အခန်း ၂၄

642 37 2
                                    

[Unicode]
မနက်စာစားပြီး သိပ်မကြာမီ ညွှန်းစေရာက ကုမ္ပဏီကို ထွက်သွားသည်။ ဦးငယ်ကတော့ ပြခန်းကိုပိတ်ထားကာ အိမ်မှာပဲ အနားယူနေသည်။ မနုဿသည် အပြင်ထွက်ဖို့ ပြင်ဆင်ပြီးတာနဲ့ ကိုယ့်အတွက်ဝယ်ထားပေးသော Tesla ကားသစ်ကြီးရဲ့ကားသော့ကို ကောက်ဆွဲယူကာ အိမ်အောက်ထပ်ကို ပြေးဆင်းလာလိုက်သည်။ ကားကို Stand ကနေ မောင်းထွက်လာချိန်တွင် ဖေဖေတို့ကို အိမ်ရှေ့မြက်ခင်းပြင်မှာ လှမ်းမြင်လိုက်ရသည်။

ဖေဖေသည် ချိုင်းထောက်ကိုလွှတ်ပြီး လမ်းလျှောက်လေ့ကျင့်နေသည်။ မေမေက ဖေဖေ့လက်မောင်းကို ဆုပ်ကိုင်ကာ အနားကနေ ဖေးမတွဲကူပေးနေသည်။ မနုဿက အဲ့ဒီဘေးကနေ ကားကို ဖြတ်အမောင်းမှာ ဖေဖေနှင့်မေမေလည်း မနုဿကို လှမ်းကြည့်လာကြသည်။ မနုဿလည်း အနီးအနားမှာ ကားကို ထိုးရပ်ပေးလိုက်ကာ ကားပေါ်က ဆင်းသွားပေးလိုက်သည်။

"သားငယ် ပီချူး အပြင်သွားတော့မလို့လား၊ ဘယ်သွားမလို့လဲ သား၊ တစ်ခုခုဆို ဖေဖေတို့လည်း သိရတာပေါ့"

"လူတစ်ယောက်ကို သွားရှာမလို့ပါ"

"ရာစုသစ်ရဲ့တပည့်လား၊ ဟိုနေ့တုန်းက သားအစ်ကိုပြောတာတော့ မှော်ရုံတောမှာ သွားရှာခဲ့ကြတယ်ဆို"

"ဟုတ်၊ သူ ကျွန်တော့်ကို ကယ်ပေးခဲ့လို့ သစ္စာဖောက်အဖြစ် အပြစ်ပေးခံရတယ်၊ သေသလား ရှင်သလားတောင် မသိရလို့၊ သေချာသိရဖို့ သွားစုံစမ်းရမယ်"

"ဖေဖေကတော့ ရာစုသစ်တို့ အသိုင်းအဝိုင်းနဲ့ ပြန်မပတ်သက်စေချင်ဘူး၊ ဒုစရိုက်အလုပ်တွေကို လုပ်နေတဲ့ကောင်တွေ မဟုတ်လား၊ သားအတွက် အန္တရာယ်ရှိလာမှာကို ဖေဖေစိုးရိမ်လို့၊ သားကို ကယ်တင်ပေးခဲ့တယ်ဆိုပေမဲ့ ဖြစ်နိုင်ရင် အဲ့ဒီလူကို လိုက်မရှာစေချင်ဘူး"

"ကိုယ့်ကြောင့် သေသလားရှင်သလားတောင် မသိရတဲ့လူလေဗျာ၊ ကျွန်တော်ကတော့ မျက်နှာမလွှဲထားနိုင်ဘူး၊ သူ့ကိုလိုက်ရှာမှ ဖြစ်မယ်"

"အဲ့ဒါက သားအတွက် အန္တရာယ်ရှိလို့ ပြောနေတာ"

"အဲ့ဒီလူလည်း အန္တရာယ်တွေကြားက ကျွန်တော့်ကို လာကယ်ခဲ့တာ၊ စိတ်မပူပါနဲ့၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်၊ ပြီးတော့ အရင်ကကိစ္စတွေအတွက်လည်း ဖေဖေ့ကို တောင်းပန်ပါတယ်"

ရင်ငွေ့ဖြင့် ဖွဲ့သီသော တိမ်တိုက်တို့၏ ဆုံမှတ်နေရာWhere stories live. Discover now