အပိုင်း ၇၈ ။ မီးတောက်လေးဘဝ

2K 390 2
                                    

[Zawgyi]

လင်းပိုင်များ၏ ပြန်လည်ကောင်းနိုင်စွမ်းမှာ အတော်လေး အံ့အားသင့်ဖွယ် ကောင်းလှပေ၏။ သူ့ဆီမှ လျော့ပါးသွားသော အသားများနှင့် အရည်ပြားမှာ ပြန်လည် ကောင်းမွန်လာဖို့ရာ ဆေး၏ အကူပင် မလိုအပ်လိုက်ပေ။

သူ့ဘာသာ ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေ၏။ ဒဏ်ရာများက ကြီးမားသောကြောင့် သူ့ပြန်ကောင်းနှုန်းမှာ အနည်းငယ် နှေးကွေးနေသေးသည်။ ထို့အပြင် သူက သွေးများစွာ ဆုံးရှုံးထားသည့်အတွက် အားနည်းကာ မူးဝေနေသည့် လက္ခဏာ ခံစားနေရသည်။

လက်ရှိတွင် ရှန့်ခယ်ကို သွေးပေးနိုင်သော တစ်ဦးတည်းသော သတ္တဝါလေးမှာ လှိုင်းလုံးလေး ဖြစ်နေ၏။ သို့သော် တစ်ခါ တစ်ခါ သွေးသွင်းရသည့် ပမာဏမှာ အလွန်များပြားလွန်း၏။ တစ်နှစ်သားပင် မရှိသေးသည့် လှိုင်းလုံးလေးအတွက် အန္တရာယ်များပေသည်။ ဆေးဘက်ဆိုင်ရာ အဖွဲ့မှလည်း သွေးကို ထင်ရာမြင်ရာ မသွင်းရဲပေ။

လင်းပိုင် တစ်ကောင်က ဒဏ်ရာအပြင်းအထန် ရထားသည့်အချိန် တခြားတစ်ကောင်ပါ တစ်ခုခု ဖြစ်သွားပါက ကမ္ဘာပေါ်ရှိ လင်းပိုင်ချစ်သူများက ပုန်ကန်ဆန္ဒပြကြလိမ့်မည်။

သို့သော်လည်း မီးတောက်လေးက အကြိမ်များစွာ သေခြင်းတရားနှင့် နီးကပ်သွားသည့်အတွက် ဆေးဘက်ဆိုင်ရာအဖွဲ့က လူသွေးကို အစားထိုး သုံးရန် ဆုံးဖြတ်ခဲ့ကြသည်။ အမျိုးမျိုးသော စမ်းသပ်မှုများအပြီးတွင် သူတို့က မီးတောက်လေးနှင့် လူသွေးမှာ သဟဇာတ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ အကြောင်းမှာ သူ့သွေးနှင့် နို့တိုက်သတ္တဝါ အများစုနှင့် သဟဇာတ ဖြစ်သော်လည်း လူသွေးမှာ အကောင်းဆုံး ဖြစ်ပေသည်။

ချင်ယွန်က ထိုအရာမှာ မီးတောက်လေး လူပုံပြောင်းလဲရန် ရွေးချယ်ထားမှုနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း မှန်းဆမိ၏။

ဆေးဘက်ဆိုင်ရာ အဖွဲ့က အထက်မှ ခွင့်ပြုချက် ကျလာသည်နှင့် မီးတောက်လေးဆီ လူသွေး သွင်းပေးရန် ပြင်ဆင်ကြသည်။ အလှူရှင်မှာ ချင်ယွန် ဖြစ်ပေ၏။ သူက မီးတောက်လေး၏ ခန္ဓာကိုယ်အတွင်း တခြာသူ၏ သွေးကို မသွင်းလိုစေချင်ပေ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now