အခန်း ၁

2.8K 99 4
                                    

[Unicode]
ပိုးမြို့တော်တွင် မြူနှင်းများ တဖွဲဖွဲကျဆင်းနေကာ မနက်ခင်းသည် မှိုင်းရီဝေလျက်ရှိသည်။ မနက်ခင်းနေရောင်သည် တစ်စစနှင့် မြူနှင်းထုကြီးကို ထိုးဖောက်ကာ ထွက်ပေါ်လာချိန်မှာတော့ မြို့တော်၏ အချက်အချာကျသော မြို့လယ်ခေါင်ရှိ Vintage ဟိုတယ်ဝင်းထဲသို့လည်း မော်ဒယ်လ်မြင့်ကားများက တစ်စီးပြီးတစ်စီး ဝင်ရောက်လာလျက်ရှိသည်။ ကားပေါ်မှ ဆင်းလာကြသူများသည် အထက်တန်းကျကျ ဝတ်စားထားကြကာ လူဂုဏ်တန်တို့၏ နေထိုင်မှုပုံစံအတိုင်း ရှေးဟောင်းပစ္စည်း လေလံတင်ရောင်းချပွဲကို တက်ရောက်လာကြသည်။

မနက်ခင်း ၉ နာရီခန့်တွင် Vintage ဟိုတယ်ဝင်းထဲသို့ Porsche အမျိုးအစား ကားတစ်စီး မောင်းဝင်လာသည်။ ဟိုတယ်ဝန်ထမ်းသည် ကားတံခါးကိုဖွင့်ပေးပြီးနောက် ကားအနောက်ခန်းမှာ လှမ်းမြင်ရသော လူကြီးအား အရိုအသေပြုလိုက်သည်။ ကားပေါ်မှ လူကြီးသည် ဟိုတယ်ဝန်ထမ်းအား အသိအမှတ်ပြုသောအပြုံးကို ပြန်ပြုံးပြကာ ကားပေါ်မှ ဆင်းလာသည်။ ထိုလူကြီးသည် အသက်ငါးဆယ်ဝန်းကျင်ရှိပြီး ဝတ်စားထားပုံမှာ ခန့်ညားသလို ဥပဓိရုပ်လည်း သန့်ပြန့်တည်ကြည်လှပြီး နာမည်မှာ ဦးမင်းစေနိုင်သော် ဖြစ်သည်။

Vintage ဟိုတယ်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသော Skyline ဟိုတယ်၏ မျက်နှာစာခြမ်းက အခန်းတစ်ခန်းတွင်လည်း လူငယ်တစ်ဦးသည် ဦးမင်းစေနိုင်သော်၏ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်‌လျက်ရှိသည်။ ထိုလူငယ်‌သည် တစ်ကိုယ်လုံးကို all black ဝတ်ဆင်ထားကာ မျက်နှာကို ခပ်ထေ့ထေ့ပြုံးလို့ ဦးခေါင်းကို ဒီဂရီအနည်းငယ်ငုံ့ကာ စနိုက်ပါသေနတ်ဖြင့် လှမ်းချိန်ထားတာကြောင့် အညိုရောင် လှိုင်းတွန့်ဆံနွယ်တွေသည် နဖူးအထက်သို့ ကပိုကရို ဝဲဖြာကျလျက် ရှိသည်။

စနိုက်ပါကို ခပ်ကျစ်ကျစ် ဆုပ်ကိုင်ထားသော လက်အစုံသည် တည်ငြိမ်နေသော ပစ်မှတ်ပေါင်းများစွာကို ယခင့်ယခင်က ကြိမ်ဖန်များစွာ ပစ်ခတ်ချိန်ရွယ်ခဲ့ဖူးပေမယ့် ဒီတစ်ခါကတော့ သက်ရှိလူသားကိုမှ ချိန်ရွယ်ထားရသည်။ ဒါဟာ ဘဝ၏ပထမဆုံးလို့ ပြောနိုင်သလို ပထမဆုံးအကြိမ် ပေးအပ်ခံရသော တာဝန်ဖြစ်သည်။ ပထမဆုံးအတွေ့အကြုံမှာ တုံ့ဆိုင်းတွေဝေနေခြင်း လုံးဝမရှိ။ ကျင့်သားရနေသော မျက်ဝန်းအစုံသည် စနိုက်ပါ မှန်ပြောင်းကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now