[Unicode]
စေရာသည် ကိုယ့်လက်ထဲကျန်ခဲ့တဲ့ ဂျူတီကုတ်ကို လက်ထဲဆုပ်ကိုင်ပြီး လူနာအခန်းကို ပြန်လာရသည်။ လူနာအခန်းကိုရောက်တော့ ဦးငယ်လည်း ဖေဖေ့အနားမှာ ရှိနေပြီ။ လူနာစောင့် မိန်းကလေးလည်း ရှိနေပြီ။ ဖေဖေ့ဆီကို စေရာရောက်တုန်းက လူနာစောင့်မိန်းကလေးက အခန်းထဲမှာ ရှိမနေပါ။ အဲ့ဒီအချိန်ကို အသုံးချပြီး လူဆိုးကောင်က ဆရာဝန်အယောင်ဆောင်ကာ ဖေဖေ့ကို လာသတ်သည်။"မယဥ်မွှေး.. ခုနတုန်းက တာဝန်ကျဆရာဝန်ဆိုတဲ့ တစ်ယောက်နဲ့ ဆုံလိုက်သေးလား"
"ဆုံလိုက်တယ်ရှင့်၊ ဒီမနက် တာဝန်ကျ ဆရာဝန်လို့ ပြောပါတယ်"
"ဟုတ်လား၊ သူ့နာမည်ကို မေးလိုက်သေးလား"
"အဲ့ဒါတော့ မမေးလိုက်ရဘူးရှင့်၊ အန်ကယ့်ကို ချိတ်ထားပေးတဲ့ ဆေးပုလင်းကုန်နေလို့ သူနာပြုကို သွားခေါ်ခိုင်းတာနဲ့ ကျွန်မလည်း အားချင်းပဲ သွားခေါ်နေတာ"
"ခင်ဗျားထွက်သွားတဲ့ အချိန်မှာ အဲ့ဒီလူက ဖေဖေ့ကို ဆေးထိုးသတ်ဖို့ လုပ်နေတာ၊ ကျွန်တော် လက်မတင်လေး အချိန်မီသွားလို့"
"ရှင်"
စားပွဲအောက်ကို လိမ့်ထွက်သွားတဲ့ ဆေးထိုးအပ်ကို ပြန်ကောက်ယူကာ ဆေးထိုးအပ်ကို ထောင်ပြလိုက်တဲ့အခါ ဦးငယ်ရော၊ မယဥ်မွှေးပါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ဖေဖေ့လုံခြုံရေးအတွက် တင်းကျပ်ဖို့ လိုလာပြီ။ ဖေဖေ့ကို ဒီနေရာမှာ ဆက်ထားရင် ဘယ်လိုမှ မလုံခြုံနိုင်တော့မှန်း စေရာ မှန်းဆကြည့်သည်။ ဖေဖေ့ကို ဆေးရုံမှာ ဆက်မထားတော့ဘဲ အိမ်ကိုပဲ ပြောင်းရွှေ့ပြီး ဆေးကုသပေးဖို့ ဆုံးဖြတ်လိုက်သည်။ တာဝန်ယူထားတဲ့ ဆရာဝန်ကြီးနဲ့ တိုင်ပင်ဆွေးနွေးဖို့၊ လူဆိုးကောင်ကိစ္စကို စုံစမ်းဖို့အတွက်ပါ စေရာသည် ကုမ္ပဏီကို မသွားနိုင်တော့ဘဲ ဆေးရုံရဲ့တစ်နေရာကို ထွက်လာလိုက်သည်။
"ဘာ.. အဲ့ဒီအပိုင်းတွေက လုံးဝ မရှိဘူးဟုတ်လား၊ အဲ့ဒါဆို ဖြတ်ချခံလိုက်ရတာပေါ့"
"ဟုတ်ပါတယ်၊ ခင်ဗျားပြောတဲ့ အချိန်လောက်က ခင်ဗျားပြောတဲ့ နေရာတွေမှာ CCTV မှတ်တမ်းတွေ ရိုက်ကူးထားတာ မရှိပါဘူး"
JE LEEST
ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာ
Romantiekအချစ်နဲ့လား .. ဆုံတွေ့ချင်တာပေါ့။ ဒါပေမဲ့ .. အချစ်နဲ့ တွေ့ဆုံဖို့ ကျွန်တော့်လိပ်ပြာက ညစ်ပတ်လွန်းတယ်။