ပါသေးတယ်...】
【အဲဒါမှားနေတာ လင်းပိုင်တွေက မျိုးရိုးဗီဇကိုတောင် ဂရုမစိုက်ဘူး.... သူတို့နှစ်သက်သရွေ့ လိပ်ဖြစ်နေရင်တောင် သူတို့က ဂရုမစိုက်ဘူး...】
【(⊙0⊙)ငါ စိတ်အေးသွားပြီ..】
【အဲဆို ဒါရိုက်တာ ချင်က မီးတောက်လေးရဲ့ မိတ်ဖက်အဖော် ဖြစ်လာတယ်လို့ ပြောတာလား...】
【......】
【ငါတော့ အရမ်းထူးဆန်းတာ တွေ့ပြီ ထင်တယ်...】
အွန်လိုင်းပေါ်က ဆွေးနွေးမှုတွေက တခြား ဦးတည်ရာတစ်ခူသို့ ရောက်သွားခဲ့သည်။ အွန်လိုင်းပေါ်ကလူတွေက ချင်ယွန်ကို မီးတောက်လေး၏ ပထမဆုံး မိတ်ဖက်လက်တွဲဖော်အဖြစ် သတ်မှတ်ပေးပြီး 'ဘုရင်မ' ဘွဲ့ချီးမြှင့်ထားသည့်အကြောင်း ချင်ယွန် မသိရှိသေးချေ။ ရထားတွဲလိုမျိုး သူ့နေရာကို လုယူဖို့ 'ကိုယ်လုပ်တော်'တွေ အများပြားက စောင့်ဆိုင်းနေလေသည်။
ရှန့်ခယ်သည် ကစားတာကို ခဏရပ်ပြီး ပင်လယ်ထဲသို့ ငုပ်ဆင်းသွားခဲ့လေ၏။ သူသည် ဦးတည်ရာမျိုးစုံသို့ အသံလှိုင်းပို့လွှတ်ပြီး အနီးပတ်ဝန်းကျင် အခြေအနေကို လေ့လာနေသည်။ လင်းပိုင်တစ်ကောင်၏ အကြားနှုန်းသည် အမြင်ထက် ဆယ်ဆလောက် ပိုစူးရှလေသည်။
ပဲ့တင်သံတွေ၊ တချို့ အသံလှိုင်းတွေ စသည်ဖြင့်.....
သူတို့သည် အကွာအဝေးနှင့် အရွယ်အစား၊ ဦးတည်ရာ၊ အမြန်နှုန်း ကို ရှာဖွေနိုင်စွမ်း ရှိကြသည်။ သူတို့ကို မျက်လုံးစည်းထားသည် ဖြစ်စေ..... သူတို့သည် ရေထဲမှာ တွေဝေခြင်းမရှိ သွားလာနိုင်ကြလေသည်။
ရှန့်ခယ်သည် ပင်လယ်ကို ရှာဖွေဖို့ရန် ထိုနည်းလမ်းကို အသုံးပြုချင်သည်။ အကယ်၍ ဒီကမ္ဘာမှာ ရေသူမျိုးနွယ်သာ ရှိခဲ့မယ်ဆိုလျှင် သူအနေနှင့် သူတို့၏ ခြေရာလက်ရာအချို့ ကို ရှာဖွေနိုင်လေသည်။ သူတစ်ခုမှ ရှာမတွေ့ဘူးဆိုလျှင် အသံကို အသုံးပြုပြီး တချို့ရေသူထီး သို့မဟုတ် ရေသူမတွေဆီ သတင်းပို့နိုင်လိမ့်မည်။
ထို့အပြင် သင်္ဘောပျက်တွေ၊ ရေသူမတွေ၊ ရေသူထီးတွေ သို့မဟုတ် သူတို့နှင့် ဆင်တူသည့် အခြားမျိုးနွယ်စုတွေအားလုံးသည် သူ့၏ ရှာဖွေရေးသတ်မှတ်ချက်ဖြစ်သည်။ အချုပ်အားဖြင့် အခွင့်ရေးတစ်ခုမျှ အလွတ်ပေးမည် မဟုတ်ချေ။
ချင်ယွန်သည် နေဝင်ဆည်းဆာချိန်မရောက်ခင်အထိ ရှန့်ခယ်၏ ရှာဖွေမှုကို ဘေးမှ လိုက်ပါခဲ့လေ၏။ သူက ကောင်းကင်ကို ကြည့်ပြီးနောက် ပင်လယ်ဆီ လေချွန်လိုက်လေသည်။
သိပ်မကြာသည့်အချိန်တွင် ရှန့်ခယ်သည် ရေထဲမှ ပေါ်လာခဲ့လေ၏။
ချင်ယွန်က အော်ပြောလိုက်သည် "မီးတောက်လေး.... ပြန်ကြစို့...."
