အခန်း ၄

797 49 1
                                    

[Unicode]
Rival မြင်းစီးကွင်းသည် ဦးခေတ်တစ်ရာတည်၏ ပိုင်ဆိုင်မှုများထဲက တစ်ခုပင်။ မြင်းစီးကွင်းသည် မြို့ပြင်ဘက်တွင် တည်ရှိပြီး မြေဧကများစွာ ကျယ်ပြောသည်။ သစ်ရိပ်ဝါးရိပ် အတော်အသင့်ရှိတာမို့ တိုက်ခတ်သောလေကအစ အေးမြလတ်ဆတ်သည်။ နိုင်ငံခြားမှ သီးသန့်မှာယူသော သန်မာထွားကျိုင်းပြီး အလုံးအထည်လှပတဲ့ မြင်းကောင်းမြင်းသန့်များကိုသာ Rival မှာ စနစ်တကျ မွေးမြူထားသည်။

မြင်းတွေကို အစာကျွေးဖို့၊ သန့်ရှင်းရေးလုပ်ပေးဖို့၊ စားကျက်မြေကို လွှတ်ဖို့၊ စားကျက်မြေမှ ပြန်သိမ်းဖို့အတွက် အလုပ်သမားများကို ငှားရမ်းထားရသလို မြင်းတွေရဲ့ကျန်းမာရေးအတွက်လည်း စိတ်ချနိုင်ဖို့ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေကိုပါ ငှားရမ်းထားရသည်။ မြင်းစီးရင်း အပန်းဖြေ အနားယူချင်သူတွေအတွက်လည်း ဘန်ဂလိုအိမ်လေးတွေကိုပါ စီစဥ်ပေးထားပြီး စားရေးသောက်ရေးပါမကျန် အစုံအလင် ရနိုင်သည်။

မြင်းစီးကွင်းနေရာဖြစ်တဲ့ မြက်ခင်းစိမ်း လွင်ပြင်ကြီးဘက်ကို မျှော်ကြည့်လိုက်ရင် နေရောင်အောက်တွင် အသွေးအရောင်လှပလွန်းသော အုန်းခွံရောင်မြင်းကြီး တိမ်ညိုသည် ကဆုန်ပေါက်နေအောင် အားနဲ့မာန်နဲ့ ပြေးလွှားလျက်ရှိသည်။ တိမ်ညိုကို ဒီလိုပြေးစေသူကတော့ တိမ်ညိုအပေါ်မှာ တက်ခွထိုင်ကာ ဇက်ကြိုးကို ကျွမ်းကျင်စွာ ကိုင်တွယ်ထားတဲ့ တိမ်ညိုရဲ့သခင် မနုဿဧကန်ပါပဲ။ တချို့အချိန်တွေမှာ မနုဿက မြင်းဇက်ကြိုးကို လက်လွှတ်ကာ အလွတ်စီးသည်။ ပြေးနေသော မြင်းပေါ်ကနေပဲ ဟိုအဝေးမှာ စိုက်ထူထားတဲ့ ရုပ်သေပစ်မှတ်ကို သေနတ်နဲ့ချိန်ကာ လှမ်းပစ်ပြီး လေ့ကျင့်တတ်သည်။

"ဟေး .. မနုဿ၊ ငါ့သား မင်း ဒီနေရာမှာ ရှိနေမယ်ထင်လို့ ဒယ်ဒီကိုယ်တိုင် လိုက်လာတာ"

"ဒယ်ဒီ"

အနောက်ဘက်ကနေ ဒယ်ဒီ့အသံကို ကြားလိုက်တာမို့ မနုဿသည် မြင်းဇက်ကြိုးကို ဆောင့်ဆွဲကာ တိမ်ညိုကို ပြေးလွှားခြင်းမှ ရပ်စေလိုက်သည်။ ဒယ်ဒီကလည်း သူ့မြင်းကိုရပ်စေကာ သားအဖနှစ်ယောက်က မြင်းပေါ်ကနေပဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဒီအချိန်အထိ မနုဿ တစ်ခါမှမမြင်ဖူးတဲ့ အပြုံးတွေကို ဒယ်ဒီ့မျက်နှာပေါ်မှာ မြင်တွေ့ရသည်။ ကျေနပ်အားရသလိုရှိတဲ့ အပြုံးတွေပေါ့။ ဒီလောက်ဆို မနုဿလည်း သဘောပေါက်သည်။ ညတုန်းက တစ်ကိုယ်တော်လှုပ်ရှားခဲ့တဲ့ စစ်ဆင်ရေးက လုံးဝအောင်မြင်သွားလို့သာ ဒယ်ဒီကလည်း ဒီအပြုံးမျိုး ဖြစ်နေတာ။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now