အခန်း ၂၉

675 33 2
                                    

[Unicode]
Freedom ဘားကလပ်ထဲတွင် ပြိုးပြိုးပြက်ပြက် လင်းလက်နေသော ဆလိုက်မီးရောင်စုံများနှင့်အတူ မြူးကြွနေသော ဒီဂျေသံတွေကြားမှာ လူငယ်လူရွယ်အစုံသည် dancing floor ထက်တွင် ခန္ဓာကိုယ်ကို တွန့်လိမ်ကွေးကောက်ကာ မြူးတူးပျော်ပါး ကခုန်နေကြသည်။ ထိုကဲသို့ပျော်မြူးနေကြသော လူအုပ်ကြီးနှင့် ကွဲထွက်နေကာ အမှောင်ရိပ်ပိုကျသော စားပွဲမှာ မနုဿသည် တစ်ယောက်တည်းရှိနေကာ အရက်ကို ပုလင်းလိုက်မော့ကာ ထိုင်သောက်နေသည်။

"အိုဟိုး မနုဿဧကန်ပါလေးဟေ..အဲ့လောက်အကြာကြီး ဘယ်ပျောက်နေလို့ အခုမှ ပြန်ပေါ်လာတာလဲ"

မနုဿသည် သောက်စားထားသော အရက်ရှိန်နှင့် လူက မဟန်နိုင်အောင် အမြင်အာရုံတွေ မူးရီဝေဝါးနေချိန်မှာ နားထဲယဥ်ပါးဖူးသော အသံတွေနဲ့ လူသုံးယောက်က ကိုယ့်အနားကို ချဥ်းကပ်လာကြသည်။ မချိုမချဉ် အပြုံးတွေနဲ့ လူတစ်ယောက်သည် ကိုယ့်ဘေးက နေရာလွတ်မှာ တိုးဝင်ထိုင်လာပြီး အသားချင်းထိနေအောင်ကို လာကပ်ထိုင်ကာ လူကို ရင်းနှီးသလိုပုံစံနဲ့ မနုဿရဲ့ပခုံးကို လက်တစ်ဖက်က သိမ်းဖက်လာသည်။ မနုဿသည် အရက်ကို မော့သောက်နေတဲ့ကြားကပင် မျက်ကြောတွေကို မှေးစင်းကာ အဲ့ဒီလူကို ခပ်ထေ့ထေ့ ပြန်ကြည့်ပေးလိုက်သည်။

"ဒီညအတွက် အဖော်ရပြီလား မနုဿ"

"နေစမ်းပါ"

"အဟင်း.. မင်းကြည့်ရတာ တော်တော်ကွဲနေတာပဲ၊ ဒီညအတွက် အဖော်လိုမှာ သေချာတာပေါ့၊ မတွေ့ရတာ ကြာလို့ထင်တယ်၊ မင်းက ချောလာလိုက်တာ ကြည့်စမ်း"

မနုဿကို ပခုံးဖက်ထားတဲ့တစ်ယောက်က ဘယ်သူလဲဆိုတာတော့ မမှတ်မိတော့ပါ။ အသက်ကတော့   မနုဿနှင့် မတိမ်းမယိမ်းပဲ။ အဲ့ဒီလူသည် ခပ်ရို့ရို့ အကြည့်တွေနဲ့ မနုဿကို ပခုံးချင်းဖက်ကာ သူ့လက်တစ်ဖက်က မနုဿရဲ့ပေါင်တွင်းကြောနေရာကို ပွတ်သပ်လာသည်။ မနုဿလည်း အဲ့ဒီလူကို မာန်စောင်ကြည့်ပေးကာ သူ့လက်တွေကို ရိုက်ပုတ်ချပြီးတော့ လူကို ဆောင့်တွန်းပစ်လိုက်သည်။ အရက်ပုလင်းကို ကောက်ဆွဲကိုင်ကာ ဒီနေရာက ထွက်သွားဖို့ မတ်တပ်ထရပ်လိုက်ပေမဲ့ ကိုယ်၌က သောက်ထားတဲ့အရှိန်နဲ့ မူးဝေနေတာမို့ ဟန်ချက်မနိုင်ဖြစ်ရကာ မနုဿကပဲ ခန္ဓာကိုယ်ယိမ်းယိုင်ပြီး ထိုင်ခုံပေါ်ကို ပြိုလဲကျသွားရသည်။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now