ရှန့်ခယ်သည် တပတ်ခုန်လိုက်ပြီး ပင်မအဆောက်ဦးဆီ ဦးဆောင်ကာ ကူးခတ်သွားခဲ့လေ၏။
သူသည် ရေသူမျိုးနွယ်နှင့် ပတ်သတ်တာ ရှာမတွေ့ပေမဲ့လည်း ရှန့်ခယ်သည် ဆော့ကစားခွင့် ရခဲ့လေသည်။
သူတို့ အဆောက်အဦး ပြန်ရောက်သည့်အချိန်တွင် ရှန့်ခယ်သည် ခေါင်းကို ဝှေ့ယမ်းရင်း တစ်ခုခု ထူးဆန်းတာ သိနေသည့်ပုံဖြင့် ချင်ယွန် speedboat ပေါ်မှဆင်းလာပြီး သူ့ဆီ လာသည်ကို စောင့်နေခဲ့၏။
ချင်ယွန်ရောက်ရှိလာသည့်အခါမှာ သူက ချက်ချင်းပါးစပ်ကိုဖွင့်ပြီး 'ဝူဝူ...' အသံပြုလုပ်လိုက်သည်။
သူ့၏ မအီမသာပုံကိုမြင်ပြီး ချင်ယွန်သည် ဒူးညွှတ်လိုက်ပြီး အလေးနက်ထားကာ မေးလိုက်သည် "ဘာဖြစ်လို့လဲ...."
ရှန့်ခယ်သည် သူ့ရေယက်တောင်ကို သူ့လက်ပေါ်တင်ပြီးနောက် တစ်စုံတစ်ခုကို ချပေးလိုက်သည်။
ချင်ယွန်သည် ငုံ့ကြည့်လိုက်ပြီးနောက် ထိုအရာသည် ရိုးရှင်းလှသည့် နီလာလက်စွပ်ဆိုတာ သိရှိပြီး အံ့သြတကြီး ဖြစ်သွားခဲ့သည်။
အံ့အားသင့်မှုက သူ့မျက်စိရှေ့ ပေါ်လာခဲ့ပြီးနောက် သူသည် မီးတောက်လေးကို ကြည့်ပြီး မေးလိုက်သည် "ဒါက ဘယ်ကရောက်လာတာလဲ...."
ဒါပေါ့ သူ ပင်လယ်ထဲက တွေ့တာလေ....
ဒါကို စေ့စပ်လက်စွပ်အဖြစ် မှတ်ယူရင် ဘယ်လိုလဲ.......
ရှန့်ခယ်မျက်လုံးများက ပျော်ရွှင်စွာ ကွေးညွှတ်သွားပြီး ချင်ယွန်ကို စိုက်ကြည့်လိုက်လေသည်။ ချင်ယွန်စိတ်ထဲ တစ်ဆို့လာပြီး သူသည် လက်စွပ်၏ မူလကို မှန်းမိသည့်ပုံဖြင့် ပြုံးရင်း မေးလိုက်သည် "ကိုယ့်အတွက်လား..."
ရှန့်ခယ်သည် ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပဲ...." ချင်ယွန်သည် လက်စွပ်ကိုယူကာ သူ့ဘယ်ဘက် လက်သူကြွယ်တွင် ဝတ်ဆင်လိုက်လေ၏။
ရှန့်ခယ်သည် အားရပျော်ပါးစွာ လေချွန်လိုက်သည် : လက်စွပ်ဝတ်လိုက်ပြီဆိုတော့ ငါ့လက်ထပ်ခွင့်ကို လက်ခံလိုက်တာပဲ....ကတိဖျက်လို့မရဘူး.... ဒီဘဝမှာ ငါ မင်းဆီက လက်စွပ်ရနိုင်ပါ့မလား တွေးကြောက်မိတယ်..... နောက်ဘဝမှာ ဒီဆန္ဒကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်မိတယ်.....
