အပိုင်း ၁၆

570 37 0
                                    

[Unicode]
မနုဿ အိပ်ရာနိုးလာချိန်တွင် အခန်းထဲမှာ ညွှန်းစေရာကို မမြင်ရပါ။ ရင်ဘတ်ဟပြဲဖြစ်နေတဲ့ ရှပ်အင်္ကျီမှာ ကြယ်သီးတွေ အလုံးစေ့ ပြန်တပ်ပေးထားတာကို မြင်ရတာမို့ မနုဿသည် တစ်ချက်ပြုံးရင်း ကုတင်ပေါ်က ဆင်းလိုက်သည်။ အခုချိန်ဆို ညွှန်းစေရာက ပုညမောင်နဲ့ တွေ့နေလောက်ပြီမို့ မနုဿလည်း ညွှန်းစေရာရဲ့ လက်ဆွဲအိတ်ကိုပါ တစ်ပါတည်းယူဆောင်ကာ ဧည့်ကြိုကောင်တာကို ထွက်လာလိုက်သည်။

"အစ်ကိုနဲ့ ပါလာတဲ့ တစ်ယောက်ကို မြင်မိလား ညီမ"

"ဪ..အဲ့ဒီအစ်ကိုက မှာသွားတယ်၊ ဒီကအစ်ကို လာမေးရင် သူ့ကို ဟိုတယ်မှာပဲ စောင့်နေဖို့ ပြောပေးပါတဲ့"

"အဲ့ဒီလိုမှာပြီး ထွက်သွားတာလား၊ ဘယ်ကိုထွက်သွားတာ မြင်မိလဲ"

"အခန်း ၁၂ က ဧည့်သည်နဲ့ ဒီအရှေ့က Columbus စားသောက်ဆိုင်ကို ထွက်သွားကြတာ၊ သိပ်မကြာသေးပါဘူး၊ အလွန်ဆုံးရှိမှ ၁၀ မိနစ်လောက်ပေါ့"

"ကျေးဇူးနော် ညီမ၊ အဲ့ဒါဆို သူတို့အနောက်ကိုပဲ လိုက်သွားလိုက်တော့မယ်"

"ဪ.. ဟုတ်ကဲ့၊ ရပါတယ်"

Columbus စားသောက်ဆိုင်က ဒီဟိုတယ်အရှေ့မှာတင်ဆိုတော့ မနုဿသည် ခြေလျင်လျှောက်ပြီးသာ လမ်းကူးသွားလိုက်သည်။ ဆိုင်ထဲမှာ ညွှန်းစေရာကို မမြင်သေးပါ။ ကောင်တာမှာ မေးမြန်းကြည့်တဲ့အခါ သီးသန့်အခန်း ယူထားကြောင်း သိရသည်။ မနုဿလည်း အဲ့ဒီအခန်းကို လိုက်သွားသည်။ အခန်းထဲမှာ ညွှန်းစေရာနှင့်အတူ မျက်နှာစိမ်းယောင်္ကျားတစ်ဦးကို မြင်တွေ့ရသည်။ အဲ့ဒီမျက်နှာစိမ်းက ပုညမောင်ပဲ ဖြစ်ပါလိမ့်မည်။

ပုညမောင်သည် အသားအရေ ဖြူဖြူကြည်ကြည်၊ မေးရိုးကျကျ မျက်ခုံးတို့က မထူမပါးနဲ့ ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်း မဟုတ်ပေမဲ့ ကြည့်ပျော်ရှုပျော်ရှိသည်။ မနုဿလောက် အသက်မငယ်ပေမဲ့ ညွှန်းစေရာလောက်လည်း အသက်မကြီးသေးပါ။ တံခါးမခေါက်ဘဲ အခန်းထဲကို ဝင်သွားတဲ့ မနုဿကို နှစ်ယောက်စလုံးက ပြိုင်တူကြည့်ကြသည်။ မနုဿသည် ပုညမောင်ကို ခပ်ပါးပါး ပြုံးပြကာ ညွှန်းစေရာရဲ့ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now