အပိုင်း ၁၅

624 40 0
                                    

[Unicode]
"CEO ရှိနေလား ဧကန်"

"အဲ့ဒီလူ အခန်းထဲမှာ ငုတ်တုတ်ကြီး ထိုင်နေတယ်၊ တွေ့ချင်ရင် ဝင်သွားလိုက်"

အတွင်းရေးမှူးရုံးခန်းကို မန်နေဂျာ ဦးအောင်သက် ရောက်လာသည်။ မနုဿလည်း ညွှန်းစေရာကို မကျေနပ်တဲ့ အရှိန်က မကုန်သေးတာမို့ အလုပ်ဇယားစာရွက်ကို မကြည့်ဘဲ စကားကို ခပ်ပြတ်ပြတ် ပြောပေးလိုက်သည်။ မန်နေဂျာက CEO ရုံးခန်းကို ဆက်လျှောက်သွားသည်။ ခဏအကြာမှာ အင်တာကွန်က အသံထွက်လာသည်။ ညွှန်းစေရာက မနုဿကို ခဏလာခဲ့ဖို့ လှမ်းခေါ်သည်။ မနုဿလည်း ဂျွတ်တိဂျွတ်ဆတ်မျက်နှာပေးနဲ့ပဲ CEO အခန်းကို ဝင်သွားလိုက်သည်။

"အဲ့ဒီကိစ္စကို ပြီးမှ ပြန်တင်ပြပေးပါ၊ ကျွန်တော် ခဏနေရင် ကုမုဒြာဟိုတယ်မှာ အလုပ်သဘော တွေ့ဆုံစရာရှိလို့ သွားရဦးမယ်၊ အခု မန်နေဂျာနဲ့ ဆွေးနွေးပေးဖို့ အချိန်သိပ်မရတော့လို့"

"အဲ့ဒါဆို CEO အားလောက်မဲ့ အချိန်ကို ဧကန့်ကို မေးမြန်းပြီး ပြန်စောင့်လိုက်ပါမယ်၊ ခွင့်ပြုပါဦး"

CEO ရုံးခန်းထဲက ထွက်မသွားခင်မှာ မန်နေဂျာ ဦးအောင်သက်က မနုဿကိုလည်း တစ်ချက်ကြည့်သွားသေးသည်။ မနုဿသည် အဲ့ဒီမန်နေဂျာကို ခပ်စိမ်းစိမ်းသာ တစ်ချက်ပြန်ကြည့်ပြီး မျက်နှာလွှဲလိုက်သည်။ ထပ်ပြီးတော့ မနုဿ မြင်တွေ့ရတာက CEO ရဲ့ တည်တင်းနေသော မျက်နှာကြီးကို။ အဲ့ဒီလူက ဆုံလည်ထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်နေကာ သူ့အလုပ်စားပွဲပေါ်က Think Pad ကို ပါဝါပိတ်ပြီးမှ မနုဿကို လှမ်းကြည့်လာသည်။

"ဧကန်"

"အင်း"

"မင်းကိုငါ ဒီနေ့အတွက် အလုပ်ဇယားကို ပေးလိုက်တယ်မဟုတ်လား၊ Schedule ကို တစ်ချက်ကလေးတောင် မဖတ်ကြည့်ဘူးလား၊ ဒီကုမ္ပဏီမှာ မင်းရဲ့ အလုပ်တာဝန်က ဘာလဲ"

"အဲ့ဒီမန်နေဂျာကို ခင်ဗျားရုံးခန်းကို လွှတ်လိုက်တာ ဘာမှားနေလို့လဲ CEO၊ အခုချိန်ထိ အခန်းထဲမှာ ခင်ဗျား ငုတ်တုတ်ကြီး ရှိနေတယ်လေ"

"မင်းရာထူးက အတွင်းရေးမှူး၊ ကိုယ့်အလုပ်ရှင်ရဲ့ တစ်နေ့တာ အလုပ်ချိန်ကို စီမံခန့်ခွဲပေးရတဲ့သူ၊ မင်းအလုပ်ရှင်က ဘယ်အချိန်မှာ ဘယ်အလုပ်ကို လုပ်စရာရှိတယ်ဆိုတာကို မင်းက သေချာပေါက် သိနေရမယ်၊ မင်းကိုယ်တိုင် မင်းအလုပ်ရှင်ရဲ့ အလုပ်ချိန်ကို စီမံခန့်ခွဲပေးရမှာ"

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now