ရှန့်ခယ်၏ အပြာရင့်ရောင် မျက်လုံးတွေက ကြည်လင်နေပြီး ချင်ယွန်လက်စွပ်ပေါ်မှ အဖိုးတန်ကျောက်လိုမျိုး တောက်ပနေသည်။
ချင်ယွန်နှလုံးသားက နွေးထွေးသွားလေ၏။ သူသည် ရှန့်ခယ်ကို မဖက်ဘဲ မနေနိုင်ချေ...... ထို့နောက် သူ့နှုတ်သီးလေးပေါ် အနမ်းခြွေလိုက်လေ၏။
နေဝင်ဆည်းဆာအောက်တွင် ထိုနွေးထွေးလှသည့်မြင်ကွင်းကို မနီးမဝေးရှိ သင်္ဘောသားတစ်ဦးက ရိုက်ယူခဲ့ပြီး ထိုအခြေအနေသည် မြင်ကွင်းနှင့် လုံးဝကိုက်ညီနေလေ၏။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ပြင်ပလောကမှာ တောင်းဆိုချက် အများအပြား ရောက်ရှိလာသည့်အတွက် ချင်ယွန်သည် မီးတောက်လေးနှင့် လှိုင်းလုံးလေးကို အများရှေ့ ချပြဖို့ရန် သဘောတူညီခဲ့သည်။ စိတ်အနှောင့်ယှက်ပေးခြင်းမှ ကင်းဝေးစေရန် ချင်ယွန်သည် သင့်တော်သည့် နေရာကို ရွေးချယ်ပြီး လူငါးဆယ်အောက်နှင့် သတင်းသမားသုံးယောက်သာ ဝင်ခွင့်ပြုကာ လူဦးရေ ကန့်သတ်ထားသည်။ နိုင်ငံ့ရတနာဖြစ်သည့် လင်းပိုင်အနေနှင့် ရှန့်ခယ်သည် လူတွေ၏ ကြည့်ရှုခြင်း ခံရဖို့အတွက် အချိန်အကြာကြီး ပြင်ဆင်ခဲ့ရသည်။ ထို့ကြောင့် သူသည် ဂရုမစိုက်ပေ။ တစ်ချိန်တည်းမှာပင် သူသည် လှိုင်းလုံးလေးကို ပတ်ဝန်းကျင်တွင် အများနှင့် နေသားကျရန် အခွင့်ရေးဟု ခံစားမိလေသည်။
ချင်ယွန်၏ စောင့်ရှောက်မှုအောက်တွင် ရှန့်ခယ်နှင့် လှိုင်းလုံးလေးတို့ နေထိုင်ရာ‌ ရေကန်ဆီ လူအများ ရောက်ရှိလာကြသည်။
လင်းပိုင်နှစ်ကောင်ရဲ့ လေချွန်သံက တစ်ချိန်တည်း ထွက်ပေါ်လာပြီး အလည်ပတ်လာသူများကို ကြိုဆိုလိုက်ကြသည်။
အားလုံးက ချက်ချင်း စိတ်လှုပ်ရှားမှုကြောင့် ဆူညံလာပြီး ကင်မရာ၏ ရိုက်ချက်များလဲ ဆက်တိုက်ထွက်ပေါ်လာလေသည်။
လင်းပိုင် ကြည့်နေကြသည့် လူများကို လင်းပိုင်များက ကမ်းပေါ်မှ လူများကို တစ်ဖန် ပြန်လေ့လာနေသည်။
ရှန့်ခယ်က လှိုင်းလုံးလေးကို ပြောလိုက်သည် "ဒီလူရဲ့ ဖက်ရှင်ကို ကြည့်ပါဦး... ပန်းပွင့်တွေအများကြီးနဲ့..... ငါတို့လင်းပိုင်တွေတောင် သူ့ထက် ပိုကောင်းအောင် လုပ်နိုင်သေးတယ်....."
