အခန်း ၁၁

579 43 0
                                    

[Unicode]
ညွှန်းစေရာက မနုဿကို စူးစိုက်ကြည့်ကာ အလိုမကျသလို မျက်နှာပေးနဲ့ မျက်ခုံးတွေကို တွန့်ကွေးပြပြီးတော့ အရှေ့က ထွက်သွားသည်။ မနုဿလည်း သူ့အနောက်ကနေ ကပ်လိုက်သွားသည်။ ကုန်တိုက်အရှေ့မှာ ညွှန်းစေရာက ကားလမ်းကို ဖြတ်ကူးတော့မည့်ဆဲဆဲ။ အဲ့ဒီအခိုက်အတန့်မှာပဲ ကားလမ်းမကြီးပေါ်ကနေ အရှိန်အတော်ပြင်းပြင်းနဲ့ မောင်းလာနေတဲ့ ဆိုင်ကယ်တစ်စီးက ညွှန်းစေရာဆီကို ဦးတည်ပြီး တည့်တည့်ကြီး မောင်းလာနေတာကို မနုဿ လှမ်းမြင်ရသည်။ ဆိုင်ကယ်က Yamaha အမျိုးအစား။

ဆိုင်ကယ်မောင်းသူက Helmet အနက်ရောင်ကို မျက်နှာမမြင်အောင် ဆောင်းထားကာ ဝတ်စားထားတဲ့ အင်္ကျီကလည်း ချိုင်းပြတ်မို့ လက်မောင်းနှစ်ဖက်မှာ ထိုးထားတဲ့ တက်တူးတွေကို အထင်သားမြင်နေရသည်။ ဆိုင်ကယ်သမားရဲ့မျက်နှာကို ပုံဖမ်းမရပေမယ့် လက်မောင်းနှစ်ဖက်က တက်တူးတွေကို မနုဿ မြင်ဖူးသည်။ မနုဿရင်ထဲမှာလည်း ညွှန်းစေရာအတွက် စိုးရိမ်စိတ်ကလေးက အလုံးအရင်းနဲ့ ဝင်ရောက်သွားရသည်။

"CEO"

"ဧကန်"

"အင့်!"

မနုဿသည် အလျင်အမြန်ပဲ အနောက်ဘက်ကနေ ညွှန်းစေရာရဲ့လက်တစ်ဖက်ကို  ဆောင့်ဆွဲပစ်လိုက်သည်။ အဲ့ဒီလူက ဟန်ချက်ပျက်ပြီး လည်ထွက်သွားတာမို့ သူ့ခန္ဓာကိုယ်က မနုဿအပေါ်ကို ပြိုလဲကျလာကာ နှစ်ဦးစလုံး မြေကြီးပေါ်ကို ဝုန်းခနဲနေအောင် ပစ်လဲကျသွားသည်။ မနုဿသည် မြေကြီးပေါ် ပစ်လဲအကျမှာ အောက်ဘက်ရောက်နေတာမို့ ကိုယ့်ကျောပြင်က အောင့်ခနဲ ခံစားလိုက်ရသည်။ ထပ်ပြီးတော့ ညွှန်းစေရာကလည်း ကိုယ့်အပေါ်ပဲ တည့်တည့်ကြီး ထပ်ပြိုလဲကျလာပြန်တော့ မနုဿမှာ ကျောအောင့်ရင်အောင့် ခံစားချက်ကြီးနဲ့ ချက်ချင်းကြီးတော့ ပြန်ကောက်မထနိုင်သေးတာ။

*ဗျင်း.. ဗျင်း.. ဗျင်း..*

"ဟင်! ဒီကောင်"

ဆိုင်ကယ်က အရှိန်ပြင်းပြင်းနဲ့ ပြန်ကွေ့ဝိုက်လာကာ ဒုတိယတစ်ချီပါ ညွှန်းစေရာဆီကို ဦးတည်ပြီး ပြန်တိုက်ခိုက်လာတဲ့အခါ မနုဿသည် မျက်လုံးတွေကို ပြာဝေထွက်သွားကာ အောက်အရပ်ကနေပဲ ညွှန်းစေရာရဲ့ကျောပြင်ကို လက်နှစ်ဖက်နဲ့ ကျစ်နေအောင် သိမ်းပြီး ဖက်တွယ်ယူကာ ခန္ဓာကိုယ်ကို မြေပြင်ပေါ် လိမ့်နေအောင် တစ်ပတ်လှိမ့်ချလိုက်ရသည်။ နှစ်ဦးစလုံးက ဆိုင်ကယ်အန္တရာယ်က လွတ်မြောက်သွားပြန်သည်။ မနုဿသည် မြေပြင်ပေါ်ကို ပြန်အကျမှာ အားယူပြီး ခေါင်းကိုထောင်လိုက်ကာ အဲ့ဒီဆိုင်ကယ်ကို စူးစူးရဲရဲနဲ့ ကြည့်လိုက်သည်။ ဆိုင်ကယ်သမားက အခုအခြေအနေကို သဘောပေါက်သလို ရှိတာမို့ ပြန်လှည့်မလာတော့ဘဲ တစ်ချိုးတည်း မောင်းပြေးသွားသည်။

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now