အခန်း ၃

966 55 1
                                    

[Unicode]
မင်းစေနိုင်သော်တို့ မိသားစုသည် အားလုံးစုစုစည်းစည်းနဲ့ နေဝင်ရီတရော ညနေစောင်းတွင် လေဆိပ်ကို ရောက်နှင့်နေကြသည်။ လွန်ခဲ့သောနှစ်များက နယူးဇီလန်နိုင်ငံကို ပညာတော်သင်ထွက်သွားခဲ့သော သားကြီး ညွှန်းစေရာကို ကြိုဆိုဖို့အတွက် စေနိုင်သော်ကိုယ်တိုင် လေဆိပ်မှာ လာစောင့်သည်။ မှန်းထားသော အချိန်နှင့်ကွက်တိမှာပင် ညွှန်းစေရာ လိုက်ပါလာသော လေယာဥ်က ဆိုက်ကပ်လာပြီ။ စေနိုင်သော်တို့လည်း ဧည့်ကြိုနေရာကနေ လေဆိပ်အတွင်းဘက်ကို ခေါင်းတမျှော်မျှော်နဲ့ သားကို မျှော်ကြည့်နေကြသည်။

"ဖေဖေတို့တွေ တစ်အိမ်လုံး လေဆိပ်ဆင်းလာကြတာလားဗျ"

စေနိုင်သော်သည် ကိုယ့်အရှေ့ရောက်လာသော သားကြီးကို ခေါင်းမော့ကြည့်ရသည်။ နိုင်ငံခြားမှာ စီးပွားရေးစီမံခန့်ခွဲမှု ပညာကို သင်ယူခဲ့သော သားကြီး ညွှန်းစေရာသည် ပညာအရာသာမက ရုပ်ရည်ရူပကာ၊ အရပ်အမောင်း၊ ယောင်္ကျားတို့မှာ ရှိသင့်သော ခန္ဓာကိုယ်ကပါ အချိုးကျကျ ဖွံ့ဖြိုးလာတာကို မြင်တွေ့ရသည်။ ရှင်ဘုရင်ကိုယ်တိုင် မွေးသော ရွှေသမင်လိုပင် သားကြီး ညွှန်းစေရာသည် သမင်တွေကြားထဲမှာမှ ထင်းခနဲ လင်းခနဲ သတိပြုမိနိုင်သော ရွှေသမင်ပျိုလို အသွေးအဆင်က ခန့်ညားလှသည်။

"သားရေ.. အားလုံးက မင်းကို လွမ်းနေတာ၊ အဲ့ဒါကြောင့် ဖေဖေတို့အကုန်လုံး မင်းကို လာကြိုတာ"

"ဟုတ်ကဲ့၊ ကျေးဇူးပါခင်ဗျ၊ ဦးငယ်ရော အန်တီရေဇလာရော ကျေးဇူးနော်၊ ကျွန်တော့်ကို လာကြိုကြလို့"

သားက ကိုယ့်ကို နှစ်ခြိုက်စွာ ပြုံးပြလာသည်။ သားသည် အသက် ၅ နှစ်အရွယ်မှာ စေနိုင်သော်နှင့် ဟေသာဦးတို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ပီချူးစံအိမ်ကြီးကို ရောက်ရှိလာရသည်။ စိတ်ကျန်းမာရေး လုံးလုံးမကောင်းရှာသော ဇနီးကလည်း ညွှန်းစေရာကို မျက်စိရှေ့မှာ မြင်ရတော့မှ စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်လာခဲ့သည်။ ဒါတောင် ဟေသာဦးကို အရင်လိုမျိုး ပြန်ကျန်းမာစေဖို့ အနောက်တိုင်း ဆေးပညာနဲ့သာမက တိုင်းရင်းဆေးပညာတွေနဲ့ပါ ဂရုတစိုက် ကုသပေးခဲ့ရသည်။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now