လှိုင်းလုံးလေးသည် သူ့၏ ကိုယ်ပိုင် တောက်ပပြီး ချောမွေ့နေသည့် အရည်ပြားကို ကြည့်လိုက်ပြီး သဘောတူလိုက်သည်။
"ပြီးတော့ အဲဒီဟာ.... ဆံပင်က မိုးကြိုးပစ်ထားသလိုကေနဲ့..... ခေါင်းဘယ်လို ဖြီးရမယ်ဆိုတာ မသိဘူး ထင်တယ်......"
လှိုင်းလုံးလေးသည် ရှန့်ခယ်၏ တောက်ပြောင်နေသည့် ဦးခေါင်းကို ကြည့်လိုက်ပြီး သူသာ ဆံပင်အကောက်နဲ့ဆိုရင် ဘယ်လိုဖြစ်မလဲဟု တွေးကြည့်လိုက်သည့်အခါ ချက်ချင်း တုန်တက်သွားလေသည်။
ဦးခေါင်း ထိပ်ပြောင်ပြောင်လေးက တကယ်အလှဆုံးပဲ.....
လှိုင်းလုံးလေးသည် ကမ်းပေါ်မှ လူများကို ထပ်ကြည့်လိုက်ပြီး သူ့မျက်လုံးတွင် သနားမှု အရိပ်အယောင်ဖြင့် ပြည့်နေလေ၏။
"အာ..... သူတို့က တကယ် အရမ်းချစ်ဖို့ကောင်းတာပဲ......" မိန်းကလေးတစ်ယောက်သည် သံကုန်မြင့်မပြောဘဲ မနေနိုင်ချေ။
လှိုင်းလုံးလေးသည် အော်သံကြောင့် ကြောက်လန့်သွားပြီး ရေထဲ ပြန်ငုပ်သွားလေသည်။ ရှန့်ခယ် နှစ်သိမ့်လိုက်သည့်အခါ နောက်ဆုံးတွင် ရေထဲမှ ပြန်ပေါ်လာခဲ့သည်၊
ချင်ယွန် မျက်နှာအမူအယာသည် ပြောင်းလဲခြင်း မရှိပေမဲ့ ထိုမိန်းကလေးကို အေးစက်စွာ သတိပေးလိုက်သည် "မစ် ဝမ်..... လင်းပိုင်တွေကို မကြောက်လန့်စေဖို့ ကျေးဇူးပြုပြီး အသံကျယ်ကျယ် အော်ဟစ်ခြင်း မလုပ်ပါနဲ့ ...."
"အာ.... တောင်းပန်ပါတယ်...." မိန်းကလေးသည် ပါးစပ်ကို အုပ်ကာ နူးနူးညံ့ညံ့ ပြောလိုက်သည် "ကျွန်မ စိတ်လှုပ်ရှားလွန်းသွားပြီး... ကိုယ့်ဘာသာ မထိန်းချုပ်နိုင်ဘူး ဖြစ်သွားတယ်...."
ချင်ယွန်သည် သူမ၏ လေးလေးနက်နက် အမူအယာကို မြင်ပြီး ဘာမျှ ဆက်မပြောတော့ပေ။
လှိုင်းလုံးလေးသည် ထိုလူထု ရောက်လာမှုကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် ရှန့်ခယ် စောင့်ရှောက်မှုအောက်တွင် သူသည် ပျော်ရွှင်စွာ ဆော့ကစားနေသည်။ သူသည် ချစ်စဖွယ် အမူအယာနှင့် လှုပ်ရှားမှုများကို ပြုလုပ်ပြီး အားလုံးပျော်ရအောင် ပြုလုပ်ပေးကာ မြင်ကွင်းက ပို၍ အသက်ဝင်လာခဲ့သည်။ ဓာတ်ပုံအများကြီးလည်း ရိုက်ယူခဲ့ကြသည်။
အလည်ပတ်ချိန်ပြီးဆုံးသည့်နောက် ချင်ယွန်သည် အားလုံးကို ဦးဆောင်သွားခဲ့သည်။ သို့သော် ကလေးတစ်ယောက်သည် သူ့အဖေကို ဆွဲကာ ထွက်မသွားချင်ကြောင်း ကလန်ကဆန်လုပ်ကာ ပူဆာနေလေသည်။ သူ့ဖခင်က ပျော့ပျောင်းစွာ ဆူပေမဲ့ သူ့ကလေးသည် စတင်၍ ကျယ်လောင်စွာ ငိုကြွေးတော့သည်။
ချင်ယွန်သည် မျက်မှောင်ကျုံ့လိုက်ပြီး ဖြေရှင်းရန် လူအချို့ခေါ်မည့်အချိန်တွင် မီးတောက်လေးက ကူးခတ်လာကာ ကလေးကို လေချွန်ပြလိုက်သည်ကို မြင်လိုက်သည်။ ကလေးက ရှိုက်ငင်ကာ မီးတောက်လေးကို ကြည့်လိုက်လေသည်။
မီးတောက်လေးသည် သူ့အမြီးဖြင့် ဘောလုံးကို ပုတ်ထုတ်လိုက်ကာ ကလေးခြေထောက်ဆီ ပို့လိုက်ပြီး ပြုံးပြလိုက်သည်။
ထိုကလေးသည် အငိုရပ်သွားပြီး သူ့အဖေကို ကြည့်လိုက်သည်။ သို့သော် သူ့အဖေသည် ချင်ယွန်ကို ကြည့်နေလေ၏။ ချင်ယွန်သည် ခေါင်းညိတ်ပြလိုက်ကာ ကလေးအဖေက ဘောလုံးကိုယူကာ ကလေးကို ပေးလိုက်ပြီး ပြောလိုက်သည်
"မီးတောက်လေးကို ဘောလုံးပြန်ပေးလိုက်လေ..... ပြီးတော့ တာ့တာ့လို့ ပြောလိုက်ဦး....."
ကလေးသည် ဘောလုံးကို ကိုင်ကာ မီးတောက်လေးဆီ လမ်းလျှောက်လာပြီး ဂရုတစိုက် ဘောလုံးကို ပြန်ပေးလိုက်သည်။
မီးတောက်လေးသည် အနီးရွေ့လာပြီး ကလေး လက်ကို ပွတ်သပ်လိုက်ရင်း ဘောလုံးကို ဟန်ချက်ထိန်းကာ ရေထဲမှာ လှုပ်ရှားပြလိုက်သည်။ နောက်ဆုံးတွင် သူက ဘယ်ဘက်မျက်လုံးဖြင့် ကလေးကို မျက်လုံးမှိတ်ပြလိုက်သည်။
အားလုံးက သူ့၏ ချစ်စရာကောင်းမှုကြောင့် အရည်ပျော်ကျသွားကြလေသည်။ ဒီလိုချစ်စရာကောင်းသည့် သတ္တဝါလေးက ကမ္ဘာပေါ် ရှိနေတာလား..... ဒါက စည်းကမ်း ချိုးဖောက်နေသလိုပဲ......
ကလေးသည် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး လက်ခုပ်တီးလိုက်လေသည်။
သူ့အဖေ လာခေါ်သည့်အခါ နောက်ထပ် မငိုတော့သလို ပြဿနာလည်း မရှာဘဲ ထွက်သွားခဲ့သည်။ သူက မီးတောက်လေးကိုသာ လက်ပြသွားခဲ့ပြီး သူ့အဖေနောက်ကို လိုက်ပါသွားခဲ့သည်။
သူတို့၏ အများရှေ့ လူလုံးပြမှုက ရှန့်ခယ်နှင့် လှိုင်းလုံးလေးကို ပရိသတ်အသစ်တွေ တိုးလာစေသည်။ အထူးသဖြင့် မီးတောက်လေး၏ 'နောက်ဆုံး အပြုအမူ'သည် ကလေးကို ပျော်ရွှင်အောင် ပြုလုပ်ပေးသည်သာမက အားလုံးကိုလဲ စိတ်လှုပ်ရှားသွားစေခဲ့၏။ သူတို့သည် မီးတောက်လေး၏ ကြင်နာမှုနှင့် အသိဉာဏ်မြင့်မားမှုကို နားလည်သွားကြလေသည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now